CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပြတ်ပြတ်သားသား သတိပေးလိုက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင် လူစာရင်းမှာ ပါချင်တယ်ဆိုရင် လုပ်စရာတွေ အများကြီးရှိတယ်လို့ ပြောလိုက်ပါတယ်။

ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ နှစ်ဦးစလုံးဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ခက်ခဲတဲ့ရာသီကို ဖြတ်သန်းခဲ့ရတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ၅ ရာသီဆက်တိုက် ဆုဖလားလက်မဲ့အဖြစ် ဖြတ်သန်းခဲ့ရပါတယ်။

သူတို့ နှစ်ဦးဟာ ပုံမှန်ခြေစွမ်း မပြနိုင်တာကြောင့် အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်ပြိုင်ပွဲဝင် လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရ တာပါ။ အင်္ဂလန်အသင်း လူစာရင်းမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားဆိုလို့ မက်ဂွဲယား တစ်ဦးတည်းသာ ပါဝင် ခဲ့ပါ တယ်။

မန်ယူအသင်း လေ့ကျင့်ခန်းမှာတွေ့ရတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချို(Sports)

နောက်ခံလူ လုပ်ခ်ရှောကတော့ ဒဏ်ရာကြောင့် အင်္ဂလန်အသင်း လူစာရင်းမှာ မရွေးချယ်ခံခဲ့ရပါဘူး။ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ ကတော့ မတ်လက ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်မှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အီတလီအသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲ ပြီးကတည်းက လက်ရွေးစင် အသင်းအတွက် ပါဝင် ကစားရခြင်း မရှိတော့ပါဘူး။ သူတို့နှစ်ဦးစလုံးဟာ အီတလီနဲ့ ဗိုလ်လုပွဲ အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့သူတွေ ဖြစ်ပါ တယ်။

ဆောက်ဂိတ် က” ကျနော်တို့ဆီမှာ ယူနိုက်တက်ကစားသမား တစ်ဦးပဲ ရှိပါတယ်။သူတို့တွေ အသင်းရဲ့လူစာရင်းထဲ ပြန် ပါဝင် လာဖို့ဆိုရင်တော့ အလုပ်တွေ အများကြီး လုပ်ရဦးမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း လင်ဂတ်နဲ့ ဂိုးသမား ဒိန်းဟန်ဒါဆန် တို့ကလည်း အသင်းမှာ ပုံမှန်ကစားခွင့် မရတာ ကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေပါတယ်။

အင်္ဂလန်အသင်းကတော့ လက်ရှိ နေးရှင်းလိဂ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ပျောက်ဆုံးနေပြီး ၂ ပွဲ သရေကျကာ ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။

ဒါ့အပြင် အင်္ဂလန်အသင်းဟာ ပင်နယ်တီကနေ သွင်းဂိုးတစ်ဂိုးသာ သွင်းယူထားတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ စက်တင်ဘာလ မတိုင်ခင် နောက်ဆုံး နေးရှင်းလိဂ် ပွဲစဉ်အဖြစ် အခုအပတ်ထဲမှာ ဟန်ဂေရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal