CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ရိုစင်ဘော့အသင်းကို အရေးနိမ့်ခဲ့တဲ့ ရာသီသစ် မတိုင်ခင် ပထမဆုံး ခြေစမ်းပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်မှုပြု လုပ်သွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ရလဒ်က အဓိကမဟုတ်ပါဘူး။ ကျနော်တို့ဟာ ရာသီကြို ခြေစမ်းပွဲကစားနေတာ ဖြစ်ပေမယ့် ယူနိုက်တက်အသင်းရဲ့ စံနှုန်းက ပွဲတွေကို အနိုင်ရဖို့ဖြစ်ပြီး ရှုံးနိမ့်ဖို့မဟုတ်ပါဘူး။ ဒါကြောင့် အနိုင်မရရင်တောင် နောက်ဆုံးစက္ကန့်မှာ လုပ်ခဲ့သလိုမျိုး ပွဲကို ရှုံးလို့မရပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က စံနှုန်းတွေရဲ့အောက်ကို ရောက်ရှိနေပါတယ်။ ပြိုင်ဘက်က ပိုကောင်းတဲ့ ကြံ့ခိုင်မှုအဆင့်မှာရှိနေပေမယ့် ကျနော်တို့က ယူနိုက်တက်ဖြစ်တဲ့ အတွက် ပိုကောင်းအောင်လုပ်သင့်တယ်”လို့ MUTV ကိုပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ရိုစင်ဘော့အသင်းနဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အဓိက ကစားသမား အများအပြားကို အနားပေးထားရလို့ ဒီပွဲစဉ်မှာ လူငယ် ကစားသမားတွေကို အသုံးပြုခဲ့ရတာပါ။ 

ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ကတ်စ်မဲရိုး၊ ရက်ရှ်ဖို့ဒ်၊ မေဆန်မောင့်၊ အီဗန်စ်နဲ့ ဝမ်ဘစ်စကာတို့ကို လူငယ်ကစားသမားတွေနဲ့ တွဲဖက်အသုံးပြုခဲ့ပြီး ဒုတိယပိုင်းမှာတော့ လူငယ်ကစားသမားတွေနဲ့သာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ရိုစင်ဘော့အသင်းကို ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်အထိ ခွင့်ပြုခဲ့ရပြီး လူငယ် ဂိုးသမား ဗီတက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ ဂိုးအများအပြား မပေးခဲ့ရတာပါ။ 

ယူနိုက်တက်အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်သာရှိခဲ့ပြီး ခြေစွမ်းပိုင်းဆိုးရွားခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်က ပွဲအပြီးမှာ ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဇူလိုင် ၂၀ ရက်မှာ နောက်ထပ် ခြေစမ်းပွဲအဖြစ် ရိန်းဂျားစ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထား ပြီး နည်းပြ အဲရစ်တန်ဟတ်ကတော့ အဓိက ကစားသမားအချို့ ပါဝင်နိုင်လာဖို့ မျှော်လင့်နေတာပါ။ 

ယူနိုက်တက်အသင်းဟာ ရိန်းဂျားစ်အသင်းနဲ့ ပွဲစဉ်ပြီးရင် အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးလ်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတာဖြစ်ပါတယ်။

Source: Metro