CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃

ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီဟာ နည်းပြ လူးဝစ်အင်းနရစ်ကို တောင်းပန်ခဲ့တာကြောင့် လာမယ့် နိုက်စ်အသင်းနဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပြန်လည် ပါဝင်ဖွယ်ရှိနေပါတယ်။ 

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီအသင်း လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာပါ။ 

စပိန်လူမျိုးနည်းပြ လူးဝစ်အင်းနရစ်က ဒမ်ဘီလီဟာ အသင်းရဲ့တာဝန်တွေနဲ့ လိုအပ်ချက်တွေကို လေးစားလိုက်နာ ခြင်းမရှိလို့ လူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ ပြောခဲ့တာပါ။

အခုအချိန်မှာတော့ ဒမ်ဘီလီဟာ နည်းပြကို တောင်းပန်ခဲ့ပြီး အင်းနရစ်ကလည်း သူ့ရဲ့တောင်းပန်မှုကို လက်ခံခဲ့ တယ်လို့ နာမည်ကြီး ဂျာနယ်လစ် ရိုမန်နိုက ဖော်ပြထားပါတယ်။ 

ဒါအပြင် သူတို့နှစ်ဦးကြားမှာ သီးသန့် စကားပြောဆိုမှုတွေ ရှိခဲ့တာပါ။ 

အဲဒါကြောင့် ဒမ်ဘီလီဟာ နိုက်စ်အသင်းနဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ လူစာရင်းထဲ ပြန်လည် ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒမ်ဘီလီကို တွေ့ရစဉ်

ဒမ်ဘီလီဟာ ပီအက်စ်ဂျီအသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပြီး သူမပါဝင်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြင်သစ်ကလပ်ဟာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ 

ဒမ်ဘီလီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၇ ပွဲ ပါဝင်ကစားထားတာမှာ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။ 

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားထားကာ ၁၀ ဂိုး သွင်းယူထားတာပါ။ 

အသက် ၂၇ နှစ်အရွယ်ရှိ ကစားသမားဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီလီဂူး-၁ ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိနေပြီး ၆ ပွဲ ကစားထားတာမှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေကာ အဆင့် ၂ နေရာက မိုနာကိုအသင်းနဲ့ ရမှတ်တူညီနေပေမယ့် ဂိုးကွာခြားချက် အသာရထားတာ ဖြစ်ပါတယ်။

Source:besoccer