CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

သြစတြေးလျအသင်းဟာ ပီရူးအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

သြစတြေးလျအသင်းဟာ တောင်အမေရိကဇုန်က ပီရူးအသင်းနဲ့ ပလေးအောဖ့်ကစားခဲ့ရာ ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမရှိသရေကျနေခဲ့တာပါ။အဲဒါကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ သြစတြေးလျအသင်း က ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပင်နယ်တီအဆုံးအဖြတ်ကန်ခါနီးမှ လူစားဝင်လာခဲ့တဲ့ ဂိုးသမား ရက်ဒ်မေက ပီရူးကစားသမား ဗာလီရာရဲ့ နောက်ဆုံးပင်နယ်တီကန်ချက်ကို ကာကွယ်သွားခဲ့တာပါ။အဲဒါကြောင့် သြစတြေးလျအသင်းအနိုင်ရခဲ့ပြီး ကာတာကမ္ဘာ့ဖလားဝင်ခွင့် လတ်မှတ်ရရှိသွားခဲ့တာဖြစ်ပါတယ်။

သြစတြေးလျအသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး အကြိမ်တိုင်းခြေစစ်ပွဲအောင်မြင်ခဲ့ကာ အခုဆိုရင် ၅ ကြိမ်ဆက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ဒီပွဲရဲ့ အချိန်ပို ပြီးခါနီးမှာ သြစတြေးလျနည်းပြ အာနိုးလ်ဟာ ဂိုးသမားရိုင်ယန်ကို လူစားလဲပြီး ရက်ဒ်မေကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဆစ်ဒနီဂိုးသမား ရက်ဒ်မေဟာ ပီရူး အသင်း ပင်နယ်တီမကန်သွင်းခင် ဂိုးစည်းပေါ်မှာ ကပြနေခဲ့ပြီး နောက်ဆုံးပင်နယ်တီကို ကာကွယ်သွားခဲ့တာပါ။

သြစတြေးလျအသင်းနည်းပြ အာနိုးလ်က “သူဟာ အလွန်ကောင်းမွန်စွာ ပင်နယ်တီကာကွယ်သွားခဲ့တာဖြစ်ပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်တဲ့ အရာတစ်ခုလုပ်သွားခဲ့ပါတယ်။သူဟာ ပီရူးအသင်း ပင်နယ်တီကန်သွင်းတဲ့ သူတွေကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးဖို့ ၁ ရာခိုင်နှုန်းအားထုတ်မှုပါ။ဒါဟာ အန္တရာယ်ရှိပေမယ့် အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

၂၀၁၉ ကတည်းက လက်ရွေးစင်အတွက် အရွေးခံခဲ့ရတဲ့ ရက်ဒ်မေဟာ ဒီပွဲအပါအဝင် သြစတြေးလျအသင်း အတွက် ၃ ပွဲသာ ပါဝင်ကစားရသေးတာပါ။ရက်ဒ်မေက “ကျနော်က ဟီရိုးမဟုတ်ပါဘူး။ဒီနေ့ညမှာ လူတိုင်း လုပ်ခဲ့သလိုပဲ ကျနော့်ရဲ့ အခန်းကဏ္ဍကို အကောင်းဆုံးလုပ်ခဲ့တာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

သြစတြေးလျအသင်းဟာ ကာတာကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်မြင်တဲ့ ၃၁ သင်းမြောက်အသင်း ဖြစ်လာခဲ့ တာပါ။အာရှကလပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်၊ ဒိန်းမတ်၊တူနီးရှားတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC