
- By CNI
- Category: အားကစား
- Hits: 668
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄
မန်စီးတီးအသင်းကို အရေးနိမ့်ပြီး နာရီပိုင်းအကြာမှာ မွေးနေ့ပါတီပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ရပ် ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော် ဒါကိုသိတဲ့အတွက် ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ရက်ရှ်ဖို့ဒ်နဲ့ စကားပြောခဲ့ပါတယ်။ ဒါက လက်ခံနိုင်စရာ မရှိဘူးလို့ ကျနော်သူ့ကို ပြောခဲ့ပါတယ်။ သူက တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်”လို့ ဖူလ်ဟမ်အသင်း နဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီပါတီပွဲကို ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပေမယ့် အသင်းရလဒ် ဆိုးနေတဲ့အချိန်မှာ သွားရောက်ခဲ့တာ ကြောင့် နည်းပြ အဲရစ်တန်ဟတ်က စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးကို ဒဏ်ကြေးငွေ ချမှတ်ခြင်း ရှိ/မရှိကို ဒတ်ချ်လူမျိုးနည်းပြက ဖြေဖို့ ငြင်းဆန်ခဲ့ပြီး ဒါက ကလပ် အတွင်းပိုင်းကိစ္စလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ကို ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ခဲ့တာက စည်းကမ်းပိုင်းဆိုင်ရာကြောင့်လို့ နည်းပြက အတည်ပြုခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အသင်းအစည်းအဝေး နောက်ကျခဲ့လို့ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာပါ။
ဒါပေမယ့် အသက် ၂၆ နှစ်အရွယ်ရှိ ကစားသမားဟာ လူစားဝင် ရောက်လာပြီး ယူနိုက်တက်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၃၀ သွင်း ယူနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးပုံစံကို ရရှိခဲ့ပေ မယ့် ဒီရာသီမှာတော့ ပုံမှန်ခြေစွမ်းအောက် ရောက်နေပြီး ၁ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ကတော့ ပြီးခဲ့တဲ့ဇူလိုင်လကမှ ယူနိုက်တက်အသင်းနဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ချုပ် ဆိုခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အကောင်းဆုံး ပုံစံတွေနဲ့အတူ ပြန်လာနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 747
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
ချယ်လ်ဆီးအသင်း နည်းပြအဖြစ်နဲ့ အသင်းဟောင်း စပါးအသင်းကို ရင်ဆိုင်ဖို့ လာရောက်မယ့် နည်းပြ ပိုချက်တီနို ကို လေးစားမှုပြသဖို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။
ပိုစတီကိုဂလူးက “ပိုချက်တီနိုဟာ စပါးအသင်းအပေါ်မှာ မယုံနိုင်လောက်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ ကို သံသယဖြစ်စရာ မရှိပါဘူး။ သူဟာ ချန်ပီယံလိဂ်နဲ့ အမှတ်ပေးဖလား ရယူနိုင်ဖို့အတွက် နီးစပ်တဲ့ အနေအထား ထိ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ အလုပ်အပေါ် မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒီကလပ်၊ ပရိသတ်တွေ ဒါမှမဟုတ် ကလပ်နဲ့ နီးစပ်တဲ့သူတွေဆီကနေ ပိုချက်တီနိုကို လေးစားဖို့ မျှော်လင့်ပါ တယ်”လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုဟာ စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အသင်းဟောင်း အိမ်ကွင်းကို ပြန်လည် လာရောက်ရမှာပါ။
စပါးအသင်းကို ပိုချက်တီနို ကိုင်တွယ်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် လအနည်းငယ်အကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပိုချက်တီ နိုကို တွေ့ရစဉ်
အာဂျင်တီးနား လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက စပါးအသင်းထံ ပြန်လာဖို့ နီးစပ်ခဲ့တာပါ။
ဒါပေမယ့် ပိုချက်တီနိုဟာ စပါးအသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ရွေးချယ်ခဲ့ပြီး စပါးအသင်းကလည်း ဆဲလ်တစ်အသင်းနည်းပြ ပိုစတီကိုဂလူးကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ နည်းပြ ပိုစတီကိုဂလူး လက်ထက်မှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
ချယ်လ်ဆီးအသင်းကတော့ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၅၀ သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့ပေမယ့် ဒဏ်ရာနှိပ်စက်မှုတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၃ ပွဲသာ ရရှိထားပြီး အဆင့် ၁၁ နေရာ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် လုပ်နိုင်မယ်ဆိုတာ သံသယမရှိဘူးလို့ ပြောခဲ့ပါတယ်။
Source: Besoccer

- By CNI
- Category: အားကစား
- Hits: 501
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
လီဗာပူးလ်ကြယ်ပွင့် လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ဟာ ကိုလံဘီယာမှာ ပြန်ပေးဆွဲခံခဲ့ရပြီးနောက် သူ့ကို ဖမ်းဆီးထားတဲ့ သူပုန်အဖွဲ့ရဲ့ ကိုယ်စားလှယ်တစ်ဦးက ကစားသမားရဲ့ ဖခင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့ ပြောခဲ့ ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်နဲ့ မိခင်တို့ဟာ ပြီးခဲ့တဲ့အပတ်က လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
လီဗာပူးလ်ကစားသမားရဲ့ မိခင်ဟာ နာရီပိုင်းအကြာမှာ ပြန်လည်လွတ်မြောက် လာခဲ့ပေမယ့် ဖခင်ဖြစ်သူကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ကိုလံဘီယာအစိုးရဟာ လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူကို ELN လို့ ခေါ်ဝေါ်တဲ့ လက်ဝဲသူပုန်တွေက ပြန်ပေးဆွဲခဲ့ တယ်လို့ နိုဝင်ဘာလ ၂ ရက်က ကြေညာခဲ့ပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ELN နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ်
ဒီဆွေးနွေးပွဲမှာ ဦးဆောင်သူ ပါတီနိုက လူးဝစ်ဒီယက်ဇ်ရဲ့ဖခင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ELN ကို တောင်းဆို ထားပြီး သူ့ရဲ့ အသက်အန္တရာယ်ကို လုံခြုံအောင်ပြုလုပ်ဖို့က သူတို့ဘက်မှာသာ လုံးဝတာဝန်ရှိတယ်လို့ ပြောခဲ့ ကြောင်း သတင်းမှာ ဖော်ပြထားတာပါ။
ELN ဘက်က ကိုယ်စားလှယ်တစ်ဦးကတော့ ဘောလုံးသမားရဲ့ဖခင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့ ပြောခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ လူးဝစ်ဒီယက်ဇ်ရဲ့ ဖခင်ကို ဆက်လက် ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဖမ်းဆီးခံရတဲ့သူနဲ့ ပတ်သက် တဲ့ သတင်းအချက်အလက် ပေးပို့လာတဲ့ သူတွေကို ဆုကြေးငွေ ပေါင် ၃၉,၀၀၀ ပေးသွားမယ်လို့ ကြေညာထားပါ တယ်။
လူးဝစ်ဒီယက်ဇ်ကတော့ ဖခင်ဖြစ်သူကို ဘေးကင်းစွာ လွတ်မြောက်ဖို့ တောင်းဆို ချီတက်တဲ့ပွဲတွေမှာ ပါဝင်ပေးကြ ဖို့ တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ ဒီအခြေအနေတွေကြောင့် လီဗာပူးလ်အသင်း လူစာရင်းကနေ ထွက်ခွာထားပြီး အသင်းရဲ့ ပွဲစဉ် အချို့ကို ဆက်ပြီးလွဲချော်ဖို့ ရှိနေတာပါ။
၂၀၂၂ ခုနှစ်က ပေါ်တိုအသင်းကနေ ရောက်ရှိလာတဲ့ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၅၈ ပွဲ ပါဝင် ကစားထားပြီး ၁၄ ဂိုး သွင်းယူထားပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 728
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က တိုက်စစ်မှူး ဘတ်ပီအနေနဲ့ အနာဂတ်မှာ ဘောလွန်းဒီအောဆုကို ရယူချင်တယ်ဆိုရင် ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်အောင် ဦးဆောင်ပေး ရမယ်လို့ ပြောလိုက်ပါတယ်။
အင်းနရစ်က “ဘောလွန်းဒီအောကို ရဖို့အတွက်ဆိုရင် ဘတ်ပီအနေနဲ့ အလွန်ကောင်းမွန်တဲ့ တစ်ဦးချင်း စွမ်းဆောင်မှုအပြင် ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဆုဖလားတွေ ရယူပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ပီအက်စ်ဂျီအသင်းမှာ ဆုဖလားတွေရယူနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်နေသလို ဘတ်ပီကလည်း နိုင်ငံအသင်းမှာ ဒီလိုမျိုးလုပ်ဆောင်မှာပါ။ ဘတ်ပီဟာ ဘောလွန်းဒီအောဆု အများအပြားကို ရယူနိုင်မယ်ဆိုတာ သေချာတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းနဲ့အတူ လာမယ့်နှစ်တွေမှာ ဘောလွန်းဒီအောဆုကို ရယူနိုင် မယ့်သူအဖြစ် အားလုံးရဲ့ သတ်မှတ်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ဒုတိယနေရာသာ ရအောင် စွမ်းဆောင်ပေးခဲ့သလို ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့လို့ ဘောလွန်းဒီအော ဆုနဲ့ ဝေးခဲ့တာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆု ပေးပွဲမှာ မက်ဆီ၊ ဟာလန်းတို့ရဲ့နောက် တတိယနေရာမှာသာ ရပ်တည် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်း နည်းပြကတော့ ဒီဆုဟာ ဘတ်ပီရဲ့ လက်ထဲကို ရောက်ရှိမယ်ဆိုတာ သေချာပေမယ့် အောင်မြင်မှု ရယူဖို့အတွက် လုပ်ဆောင်ရမယ့် အရာတွေရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက နိုက်စ်အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုတွင်းကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 885
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃
ဘာမင်ဂမ်အသင်းကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်နီက အသင်းဟောင်း ယူနိုက်တက်အသင်းက ကစားသမားတွေကို ဝေဖန်လိုက်ပြီး နည်းပြအပေါ် တိုးလာတဲ့ဖိအားတွေအတွက် တာဝန်အများကြီး ယူသင့်တယ်လို့ ပြောလိုက်ပါ တယ်။
ဝိန်းရွန်နီက “ကစားသမားတွေကလည်း အသင်းရလဒ်ဆိုးတွေကို တာဝန်အများကြီး ယူရမယ်လို့ ကျနော်ထင်ပါ တယ်။ အဲ့ဒီမှာရှိတဲ့ ကစားသမားတွေကို ကျနော်သိပြီး သူတို့တွေဟာ သူတို့လုပ်နိုင်တဲ့ အဆင့်အထိ ရောက်အောင် တောင် မစွမ်းဆောင်နိုင်ပါဘူး။ နောက်ဆုံးမှာတော့ နည်းပြနဲ့ စတင်ပြီး နည်းပြနဲ့ပဲ အဆုံးသတ်ရတာပါ။ ဒါက နည်းပြဖြစ်ခြင်းရဲ့ အစိတ်အပိုင်းပါပဲ။ ကစားသမားတွေဟာ နည်းပြအတွက် လက်ရှိလုပ်နေတာထက် အများကြီး ပိုလုပ်ပေးနိုင်မယ်လို့ထင်ကြောင်း”ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ရဲ့ ရာထူးဟာ ပိုပြီးလှုပ်ခတ်လာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီလို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပေမယ့် ကလပ်ဘက်ကတော့ ဒီသတင်းတွေကို ပြန်ပြီးငြင်းဆန်ခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားတွေကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားအပြီးမှာ ၈ ပွဲအထိ ရှုံးနိမ့်ထားခဲ့တာကြောင့် ၁၉၆၂-၆၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီ စတင်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်နီကတော့ ဖိအားတွေအောက် ကျရောက်နေတဲ့ နည်းပြ အဲရစ်တန်ဟတ်ကို ကာကွယ် ခဲ့ပြီး ကစားသမားတွေကလည်း ပြဿနာအဖြစ် ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
ဝိန်းရွန်နီက “ဒါက အလုပ်ရဲ့ အစိတ်အပိုင်းတွေပါ။ ကျနော်လည်း ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ချိန်မှာ ဖိအားတွေ အများကြီး ရှိတယ်ဆိုတာကို သိတာကြောင့် အဲရစ်တန်ဟတ်လည်း ယူနိုက်တက်အသင်းမှာ ဒါကို သိမယ်ဆိုတာ သေချာပါတယ်။ ဒီအရာတွေက သူတို့လိုချင်သလို ဒါမှမဟုတ် သူတို့မျှော်လင့်ထားသလို ဖြစ်မလာ ပါဘူး”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နိုဝင်ဘာ ၄ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 617
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းက အခုရရှိထားတဲ့ ဒဏ်ရာဟာ သူ့ရဲ့ကစားသမားဘဝမှာ အပြင်းထန်ဆုံး ဖြစ်ပြီး များပြားလှတဲ့ ဘောလုံးပွဲစဉ် အချိန်ဇယားတွေကြောင့် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒီဘရိုင်းက “ဒီလို ပြင်းထန်တဲ့ ဒဏ်ရာမျိုး တစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ ဘန်လေနဲ့ ပွဲအပြီး စကန်ဖတ် စစ်ဆေးမှု တွေအရ အားလုံးက ကျနော့်ကို ခွဲစိတ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ကျနော် အခု အလွန်ကောင်းမွန်နေပြီး အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ ဒါပေမယ့် ဘယ်အချိန်မှာ ဘောလုံးပြန်ကစားနိုင်မလဲ ဆိုတာတော့ သူတို့ဘက်က အတိအကျ မပြောသေးပါဘူး။ ဒါက ပွဲစဉ်တွေ ဆက်တိုက် ကစားတာကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာပါလို့ HBVL ကို ပြောခဲ့ပါတယ်။
ဒီဘရိုင်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားထားပြီး သြဂုတ်လလယ်ကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ မန်စီးတီးအသင်းက အင်တာမီလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ဒဏ်ရာကြောင့် ပွဲကစားချိန် အစောပိုင်းမှာတင် လူစားလဲ ခံခဲ့ရတာပါ။
ဒီဘရိုင်းကို တွေ့ရစဉ်
ဒီဘရိုင်းကတော့ သူ့ရဲ့ဒဏ်ရာဟာ ရာသီတိုင်းမှာ ပွဲအများအပြား ကစားရတာကြောင့်လို့ ယုံကြည်နေပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဒီဘရိုင်း မပါဝင်ဘဲ ရလဒ်ကောင်းတွေ ရရှိအောင် ကစားနေပြီး ဘယ်လ်ဂျီယံ ကစားသမားနဲ့ မန်ချက်စတာကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်မှ ကုန်ဆုံးမှာပါ။
လက်ရှိအချိန်မှာ ဒီဘရိုင်းကို ခေါ်ယူဖို့ ရော်နယ်ဒို ကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်စီးတီးအသင်းကတော့ အခုနောက်ပိုင်းမှာ ဒဏ်ရာတွေ ဆက်တိုက်ရနေတဲ့ ဒီဘရိုင်းကို စာချုပ်သစ် မချုပ်ဘဲ ထွက်ခွာခွင့်ပေးဖွယ် ရှိနေတာပါ။
၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီး အသင်းအတွက် ၃၅၈ ပွဲ ပါဝင် ကစားထားပြီး ၉၆ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ကာရာဘောင်းဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 404
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီး ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် သူ့ကိုယ်သူ စိတ်ပျက်မိပြီး ဒီအတွက် သူ့ကိုအပြစ်တင်ရမှာလို့ ပြောလိုက်ပါတယ်။
အာတီတာက “ ကျနော် အရမ်းစိတ်ပျက်မိပါတယ်။ ဒီအတွက် ကျနော် တာဝန်ယူပါတယ်။ ကျနော်တို့ဟာ ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။ ကျနော်တို့ဟာ မတူညီတဲ့ပုံစံနဲ့ ကစားချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ကျနော် ကိုယ့်ကိုယ်ကို စိတ်ပျက်မိပြီး ရှုံးနိမ့်တဲ့အချိန်တိုင်း နာကျင်မှုတွေကို ခံစားရပါတယ်။ ဒီရှုံးနိမ့်မှုနဲ့ နာကျင်မှုကို အသုံး ပြုပြီး လာမယ့်ပွဲအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ပြင်ဆင်သွားမယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲက ပွဲထွက်လူစာရင်းကို ၆ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒီကလန်ရိုက်စ်၊ ဆာကာနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်တို့ကို လူစားလဲအဖြစ်သာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ကာရာဘောင်းဖလား စတုတ္ထအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
အာဆင်နယ် ကစားသမားတစ်ဦးကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ အလွန်ကောင်းမွန်တဲ့ အသင်းလိုက် စွမ်းဆောင်ရည်လို့ အာဆင်နယ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒေးဗစ်မိုယက်စ်က “ဒီပွဲမှာ ရှေ့တန်းကစားသမားတွေဟာ ကောင်းမွန်တဲ့ အလုပ်လုပ်နိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း တကယ်ကို ကောင်းမွန်ခဲ့တာပါ။ အာဆင်နယ်အသင်းနဲ့ ပွဲမှာ ကျနော်တို့ နိုင်ပွဲရခဲ့ပေမယ့် ဆုဖလားတော့ မရသေး တဲ့အတွက် ဒီထက်ပိုပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်၊ ဝက်စ်ဟမ်းအသင်းက ဘရန်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 483
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂
နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ယူနိုက်တက် အသင်းရဲ့ရှုံးနိမ့်မှုအတွက် တာဝန်ယူတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဒီရှုံးပွဲအတွက်တာဝန်ယူရမှာဖြစ်သလို ကျနော်လည်း တာဝန်ယူရမှာပါ။ ပရိသတ်တွေအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ဟာ စံချိန်စံနှုန်းတွေ အောက်ရောက်နေတဲ့အတွက် ဒါကို မှန်ကန်အောင်ပြန်ပြီးလုပ်ရပါမယ်။ ကျနော်တို့ရဲ့ စံချိန်စံနှုန်းတွေကို မြှင့်တင်ရပါမယ်။ ကစားသမားတွေလည်း ကြိုးစားပေမယ့် မလုံလောက်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒီအတွက် ကျနော့်မှာတာဝန်ရှိပြီး၊ ကျနော်တို့အားလုံးအတူတကွလုပ်ဆောင်ရမှာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးအသင်းကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် အိမ်ကွင်း ၂ ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၁၉၆၂-၆၃ နောက်ပိုင်း ပထမဆုံးအကြိမ် ရာသီအစ ၁၅ ပွဲမှာ ၈ ပွဲအထိရှုံးပွဲကြုံတွေ့ထားတာဖြစ်သလို ၁၉၃၀-၃၁ နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်း ၁၀ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ယူနိုက်တက်အသင်းအတွက်တော့ ရာသီအစဆိုးရွားတဲ့ရလဒ်တွေနဲ့အတူ စံချိန်မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ကတော့ အသင်းရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့် နည်းပြကို မေးခွန်းထုတ်စရာတွေရှိလာတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အန်ဒီကိုးလ်က “လူတွေက အိုးထရက်ဖိုဒ့်ကို လာတာနဲ့ ယူနိုက်တက်ကို အနိုင်ယူနိုင်တယ်လို့ ထင်နေကြပါတယ်။ လာမယ့်နှစ်ပွဲမှာသာ ရလဒ်တွေမကောင်းခဲ့ဘူးဆိုရင်တော့ အဲရစ်တန်ဟတ်အပေါ် ပရိသတ်တွေရဲ့ သဘောထားက မြန်မြန်ဆန်ဆန်ပြောင်းလဲသွားနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 711
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
နိုဝင်ဘာလထဲကစားမယ့် အစ္စရေးအသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် ၂ ပွဲကို ဟန်ဂေရီနိုင်ငံမှာကျင်းပသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ကြေညာလိုက်ပါတယ်။
အစ္စရေး-ဟားမာ့စ် ပဋိပက္ခကြောင့် ပြီးခဲ့တဲ့လက အစ္စရေးနိုင်ငံမှာကစားဖို့ ရှိနေတဲ့ ပွဲစဉ်တွေအားလုံးကို UEFA က ရွှေ့ဆိုင်းခဲ့တာပါ။ အစ္စရေးအသင်းဟာ နိုဝင်ဘာ ၁၅ ရက်မှာကစားမယ့် ဆွစ်ဇာလန်၊ ၁၈ ရက်မှာကစားမယ့် ရိုမေးနီးယားအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဟန်ဂေရီနိုင်ငံရှိ ပန်ချိုအရီနာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကို ပရိသတ်တွေ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ရမှာဖြစ်တယ်လို့ UEFA က ပြောထား တာပါ။
အစ္စရေးအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု I မှာ ၆ ပွဲကစားထားပြီး ရမှတ် ၁၁ မှတ်နဲ့ အုပ်စုတွင်း တတိယ နေရာမှာ ရပ်တည်နေတာပါ။ အစ္စရေးအသင်းဟာ ဆွစ်ဇာလန်၊ ရိုမေးနီးယားအသင်းတို့နဲ့ ပွဲစဉ်မတိုင်ခင် နိုဝင်ဘာ ၁၂ ရက်မှာ ကိုဆိုဗိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အစ္စရေးအသင်းဟာ အုပ်စုတွင်း အနေ အထားအရ ယူရို ၂၀၂၄ ပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးရှိနေသလို ပလေးအောဖ့်အဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရနိုင်တဲ့ အချက်လည်း ရှိနေတာပါ။
အစ္စရေးအသင်းဟာ ယူရိုပြိုင်ပွဲကို တစ်ကြိမ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းမရှိသေးဘဲ အဓိက ပြိုင်ပွဲတွေဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၇၀ က ၁ ကြိမ်နဲ့ ဥရောပတိုက်ထဲမဝင်ရောက်ခင် အာရှဖလားပြိုင်ပွဲကို ၄ ကြိမ်အထိ ယှဉ်ပြိုင်ဖူးတဲ့ မှတ်တမ်းတွေရှိတာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 543
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁
ဘရာဇီးလ်သမ္မတ လူလာက နိုင်ငံမှာရှိတဲ့ ကစားသမားတွေ အနေနဲ့ ဘောလွန်းဒီအော ရယူချင်တယ်ဆိုရင် မက်ဆီကို စံနမူနာယူကြဖို့ ပြောလိုက်ပါတယ်။
လူလာက “မက်ဆီဟာ ဘရာဇီးလ် ကစားသမားတွေအတွက် စံနမူနာဖြစ်သင့်ပါတယ်။ သူဟာ ကမ္ဘာ့ချန်ပီယံ၊ ဘောလွန်းဒီအောနဲ့ အရာအားလုံးကို ရယူထားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဒီမှာရှိတဲ့ ကလေးတွေအတွက် လှုံ့ဆော်မှုဖြစ်ဖို့ လိုအပ်ပါတယ်။ ဘောလွန်းဒီအောကို ရယူချင်တဲ့သူတိုင်းဟာ သူတို့ကိုယ်သူတို့ ပရော်ဖက်ရှင်နယ် ဖြစ်ဖို့ လိုအပ်ပါတယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
သမ္မတလူလာဟာ ဘရာဇီးလ်နဲ့ အာဂျင်တီးနား နှစ်နိုင်ငံကြား ကာလရှည်ကြာ ပြိုင်ဆိုင်မှုကို လျစ်လျူရှုခဲ့ပြီး မက်ဆီကို ချီးကျူးမှု ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။
ကာကာကို တွေ့ရစဉ်
ဒါ့အပြင် ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ ကစားသမားတွေအနေနဲ့ မက်ဆီရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ကြည့်ရှုဖိုလည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။
ဘရာဇီးလ်နိုင်ငံဟာ နာမည်ကြီး ဘောလုံးသမား အများအပြား ထွက်ပေါ်ပေမယ့် ဘောလွန်းဒီအောဆုကို ၂၀၀၇ ခုနှစ်က ကာကာ ရယူပြီးနောက်ပိုင်း တစ်ဦးမှ ရယူနိုင်ခြင်း မရှိတော့ပါဘူး။
နေမာဟာ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ် ဘောလွန်းဒီအောဆုပေးပွဲတွေမှာ တတိယနေရာ ရခဲ့ပြီး ဒီဆုကို ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် နေမာဟာ မကြာခဏ ဒဏ်ရာကြောင့် အနားယူနေရပြီး အပျော်အပါး မက်တာကြောင့် နောက်ပိုင်းမှာ ဘောလွန်းဒီအော ဆန်ကာတင် စာရင်းထဲမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။
လက်ရှိအချိန်မှာလည်း နေမာဟာ ဒဏ်ရာကြောင့် အခုရာသီအကုန်ထိ အနားယူရဖွယ် ရှိနေပါတယ်။
ဘောလွန်းဒီအောဆုကို ဘရာဇီးလ် ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုက ၂ ကြိမ်၊ ရော်နယ်ဒင်ဟို၊ ကာကာနဲ့ ရီဗယ်လ်ဒိုတို့က ၁ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal