CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄

ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၃ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်က ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ အသင်းအပေါ် ယုံကြည်မှု ဆက်ရှိဖို့ တောင်းဆိုခဲ့ပါတယ်။ 

အဲရစ်တန်ဟတ်က “အခုအချိန်မှာ ကျနော်တို့ကို အကဲဖြတ်ဝေဖန်မှုတွေ မပြုလုပ်ပါနဲ့။ ရာသီကုန်မှ ပြုလုပ်ပါ။ ကျနော်တို့ဟာ လုပ်ငန်းစဉ်ထဲမှာရှိနေပြီး စောင့်ကြည့်ပေးပါ။ ကျနော်တို့ အလုပ်တွေဆက်လုပ်ပြီး တိုက်ပွဲဝင်  သွားမှာပါ။ ကစားသမားတွေဟာ အတူတကွရှိနေကြပြီး အောင်မြင်မှုတွေလည်း ရယူချင်နေပါတယ်။ ကျနော်တို့ မှာ ကောင်းမွန်တဲ့ စိတ်ဓါတ်ပိုင်းရှိပေမယ့် ခံစစ်ပိုင်းကို တိုးတက်အောင်လုပ်ရမယ်”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရက်ရှ်ဖို့ဒ်၊ ဟော့ဂျ်လန်းတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပေါ်တိုအသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေပါ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ယူနိုက်တက် အသင်း ရုန်းကန်ခဲ့ရပြီး လူစားဝင်လာတဲ့ နောက်ခံလူ မက်ဂွဲယားက နာကျင်အချိန်ပိုမှာ အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့တာပါ။ 

ယူနိုက်တက်နဲ့ပေါ်တိုအသင်းတို့ ယှဉ်ပြိုင်နေစဉ်

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ရှုံးပွဲမကြုံတွေ့ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းနဲ့ သရေကျခဲ့တာကြောင့် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်လာခဲ့တာပါ။

ဒတ်ချ်လူမျိုးနည်းပြကတော့ အသင်းရလဒ် ဆိုးနေပေမယ့် ပရိသတ်တွေကို ယုံကြည်မှု ဆက်ရှိပေးဖို့ တောင်းဆိုခဲ့ တာ ဖြစ်ပါတယ်။

မက်ဂွဲယားကလည်း နည်းပြအဲရစ်တန်ဟတ်ဟာ အတွေ့အကြုံရှိတဲ့သူ ဖြစ်တာကြောင့် အသင်းရဲ့ အခြေအနေတွေ ကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ သိတယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ တွမ်တီးအသင်းနဲ့ သရေကျခဲ့ပြီး ဒုတိယပွဲစဉ်မှာပါ သရေကျ ခဲ့လို့ ၂ ပွဲကစားအပြီးမှာ ရမှတ် ၂ မှတ်သာ ရယူထားနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: dailymail