CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေက ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲအတွက် အသင်းလူစာရင်းမှာ ဆန်ချိုကို မရွေးချယ်ခဲ့ပေမယ့် နောက်လာမယ့်ပွဲတွေမှာ ပြန်ရွေးချယ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

လီကာစလေက “ဆန်ချိုက ကျနော် အလွန်နှစ်သက်တဲ့ ကစားသမားပါ။ သူ့မှာ ကြီးမားတဲ့ အလားအလာရှိပြီး သူအချစ်ခံရတယ်လို့ ခံစားရတဲ့ အိမ်ကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး သူဟာ ကစားဖို့အချိန်လိုတယ်လို့ ကျနော်ထင်ပါတယ်။ ကစားသမားတစ်ဦးဟာ ၃ ပွဲ၊၄ ပွဲလောက် ကောင်းမွန်စွာ ကစားတာနဲ့ အင်္ဂလန်အသင်းမှာ ပါဝင်သင့်တယ်ဆိုပြီး ကျနော် အလျင်စလို မခံစားဖူးပါဘူး”လို့ ပြောခဲ့တာပါ။ 

လီကာစလေဟာ မန်စီးတီးအသင်းရဲ့ လူငယ်နည်းပြအဖြစ် ရှိခဲ့ချိန်က ဆန်ချိုနဲ့အတူ အလုပ်အတူတွဲလုပ်ဖူးခဲ့တာ ဖြစ်ပါတယ်။ 

ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ချယ်လ်ဆီးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပါဝင်ကစားထားတဲ့ ၃ ပွဲစလုံး ဂိုးဖန်တီးမှုပြုလုပ်ကာ ခြေစွမ်းပြသနေတာပါ။ 

ဆန်ချိုကို တွေ့ရစဉ်

အဲဒါကြောင့် ဆန်ချိုဟာ အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ် ခံရသင့်တယ်လို့ ပြောနေခဲ့တာ ဖြစ်ပါတယ်။ 

ဆန်ချိုဟာ အင်္ဂလန်အသင်းအတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာက နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာပါ။ 

ဒီလထဲ ကစားမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ စပါးအသင်း တိုက်စစ်မှူး ဆိုလန်ကီ ဟာ ၇ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။ 

အင်္ဂလန်အသင်း လူစာရင်းမှာ ယူနိုက်တက်အသင်း နောက်ခံလူ မက်ဂွဲယား ချန်လှပ်ခံရပြီး မန်စီးတီးအသင်း နောက်ခံလူ ဝေါလ်ကာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ 

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲတွေအဖြစ် အောက်တိုဘာ ၁၀ ရက်မှာ ဂရိအသင်းနဲ့ အိမ်ကွင်း၊ ၁၃ ရက်မှာ ဖင်လန်အသင်းနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Thesun