CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂ 

ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က မိုနာကိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ တိုက်စစ်မှူး ဘတ်ပီကို လူစားလဲခဲ့တာက သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ကျနော်တို့ဟာ အနှေးနဲ့အမြန် ဘတ်ပီ မပါဝင်ဘဲ ကစားရမှာဖြစ်တာကြောင့် ကျနော်ဟာ အသင်းအတွက် အကောင်းဆုံး ရွေးချယ်မှုကို ရှာဖွေနေပါတယ်။ တစ်ခါတလေမှာ ကျနော်မှန်သလို တစ်ခါတလေ မှာ ကျနော်မှားနိုင်ပါတယ်။ ဘတ်ပီ မပါဝင်ဘဲ ကစားတာကို ကျနော်တို့ ကျင့်သားရနေဖို့လိုပါတယ်။ ကျနော်ဟာ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာဖြစ်ပြီး အငြင်းပွားမယ့် အရာတွေ မဖန်တီးချင်ပါဘူး။ ဒါက ကျနော့်ရဲ့ ဆုံးဖြတ်ချက်”လို့ပြောခဲ့တာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့အပတ်က ရီးနတ်စ်အသင်းနဲ့ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာလည်း ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် နည်းပြလူးဝစ်အင်းနရစ်ဟာ ဘတ်ပီကို ၂ ပွဲဆက်တိုက် ပွဲချိန်ပြည့်အထိ အသုံးပြုခဲ့ခြင်းမရှိတာပါ။ 

ဘတ်ပီဟာ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ရီးရယ်လ်အသင်းနဲ့ အပြောင်း အရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

ဒီရာသီအကုန်မှာ ဘတ်ပီကို ဆုံးရှုံးရတော့မှာဖြစ်လို့ နည်းပြ လူးဝစ်အင်းနရစ်ဟာ ဘတ်ပီ မပါဝင်တဲ့ အသင်းကို ကြိုပြီးပြင်ဆင်နေတာပါ။

ဘတ်ပီဟာ အသင်းဟောင်း မိုနာကိုအသင်းနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာ လူစားလဲခံခဲ့ရပြီးနောက် အသင်းအရန်ခုံ ပေါ်မှာရှိမနေဘဲ ပွဲကြည့်စင်ပေါ်ကို သွားရောက်ကာ မိခင်ဖြစ်သူနဲ့အတူ ပွဲကိုကြည့်ရှုနေခဲ့တာ ဖြစ်ပါတယ်။ 

ပွဲပြီးဆုံးချိန်မှသာ ဘတ်ပီဟာ အသင်းဖော်တွေနဲ့ ကွင်းထဲမှာ ပြန်လည်ပူးပေါင်းခဲ့တာပါ။ ပီအက်စ်ဂျီအသင်းဟာ မိုနာကိုအသင်းနဲ့ သရေကျခဲ့ပေမယ့် ဒုတိယနေရာက ဘရက်စ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ၁၂ မှတ် အသာ ရကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက်အသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN