CNI Sport News

 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁

အယ်လ်နာဆာအသင်းကို နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်နေတဲ့ ပိုင်အိုလီဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်မှာ အယ်လ်နာဆာအသင်းက အယ်လ်အက်တီဖတ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် ရော်နယ်ဒိုက ၁ ဂိုး သွင်းယူခဲ့ပါတယ်။ 

အယ်လ်နာဆာအသင်းဟာ နည်းပြဟောင်း ကတ်စထရိုကို ထုတ်ပယ်ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းကမှ အေစီမီလန် အသင်းကို ၂၀၂၂ ခုနှစ်က စီးရီးအေဖလားရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ ပိုင်အိုလီကို နည်းပြသစ်အဖြစ် ခန့်အပ် ခဲ့တာပါ။

အယ်လ်နာဆာအသင်းဟာ ဒီရာသီအစ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပေမယ့် နည်းပြသစ် ပိုင်အိုလီ ပထမဆုံးကိုင်တွယ်တဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အယ်လ်ရှောတာအသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရရှိတဲ့ ပင်နယ်တီကနေ အယ်လ်နာဆာအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။ 

နည်းပြသစ် ပိုင်အိုလီကို တွေ့ရစဉ်

ဒီဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းယူတဲ့ တတိယမြောက်သွင်းဂိုးလည်း ဖြစ်ခဲ့ပါ တယ်။ အယ်လ်နာဆာအသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို အယ်လ်နာချ်ဒီနဲ့ တာလီစကာတို့က သွင်းယူ ခဲ့တာပါ။ 

စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အက်တီဖတ်အသင်းဟာ အယ်လ်နာဆာအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်အက်တီဖတ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အယ်လ်နာဆာအသင်းက အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။

အယ်လ်နာဆာအသင်းဟာ လာမယ့်အပတ်မှာ အယ်လ်ဝါဒါအသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်၊ အယ်လ်ရေယန် အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN