
- By CNI
- Category: အားကစား
- Hits: 649
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
အခုနှစ်ထဲမှာ ဂရမ်းဆလမ်းဆုဖလား ၃ ခုနဲ့ ATP Finals ဆုဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်က ၂၀၂၄ ခုနှစ်ထဲမှာ Golden Slam ရယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောလိုက်ပါတယ်။
ဂျိုကိုဗစ်က “လာမယ့်နှစ်မှာ အိုလံပစ် ရွှေတံဆိပ်ဆုနဲ့ ဂရမ်းဆလမ်းဆုဖလား ၄ ခုကို ရယူနိုင်ပါတယ်။ ကျနော်ဟာ အမြဲတမ်း အမြင့်ဆုံး ရည်မှန်းချက်တွေနဲ့ ပန်းတိုင်အဖြစ် သတ်မှတ်ထားတဲ့ အရာတွေရှိပါတယ်။ အဲ့ဒါက နောက်နှစ်အတွက် မတူညီနိုင်ပါဘူး။ ကျနော့်ခန္ဓာကိုယ်က ကျနော့်စကားကို ကောင်းမွန်စွာ နားထောင်ပါတယ်။ အားကစားမှာရှိတဲ့ အကြီးကျယ်ဆုံး ပြိုင်ပွဲတွေအတွက် စိတ်အားထက်သန်မှုက အခုထိရှိနေတုန်းပါပဲ။ အဲ့ဒါက ကျနော်ရှေ့ဆက်သွားနိုင်ဖို့ တွန်းအားပေးနေတာ”လို့ ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ နိုဝင်ဘာ ၁၉ ရက်က စင်နာကို အနိုင်ယူပြီး ATP Finals ချန်ပီယံဆုကို စံချိန်တင် ၇ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ တင်းနစ်တစ်ဦးချင်း အဆင့်မှာ ရွှေတံဆိပ် ရယူချင်တယ်လို့ တူရင်ရှိ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်ကို တွေ့ရစဉ်
တင်းနစ်သမိုင်းမှာ Golden Slam ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးတည်းသာရှိပြီး သူကတော့ စတပ်ဖီဂရဗ် ဖြစ်ပါတယ်။
စတပ်ဖီဂရဗ်ဟာ ၁၉၈၈ ခုနှစ်ထဲမှာ သြစတြေးလျအိုးပန်း၊ ပြင်သစ်အိုးပန်း၊ ဝင်ဘယ်လ်ဒန်အိုးပန်း၊ ပြင်သစ်အိုးပန်း ဂရမ်းဆုဖလားတွေနဲ့အတူ ဆိုးလ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ဂျိုကိုဗစ်ဟာ တင်းနစ်သမိုင်းမှာ ဒီလိုမျိုး Golden Slam အောင်မြင်မှုရယူနိုင်တဲ့ နောက်ထပ် ကစားသမား ဖြစ်လာနိုင်ဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆားဘီးယား တင်းနစ်သမားက ဒီရာသီမှာ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေ အတွက်လည်း အလွန်ဂုဏ်ယူ မိတယ်လို့ ပြောခဲ့တာပါ။
ဂျိုကိုဗစ်က “ဒီနှစ်က ကျနော့်ဘဝမှာ အကောင်းဆုံး ရာသီတွေထဲက တစ်ခုဖြစ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ကျနော့်အသင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဒီနှစ်ဟာ ကြီးကျယ်တဲ့ ဆုလာဘ်ပါပဲ။ ပြိုင်ပွဲကြီး ၅ ခုမှာ ၄ ခုက ချန်ပီယံဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 688
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
ရိုးမားအသင်း တိုက်စစ်မှူး လူကာကူဟာ ဘယ်လ်ဂျီယံအသင်းက အဇာဘိုင်ဂျန်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၄ ဂိုးသွင်းပြီး ယူရိုခြေစစ်ပွဲမှာ ဂိုးသွင်းစံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ လူကာကူဟာ ဒီပွဲက သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာသွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။
အဲ့ဒါကြောင့် လူကာကူဟာ ယူရိုခြေစစ်ပွဲ တစ်ခုတည်းမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မြောက်အိုင်ယာ လန် အသင်းက ဒေးဗစ်ဟီလေနဲ့ ပိုလန်အသင်းက လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုး ၁၃ ဂိုးကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ် ပြီး စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံအသင်းအတွက် ၁၁၃ ပွဲ ကစားထားပြီး ၈၃ ဂိုးသွင်းယူကာ အမျိုးသား လက်ရွေးစင်ဘောလုံးသမိုင်းရဲ့ ဂိုးသွင်းအများဆုံး နံပါတ် ၇ နေရာကို ရောက်ရှိလာခဲ့တာပါ။
နိုင်ငံအသင်းနဲ့ ဂိုး အများဆုံးသွင်းထားသူများ စာရင်းကို တွေ့ရစဉ်
လူကာကူရဲ့ အထက်မှာ ရော်နယ်ဒို၊ အလီဒါယီ၊ မက်ဆီ၊ ချက်ထရီ၊ ဒါဟာရီနဲ့ ပွတ်စ်ကတ်စ်တို့သာ ရှိတာဖြစ်ပါ တယ်။ လူကာကူအတွက်တော့ အဇာဘိုင်ဂျန်အသင်းနဲ့ပွဲက ၄ ဂိုးဟာ သူ့ရဲ့ ဘယ်လ်ဂျီယံ ကစားသမားဘဝ ပထမဆုံး တစ်ပွဲတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
လူကာကူဟာ ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၁၉ ပွဲ ကစားထားပြီး ၁၇ ဂိုး သွင်းယူကာ ၁ ဂိုး ဖန်တီး ထားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် ၈ ပွဲစလုံး ကစားအပြီးမှာ ရမှတ် ၂၀ နဲ့ အုပ်စုတွင်း ပထမနေရာ ရရှိကာ ဒုတိယရရှိခဲ့တဲ့ သြစတြီးယားအသင်းနဲ့အတူ ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ နည်းပြ တီဒက်စကို ကိုင်တွယ်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ရှုံးပွဲမရှိသေးဘဲ ပုံစံ ကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 536
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀
ဘာစီလိုနာအသင်းကွင်းလယ်လူ ဂါဗီဟာ စပိန်အသင်းက ဂျော်ဂျီယာအသင်းကို အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဒူးအရွတ်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ကာလရှည်ကြာအနားယူရဖွယ်ရှိနေတယ်လို့ သတင်း ရင်းမြစ်တွေက ESPN ကို ပြောခဲ့ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူက ဂါဗီရဲ့ ညာဘက်ဒူးကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ အတည်ပြုထားတာပါ။ ဂါဗီဟာ စပိန်အသင်းက ဂျော်ဂျီယာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၆ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ဒူးကိုကိုင်ကာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။ ဂါဗီဟာ စပိန်နဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာဖြစ်ပြီး သူ့ရဲ့ဒဏ်ရာဟာ ၂ သင်းစလုံးအတွက် စိတ်ပျက် စရာဖြစ်ခဲ့ရတာပါ။
စပိန်အသင်းနည်းပြ ဒီလာဖူအန်တီက “ကြည့်ရတာတော့ ဂါဗီရဲ့ဒဏ်ရာကပြင်းထန်သလိုပါပဲ။ သူဟာ အလွန် စိုးရိမ်နေပါတယ်။ ကျနော်တို့ဟာ တိကျတဲ့စမ်းသပ်မှုရဲ့အဖြေကို စောင့်ဆိုင်းနေပါတယ်။ စပိန်အားကစား ဒါရိုက်တာနဲ့ ဂါဗီတို့ဟာ ဘာစီလိုနာကိုသွားပြီး နောက်ထပ်စမ်းသပ်မှုတွေကို ပြုလုပ်နေပါတယ်။ ဂါဗီရဲ့ဒဏ်ရာက ကျနော်တို့ ပွဲကိုရှုံးနိမ့်သွားသလိုပါပဲ” လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
စပိန်အသင်းဖော် ဖာရန်တောရက်စ်ဟာ ဂျော်ဂျီယာအသင်းဘက်ကို ဂိုးသွင်းယူအပြီးမှာ ဂါဗီရဲ့ ကျောနံပတ်ပါ အင်္ကျီကို ကိုင်ဆောင်ကာ အောင်ပွဲခံမှုပြုလုပ်ခဲ့တာပါ။
ဖာရန်တောရက်စ်က “ခြေစစ်ပွဲအဆင့်ကို ကောင်းမွန်စွာ အဆုံးသတ်နိုင်ဖို့အတွက် အရေးကြီးတဲ့နိုင်ပွဲဖြစ်ခဲ့ပေမယ့် ဂါဗီရဲ့ဒဏ်ရာက ခါးသီးတဲ့ခံစားချက်ဖြစ်ခဲ့ပါတယ်။ သူအမြန်ဆုံးပြန်ကောင်းလာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဂါဗီရဲ့ ဒဏ်ရာအခြေအနေကို လာမယ့်ရက်ပိုင်းအတွင်းမှာ သိရမှာဖြစ်ပေမယ့် ကျနော်တို့ကတော့ ပြင်းထန်တယ်လို့ ထင်ကြောင်း” ပြောခဲ့ပါတယ်။
စပိန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် ၈ ပွဲစလုံးကစားအပြီးမှာ ရမှတ် ၂၁ မှတ်နဲ့ အုပ်စုတွင်း ပထမနေရာ ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
Source:Espn

- By CNI
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉
မန်စီးတီးအသင်း ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ကနေဒါရက်ပ် အဆိုတော် Darke ရဲ့ သီချင်းသစ် Wick Man မှာ သီချင်းပူးတွဲ ရေးသားသူအဖြစ် ဖော်ပြခြင်း ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ငြင်းဆန်လိုက်ပါတယ်။
Darke ရဲ့ သီချင်းအသစ်ဟာ သောကြာနေ့က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းရေးသားသူတွေထဲက တစ်ဦးအဖြစ် ဒီဘရိုင်းရဲ့နာမည်ကို ဖော်ပြထားတာပါ။
ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားဟာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဂီတဘက်ကို ပြောင်းပြီး လုပ်ကိုင်နေတယ်လို့ ဘောလုံးပရိသတ်တွေက ထင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီဘရိုင်းကတော့ သူဟာ Darke ကို အကူအညီမပေးခဲ့ဘူးလို့ ဖြေရှင်းချက်ပေးခဲ့ရတာပါ။
ဒီဘရိုင်းဟာ အခုရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲမှာရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူထားရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ပြုလုပ်နေရပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ပါဝင်ကစားထားတဲ့ အချိန်အတွင်း ဂိုးဖန်တီးမှု ၁၅၃ ဂိုး ပြုလုပ်ထားပြီး ဒီထဲက ပရီးမီးယားလိဂ်မှာ ၁၀၂ ဂိုး ဖန်တီးထားတာပါ။
အဲ့ဒါကြောင့် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်ထားတဲ့ စာရင်းရဲ့ နံပတ် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ ကစားသမားရဲ့ ဂိုးဖန်တီးမှုတွေကြောင့် ပြီးခဲ့တဲ့ရာသီက တိုက်စစ်မှူး ဟာလန်းဟာ ဂိုးအများအပြား သွင်းယူနိုင်ခဲ့သလို မန်စီးတီးအသင်းကလည်း ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၃ လုံးကို ရယူနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းကတော့ ဒီဘရိုင်းကို အသင်းအတွက် အမြန်ဆုံး ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ဦးဆောင်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လည်း ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Source: CAN
- By CNI
- Category: အားကစား
- Hits: 602
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ထင်ကြေးတွေဟာ သူ့ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်ကို ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဘတ်ပီက “အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေက ကျနော့်အတွက် လေးနက်တဲ့အရာ မဟုတ်ပါဘူး။ ကျနော် ကွင်းထဲမှာ ဒါတွေကို မစဉ်းစားပါဘူး။ ကစားပုံ၊ စွမ်းဆောင်ရည်နဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ အကြောင်းကိုပဲ စဉ်းစား ပါတယ်။ ကျနော်အမြဲတမ်း ဒီလိုပဲ လုပ်ခဲ့တာပါ။ ကွင်းပြင်ပမှာ ဖြေရှင်းစရာတွေ အများကြီးရှိပေမယ့် ကျနော့်ကို အောင်မြင်မှု မရအောင် မတားဆီးနိုင်ပါဘူး။ ကျနော့်အတွက် အရေးကြီးဆုံးက အကောင်းဆုံး ကစားဖို့ပါပဲ”လို့ ပြောခဲ့ပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ်မရှိတာကြောင့် အခုရာသီအကုန်မှာ ပြင်သစ် ကလပ်ကနေ အလွတ်နဲ့ ထွက်ခွာလို့ရမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဘတ်ပီနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပေမယ့် ပြင်သစ် အသင်း ခေါင်းဆောင်ကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှပြောဆိုခဲ့ခြင်း မရှိပါဘူး။
ဘတ်ပီကတော့ သူဟာ ကွင်းအတွင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောထား ပါတယ်။
ရီးရယ်လ်အသင်းဟာ ဘတ်ပီနဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို မကြာသေးခင်က ငြင်းဆန်ထားသလို ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖွယ်မရှိဘူးလို့ စပိန်မီဒီယာတွေက ဖော်ပြ ထားပါတယ်။
လက်ရှိအချိန်မှာ ဘတ်ပီကို ခေါ်ယူနိုင်ဖို့အတွက် လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း စိတ်ဝင် စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားကာ အသင်းကို လီဂူးဝမ်းပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိအောင် ပို့ဆောင် ပေးထားတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 493
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈
ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ပရီးမီးယားလိဂ်ကနေ တန်းဆင်း ရဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ကမှ အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်ခဲ့တဲ့အတွက် ရမှတ် ၁၀ မှတ် လျှော့ချခံလိုက်ရပြီး တန်းဆင်းဇုန်ထဲ ကျရောက်သွားခဲ့တာပါ။
အဲဗာတန်အသင်းကတော့ ပရီးမီးယားလိဂ်ရဲ့ ဒီပြစ်ဒဏ်အပေါ် အယူခံဝင်သွားမယ်လို့ ပြောထားပါတယ်။
အရင်က မန်စီးတီးအသင်းကို အကြံပေးခဲ့ဖူးတဲ့ ရှေ့နေ ဘော်ဆွန်က ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်ခဲ့ကြောင်း တွေ့ရမယ်ဆိုရင် တန်းဆင်းရနိုင်တယ်လို့ ယုံကြည်နေတာပါ။
အဲဗာတန်အသင်းကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်က ငွေပေးချေမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးခံနေရသလို မန်စီးတီးအသင်းကလည်း ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက် ၁၁၅ ချက်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းရဲ့ အယူခံ အောင်မြင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့အတွက် သက်သာရာ ရနိုင် ပါတယ်။
ဘော်ဆွန်က “စီရင်ချက်ကို မတွေ့ရဘဲ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် အဲဗာတန်ကို ၁၀ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်တာဟာ ကျနော့်အတွက် ကြမ်းတမ်းတယ်လို့ ခံစားရပါတယ်။ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ ကသာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ကြောင်းတွေ့ရရင် တန်းဆင်းသွားရဖွယ်ရှိပါတယ်”လို့ X မှာ ရေးသားထား တာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁၄ မှတ် ရရှိထားပေမယ့် ၁၀ မှတ် အလျှော့ ခံခဲ့ရတာကြောင့် ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၉ နေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 487
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈
အင်္ဂလန်နဲ့ ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဥရောပထိပ်တန်းလိဂ်တွေရဲ့ အကောင်းဆုံး အသက် ၂၁ နှစ်အောက် ကစားသမားတွေကို ချီးမြှင့်တဲ့ ၂၀၂၃ ခုနှစ် Golden Boy ဆုကို ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်း အတွက် ၁၄ ပွဲ ပါဝင်ကစားထားပြီး ၁၃ ဂိုး သွင်းယူထားပါတယ်။
အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆု ပေးပွဲမှာလည်း အသက် ၂၁ နှစ်အောက် အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။
ဘယ်လင်ဂမ်က “ဘာမင်ဂမ်၊ ဒေါ့မွန်နဲ့ အခု ရီးရယ်လ်အတွက် ကျနော့်ရဲ့ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့သာမရှိရင် ကျနော့်အတွက် ဒီလိုအရာတွေက ဖြစ်မလာနိုင်ပါဘူး။ ကျနော့်အတွက် အရေးကြီးဆုံးက နေ့တိုင်းအားပေးမှုတွေ၊ လှုံ့ဆော်မှုတွေနဲ့ ချစ်ခြင်းတွေပေးတဲ့ မိသားစုပါ။ ဒီလိုဂုဏ်သိက္ခာရှိတဲ့ ဆုနဲ့အတူ ဆုဖလားတွေ အများကြီးရယူနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဟာလန်းကို တွေ့ရစဉ်
ဘယ်လင်ဂမ်ဟာ ၂၀၁၄ ခုနှစ်က စတာလင် ရရှိပြီးနောက် ဒီဆုကိုရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာ ခဲ့ပါတယ်။
အရင်က Golden Boy ဆုတွေကို ဝိန်းရွန်နီ၊ မက်ဆီ၊ ဘတ်ပီနဲ့ ဟာလန်းတို့က ရယူနိုင်ခဲ့တာပါ။
Golden Girl ဆုကိုတော့ ကိုလံဘီယာနဲ့ ရီးရယ်လ် ရှေ့တန်းကစားသမား လင်ဒါကိုင်စီဒိုက ရရှိခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက Golden Player Man ဆုနဲ့ ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက Golden Player Woman ဆုတွေကို ရရှိခဲ့တာပါ။
အာဆင်နယ်အသင်း အားကစားဒါရိုက်တာ အီဒူးက ဥရောပရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ဘရိုက်တန် အသင်းဥက္ကဋ္ဌ တွန်နီဘလွန်းက ဥရောပအကောင်းဆုံး ဥက္ကဋ္ဌဆု ရရှိခဲ့တာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 664
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇
အသလက်တီကိုအသင်းဥက္ကဋ္ဌ ဆီရီဇိုက ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဂျာအိုဖီးလစ်ကို အပြီးသတ်ခေါ်ယူဖို့ အခွင့်အရေးရှိတယ်လို့ ပြောလိုက်ပါတယ်။
ဆီရီဇိုက “ဂျာအိုဖီးလစ်က ဥရောပရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာမှာပါ။ ကျနော်သူ့ကို ဘာစီလိုနာမှာ အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ သူဟာ အငှားနဲ့ သွားရောက် ကစားနေပေမယ့် ဘာစီလိုနာက သူ့ကို အပြီးသတ် ခေါ်ယူချင်တယ်ဆိုရင်တော့ သူတို့အနေနဲ့ အပြောင်းအရွှေ့ ဖြစ်အောင်လုပ်နိုင်တဲ့ ရွေးချယ်ခွင့် ရှိမယ်ဆိုတာ သေချာပါတယ်။ ဒီလိုမှမဟုတ်ရင် သူပြန်လာရမှာပါ”လို့ COPE Partidazo ကို ပြောခဲ့ပါတယ်။
ဂျာအိုဖီးလစ်နဲ့ အသလက်တီကို အသင်းနည်းပြ ဆီမြွန်နီတို့ရဲ့ ဆက်ဆံရေးဟာ တင်းမာနေတာကြောင့် ပေါ်တူဂီ ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ရ တာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ကို တွေ့ရစဉ်
ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းထံ အငှားနဲ့ မလာရောက်ခင် အသင်းအများအပြားနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
ဂျာအိုဖီးလစ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနေပြီး ပါဝင်ကစားထားတဲ့ ၁၄ ပွဲမှာ ၃ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုက ဂျာအိုဖီးလစ်အပြင် မန်စီးတီးအသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကန်ဆယ်လိုတို့ကို အပြီးသတ် ခေါ်ယူချင်တယ်လို့ ပြောထားပါတယ်။
အသလက်တီကိုအသင်း အကြီးအကဲ ဆီရီဇိုက ဂျာအိုဖီးလစ်ကို ရောင်းချဖို့ အဆင်သင့် ဖြစ်နေပေမယ့် သူတို့လိုချင် တဲ့ ပြောင်းရွှေ့ကြေး ပမာဏကိုပေးချေမှသာ အပြောင်းအရွှေ့ ဖြစ်နိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ဘင်ဖီကာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ဘာစီလိုနာအသင်းထံ အငှားနဲ့ မထွက်ခွာခင် အသလက်တီကိုအသင်းနဲ့ ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။
Source: Sportsmole

- By CNI
- Category: အားကစား
- Hits: 447
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇
တောင်ကိုရီးယား အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ စင်္ကာပူအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ပြောလိုက်ပါတယ်။
ဆွန်ဟောင်မင်က “ကျနော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းတစ်သင်းကို ဖန်တီးနေပြီး နာကျင်မှုကို ခံစား နေရတယ်ဆိုပြီး ပွဲတစ်ပွဲကို လက်လွှတ်လို့ မရပါဘူး။ မပြေးနိုင်ဘူးဆိုရင် ဘာမှလုပ်လို့ရမှာ မဟုတ်ပေမယ့် ပြေးနိုင်ရင်တော့ အသင်းအတွက် ရာနှုန်းပြည့်ပေးသွားမှာပါ။ အခုအဆင်ပြေပါတယ်။ ဆောင်းရာသီမှာ ကွင်းထဲ အိပ်ရတာကို ကျနော်မကြိုက်ပါဘူး။ ကျနော်အခု အဆင်ပြေနေပြီး၊ ဒဏ်ရာမရှိပါဘူး”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းက စင်္ကာပူအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်ပွဲစဉ်မှာ ဆွန်ဟောင်မင်ဟာ အသင်းအတွက် ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဆွန်ဟောင်မင်ကို တွေ့ရစဉ်
ဒါပေမယ့် ဆွန်ဟောင်မင်ဟာ ပွဲပြီးဖို့ နီးကပ်တဲ့အချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ညာဘက်ခြေကျင်းဝတ်ကို ကိုင်ထားကာ ဆေးကုသမှုခံယူခဲ့ရပါတယ်။
စပါးအသင်း တိုက်စစ်မှူးဟာ ဒဏ်ရာရခဲ့ပေမယ့် တောင်ကိုရီးယားအသင်းက လူစားလဲသူ အရေအတွက် ပြည့်သွားခဲ့လို့ ပွဲချိန်ပြည့်တဲ့အထိ ပါဝင်ကစားသွားခဲ့ရပါတယ်။
စပါးအသင်း ပရိသတ်တွေဟာ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်မှာ ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာကိုမြင်ပြီး စိုးရိမ်မှုတွေရှိခဲ့ကြပါတယ်။
ဆွန်ဟောင်မင်ကတော့ ဒီဒဏ်ရာဟာ စိုးရိမ်စရာမရှိဘူးလို့ စပါးအသင်းပရိသတ်တွေကို သတင်းစကားပေးပို့ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားအသင်းဟာ ခြေစစ်ပွဲအုပ်စု ဒုတိယပွဲစဉ်အဖြစ် တရုတ်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။
တရုတ်အသင်းကတော့ ခြေစစ်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာ ထိုင်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။
Source: Talk Sport

- By CNI
- Category: အားကစား
- Hits: 422
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ နယူးကာဆယ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့တဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီပွဲမှာ နယူးကာဆယ်အသင်းရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်ဟာ ရှက်ဖို့ကောင်းတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ ဒီပွဲစဉ်က နယူးကာဆယ်အသင်းကစားသမား ဂေါ်ဒွန်ရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး VAR ဟာ ဘောလုံးစည်းကျော်မှုရှိ၊မရှိ၊ ပြစ်ဒဏ်ဘောကျူးလွန်ခြင်းရှိ၊မရှိနဲ့ လူကျွံဘောဖြစ်၊မဖြစ် စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ဂိုးကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် စပိန်လူမျိုး နည်းပြဟာ VAR နဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာဝေဖန်ခဲ့တာပါ။
FA ကတော့ “အာတီတာရဲ့ မှတ်ချက်တွေဟာ ပွဲကိုကိုင်တွယ်ခဲ့တဲ့ တာဝန်ရှိဒိုင်လူကြီးတွေကို စော်ကားပြီး၊ ပွဲကို ထိခိုက်စေတာကြောင့် မှားယွင်းတဲ့အပြုအမူပြုလုပ်ခဲ့တယ်လို့ စွဲချက်တင်ထားကြောင်း”ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အာတီတာအနေနဲ့ FA ရဲ့ စွဲချက်တင်ခံရတာကို ပြန်ပြီးဖြေရှင်းနိုင်ဖို့ နိုဝင်ဘာ ၂၁ ရက်အထိ အချိန်ရှိတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ အာတီတာပြောခဲ့တာကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို စပိန် လူမျိုးနည်းပြကလည်း ကလပ်ကို ကာကွယ်ဖို့က သူ့ရဲ့တာဝန်လို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။ အာဆင်နယ် အသင်းက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ လက်ခံနိုင်စရာမရှိဘဲ ကစားသမားတွေ၊ နည်းပြတွေနဲ့ အားပေးတဲ့ သူတွေဟာ ပိုမိုကောင်းမွန်တဲ့အရာနဲ့ ထိုက်တန်တယ်လို့ ကြေညာချက်ထဲမှာ ရေးသားထားတာပါ။
နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးနေရာက မန်စီးတီးအသင်းနဲ့ ၁ မှတ်သာ ကွာဟနေတာပါ။ အာဆင်နယ် အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး နိုဝင်ဘာ ၂၅ ရက်မှာ ဘရန်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC