
- By CNI
- Category: အားကစား
- Hits: 467
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁
အင်တာမိုင်ယာမီအသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဇန်နဝါရီ ၁၉ ရက်မှာ အယ်လ်ဆာဗေးဒိုး လက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်ပါတယ်။
ဒီပွဲဟာ အင်တာမိုင်ယာမီအသင်းအတွက် ၂၀၂၄ ရာသီမတိုင်ခင် ပထမဆုံးကစားမယ့် ရာသီကြိုခြေစမ်းပွဲဖြစ်ပြီး ပရိသတ် ၄၅,၀၀၀ ဦးရေဝင်ဆံ့တဲ့ Estadio Cuscatlan အားကစားကွင်းမှာ ကျင်းပသွားမှာပါ။ ဒီခြေစမ်းပွဲဟာ အင်တာမိုင်ယာမီအသင်းအတွက် လာမယ့်ရာသီ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ဖလား ပွဲဦးထွက်မတိုင်ခင် သူတို့ကို ဗဟိုအမေရိကအခြေအနေတွေရဲ့ အတွေ့အကြုံကိုပေးဖို့ ရှိနေတာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားရယူနိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ မေဂျာလိဂ်ပြိုင်ပွဲမှာ ပလေးအောဖ့်အဆင့်ဝင်ခွင့်မရခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံကိုသွားရောက်ပြီး ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က အင်တာမိုင်ယာမီအသင်းဟာ ဆော်ဒီမှာ အယ်လ်နာဆာ၊ အယ်လ်ဟီလယ်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
ဒါပေမယ့် အင်တာမိုင်ယာမီအသင်းက ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အမှားတွေသာ ဖြစ်တယ်လို့ ကြေညာ ချက်ထုတ်ပြန်ပြီး ဖြေရှင်းခဲ့ရတာဖြစ်ပါတယ်။ အယ်လ်ဆာဗေးဒိုးအသင်းဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၇၈ နေရာမှာရှိနေပြီး ကွန်ကာကပ်ဖ်ဇုန်မှာတော့ နံပတ် ၈ နေရာရပ်တည်နေတာပါ။ အင်တာမိုင်ယာမီအသင်းရဲ့ ခြေစမ်းခရီးစဉ်မှာ အသင်းခေါင်းဆောင် မက်ဆီ၊ ဘက်စ်ကွက်စ်နဲ့ အယ်လ်ဘာတို့ကိုပါ ပါဝင်လာဖို့ ရှိနေပါတယ်။
မက်ဆီကတော့ အင်တာမိုင်ယာမီအသင်းနဲ့အတူ လာမယ့်ရာသီမှာ ဆုဖလားအားလုံးရယူနိုင်ဖို့ ရည်မှန်းထား တယ်လို့ ပြောထားတာဖြစ်ပါတယ်။
Source:Besoccer

- By CNI
- Category: အားကစား
- Hits: 513
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁
ဆာဗက်တေအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်အပြီးမှာ နည်းပြ မော်ရင်ဟိုဟာ ရိုးမားအသင်း ကစားသမားတွေကို ဝေဖန်သွားပါတယ်။
မော်ရင်ဟိုက “ကျနော်တို့ဟာ အရေးပါတဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဒီပွဲနဲ့ ပတ်သက်ပြီး အဓိပ္ပါယ် ဖွင့်ဆိုရမယ် ဆိုရင် ကျနော်တို့ရဲ့ စိတ်နေ သဘောထားတွေဟာ အပေါ်ယံသာ ရှိခဲ့တာပါ။ သူတို့ကိုယ်သူတို့ သက်သေ ပြသနိုင် မယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တဲ့ ကစားသမားတွေရှိပါတယ်။ ဥပမာပြောရရင် အူရာပါ။ ကစားသမားတွေဟာ ပျင်းရိနေတဲ့ ပုံစံတွေနဲ့ ယူရိုပါလိဂ်ကို လာရောက်နေကြပြီး ပွဲကိုလည်း တိုးတက်အောင် မလုပ်နိုင်ကြဘူး”လို့ Sky Sports Italia ကို ပြောခဲ့ပါတယ်။
ရိုးမားအသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ လူကာကူရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြန်ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် ဆာဗက်တေအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို အုပ်စုပထမနဲ့ တက်ရောက်နိုင် မယ့် မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။
ရိုးမားအသင်း ကစားသမားတွေကိုတွေ့ရစဉ်
ရိုးမားအသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်းမှာ ၅ ပွဲ ကစားအပြီး ရမှတ် ၁၀ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ရိုးမားအသင်းဟာ အုပ်စုထိပ်ဆုံးနေရာက ဆလားဗီးယားအသင်းနဲ့ ၂ မှတ် ကွာဟနေပေမယ့် နောက်ဆုံးပွဲစဉ်မှာ ဆလားဗီးယားအသင်း အနိုင်ရခဲ့ရင် ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် နည်းပြ မော်ရင်ဟိုဟာ ရိုးမားအသင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ စိတ်နေ သဘော ထားတွေကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရိုးမားအသင်းကို ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ ရာသီမှာ ယူရိုပါကွန်းဖရန့်လိဂ် ရယူပေးနိုင်ခဲ့ပြီး မနှစ်က ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဒီရာသီအကုန်မှာ ရိုးမားအသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် အသင်းကို နောက်ထပ် ဥရောပဆုဖလား ရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ရိုးမားအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နေပြီး ဒီတစ်ပတ် လိဂ်ပွဲစဉ်အဖြစ် ဆက်ဆူအိုလိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 615
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁
လီဗာပူးလ်အသင်းဟာ LASK အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို အုပ်စုပထမနဲ့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ဂတ်ပိုက ၂ ဂိုး၊ ဆာလက်နဲ့ ဒီယက်ဇ်တို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။
လီဗာပူးလ်အသင်းရဲ့ အုပ်စုတွင်း ပွဲစဉ်တစ်ပွဲဖြစ်တဲ့ တူးလူးစ်အသင်းနဲ့ ယူနီယံ SG အသင်းတို့ပွဲဟာ ဂိုးမရှိ သရေ ကျခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ ပလေးအော့ဖ်ပွဲစဉ်တွေကို ရှောင်နိုင်ခဲ့ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အုပ်စုတွင်း ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က LASK အသင်းကို အနိုင်ရပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့အတွက် ကျေနပ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်း နည်းပြ ကလော့ပ်ကိုတွေ့ရစဉ်
ကလော့ပ်က “ဒီနေ့အုပ်စုတွင်းမှာ ထိပ်တန်းရလဒ် ၂ ခုပါ။ ပြီးခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ တူးလူးစ်အသင်းကို အရေး နိမ့်ခဲ့ပေမယ့် ကျနော်တို့ရဲ့ ရလဒ်နဲ့ သူတို့ရဲ့ ရလဒ်ကြောင့် ကျနော်တို့ဟာ အုပ်စုတွင်း ထိပ်ဆုံးနေရာမှာ ရှိနေခဲ့ပါ တယ်။ ဒါက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပွဲထဲမှာ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေနဲ့ ကောင်းမွန်တဲ့ အရာတွေ အများကြီးပါပဲ။ ကျနော်တို့လိုချင်တဲ့ ပေးဂိုးမပေးရတာ၊ ထိပ်တန်းရလဒ်နဲ့အတူ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ”လို့ ပြောခဲ့ပါတယ်။
LASK အသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဂတ်ပိုက သူတို့ဟာ ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားရယူနိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဂတ်ပိုက “ကျနော်တို့ဟာ ဒီရာသီအတွက် ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတာကြောင့် ဆက်ပြီးသွားနေရမှာပါ။ ကျနော်တို့ရဲ့ ဒီအုပ်စုထဲမှာ အရည်အသွေးရှိတဲ့ အသင်းတွေ ပါဝင်နေတာကြောင့် ကျနော်တို့ဟာ ပွဲအများအပြားကို အနိုင်ရယူနိုင်တယ်လို့ ထင်ကြောင်း”TNT Sports ကိုပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 658
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ နာပိုလီအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ကို ဂန္ထဝင်ဘောလုံးသမားကြီး ဇီဒန်းနဲ့ နှိုင်းယှဉ် သွားခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကွဲပြားခြားနားတဲ့ မျိုးဆက်နှစ်ခုကို နှိုင်းယှဉ်ဖို့က ခက်ခဲပါတယ်။ ကျနော်မြင်တွေ့တာက ဘယ်လင်ဂမ်ဟာ ဂိုးဧရိယာထဲရောက်သွားနိုင်တဲ့ စွမ်းဆောင်ရည်ပါ။ ဇီဒန်းက ဒီလိုမျိုးမလုပ်နိုင်ပါဘူး။ ဇီဒန်းရဲ့ တစ်ဦးချင်းအရည်အသွေးတွေက ဘယ်လင်ဂမ်မှာ မရှိပါဘူး။ ဒါပေမယ့် အခုက မော်ဒန်ဘောလုံးပါ။ မော်ဒန် ဘောလုံးလောကမှာ ကွင်းထဲမှာရှိတဲ့ နေရာအများအပြားကို လွှမ်းမိုးမှုရှိနိုင်တဲ့ ဘယ်လင်ဂမ်လို ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ ကစားသမားမျိုးလိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်း ပြသနေတာဖြစ်ပြီး ပါဝင်ကစားထားတဲ့ ၁၆ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ နာပိုလီအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ရီးရယ်လ်အသင်းအတွက် ၁ ဂိုးသွင်းယူနိုင်တဲ့အပြင် အသင်းဖော် ဟိုဆေးလူသွင်းယူခဲ့တဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။ ဘယ်လင်ဂမ်ဟာ အသက် ၂၁ နှစ်မပြည့်ခင်မှာ ချန်ပီယံလိဂ်သွင်းဂိုး ၁၀ ဂိုးပြည့်တဲ့ ၄ ဦးမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အန်ဆယ်လော့တီက “ဘယ်လင်ဂမ်ဟာ နေ့တိုင်း၊ ပွဲတိုင်းကို အံ့အားသင့်စေတဲ့သူပါ။ သူဟာ ဘောလုံးအတွက် လက်ဆောင်ပါပဲ၊ သူ့ရဲ့နည်းပြတွေ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေက သူ့ကို အလွန်ဝမ်းသာနေကြပါတယ်။ ဘယ်လင်ဂမ်ဟာ ငယ်ရွယ်ပေမယ့် အလွန်ပရော်ဖက်ရှင်နယ်ဆန်တဲ့သူဖြစ်ပြီး အဝတ်လဲခန်းထဲမှာလည်း လိုက်လျောညီထွေနေတတ်တဲ့သူပါ”လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ ပွဲကစားအပြီးမှာ ၅ ပွဲစလုံးအနိုင်ရရှိကာ အုပ်စုပထမနဲ့ ၁၆ သင်း အဆင့်ကို ရောက်ရှိခဲ့တာပါ။ ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ်စပိန်လာလီဂါ ပွဲစဉ်အဖြစ် ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 552
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ယူနိုက်တက်အသင်းကနေ အငှားနဲ့ သွားရောက်ကစားပြီး ဂီတာဖေးအသင်းမှာ ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူဖို့ လာလီဂါထိပ်သီး ၂ သင်းက စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။
ဗလင်စီယာနဲ့ ဆိုစီဒက်အသင်းတို့ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့အတွက် ဂရင်းဝုဒ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတာပါ။ ဂရင်းဝုဒ်နဲ့ ဂီတာဖေးအသင်းတို့ ချုပ်ဆိုထားတဲ့ အငှားစာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ယူနိုက်တက်အသင်းထံ ပြန်လာဖို့က ဖြစ်နိုင်ဖွယ်မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဂီတာဖေးအသင်းကလည်း လက်ရှိအချိန်မှာ ဂရင်းဝုဒ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်နေတာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ မိသားစုနဲ့အတူ စပိန်မှာ ပျော်ရွှင်နေတာကြောင့် ဂီတာဖေးအသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့အပါအဝင် အခြားရွေးချယ်စရာတွေကို ရှာဖွေနေတာဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ဂီတာဖေး အသင်းအတွက် ၁၁ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှုပြုလုပ်ထားပြီး ခြေစွမ်းပြသနေတာပါ။ အဲဒါကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ကင်းထောက်တွေဟာ ဂရင်းဝုဒ်ရဲ့ ပွဲတွေကို စောင့်ကြည့် နေတယ်လို့ မကြာသေးခင်က သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေတာကြောင့် မန်ချက်စတာ ကလပ်ဟာ အခုရာသီအကုန်မှာ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရဖွယ်ရှိနေတာပါ။ ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ကလပ်အသင်းတွေထံ အငှားချ ဒါမှမဟုတ် အပြီးသတ်ရောင်းချဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။
ဂီတာဖေးအသင်းကတော့ ဒီတစ်ပတ် စပိန်လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါးမက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားအဆင့် ၈ နေရာကနေအပေါ်ကို တက်လှမ်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 564
Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်တက်ရောက်နိုင်ခဲ့ပြီးနောက် နည်းပြ အာတီတာက တစ်ဦးနဲ့တစ်ဦး ဒီထက်ပိုပြီးတောင်းဆိုရမယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဒါကိုလှပအောင်လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ပထမပိုင်းမှာ ၅ ဂိုးသွင်းယူပြီးနောက် ဒုတိယပိုင်းမှာ မတူညီတဲ့ အပြုအမူတွေရှိခဲ့ပေမယ့် ကျနော် တို့ အလွန်အာရုံစိုက်ခဲ့ပါတယ်။ ကျနော်တို့ဟာ အခုထက်ပိုပြီး တစ်ဦးနဲ့တစ်ဦးတောင်းဆိုမှုတွေ ပြုလုပ်ရမှာပါ” လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လန်းစ်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ်ကစားဖို့ ၁ ပွဲ ကျန်ရှိနေသေးပေမယ့် ဒုတိယနေရာက PSV အသင်းကို ၄ မှတ်အထိဖြတ်ထားနိုင်ခဲ့တာကြောင့် အုပ်စုပထမနဲ့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာပါ။
လန်းစ်အသင်းနဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးမှုပြုလုပ်ကာ ဒီရာသီပြိုင်ပွဲစုံဂိုးဖန်တီးမှု ၁၀ ဂိုးအထိရှိ သွားခဲ့ပြီ ဖြစ်တဲ့ ဆာကာက သူတို့ဟာ အုပ်စုထိပ်ဆုံးနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။
ဆာကာက “အားလုံးအလွန်ပျော်ရွှင်နေကြပါတယ်။ ကျနော်တို့ဟာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံး အကြိမ်ပြန်လည်ယှဉ်ပြိုင်အပြီးမှာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ အုပ်စုပထမရအောင် လုပ်ခဲ့ပြီးပြီ ဖြစ်လို့ ကျနော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ နည်းပြကတော့ အနည်းငယ်ပျော်ရွှင်ပြီးရင် ဝုလ်ဗ်စ်နဲ့ ကစားမယ့်ပွဲကို အာရုံ စိုက်ဖို့ ကျနော်တို့ကို သတိပေးထားပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေရရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 402
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဂါလာတာစာရေးအသင်းနဲ့ ၃ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ အပြီးမှာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေအတွက် သူ့ကို အပြစ်တင်ရမှာလို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ဒီရလဒ်တွေအတွက် ကျနော့်ကို အမြဲတမ်းအပြစ်တင်ရမှာပါ။ ဒါကို ကျနော်တာဝန်ယူပါ တယ်။ ကျနော်တို့ဟာ လမ်းကြောင်းမှန်ကို သွားနေတာဖြစ်လို့ ရေရှည်မှာ အောင်မြင်မှုရနိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေချင်တယ်ဆိုရင်တော့ ဒီလိုပွဲတွေကို အနိုင်ရဖို့ လိုအပ်ပါတယ်။ ၃ မှတ်ရယူသင့်တယ်ဆိုတာ ရှင်းပါတယ်။ ခံစစ်ပိုင်းက လုံလောက်မှုမရှိတဲ့အတွက် အသင်းကို ဝေဖန်မှုပြုလုပ်ရမှာပါ။ အမှားတွေကြောင့် ခြားနားမှုကိုဖြစ်စေပါတယ်” လို့ TNT Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အစ္စတန်ဘူလ်မှာ ကစားခဲ့တဲ့ဒီပွဲမှာ ဂါလာတာစာရေးအသင်းကို နှစ်ကြိမ်တိုင်တိုင် ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၃ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် အသင်း ဟာ ဒီရလဒ်ကြောင့် အုပ်စုတွင်း ၅ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်သာရရှိထားပြီး အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ ယူနိုက်တက်အသင်းဟာ နောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရယူနိုင်ရင် တောင် ကိုပင်ဟေဂင်အသင်းနဲ့ ဂါလာတာစာရေးအသင်းတို့ရဲ့ ပွဲစဉ်က သရေရလဒ်ဖြစ်မှ နောက်တစ်ဆင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ချန်ပီယံလိဂ်မှာ သူတို့လုပ်ဆောင်ခဲ့တဲ့အရာတွေက လုံလောက်မှုမရှိဘူးလို့ ဝန်ခံခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်က “ဒီလိုမျိုးပွဲတွေမှာ ကျနော်တို့ဟာ ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲရမှာပါ။ လူတိုင်းက ကိုယ့် အမှားကို ကိုယ်တာဝန်ယူရမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို ပြီးဆုံးအောင်လုပ်ဖို့အတွက် အခွင့်အရေး တွေအများကြီးရခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာလည်း လုံလောက်မှုမရှိပါဘူး။ ချန်ပီယံလိဂ်မှာ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့အရာတွေက လုံလောက်မှုမရှိပါဘူး”လို့ TNT Sports ကို ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 750
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉
ဘိုင်ယန်မြူးနစ်အသင်းဟာ ဝါရင့်ဂိုးသမား နူအာကို အသင်းမှာ ၂၀၂၅ ခုနှစ်အထိ ရှိမယ့် စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။
နှင်းလျှောစီးခရီးမှာ ညာဘက်ခြေထောက် ကျိုးခဲ့တာကြောင့် ၁၀ လကြာ အနားယူခဲ့တဲ့ နူအာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြန်လည်ကစားနိုင်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၅၀၀ နီးပါး ပါဝင်ကစားထားပြီး ဘွန်ဒစ်လီဂါဖလား ၁၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ၂ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နူအာက “ဘိုင်ယန်မြူးနစ်မှာ နောက်ထပ် တစ်နှစ်ထပ်ပြီး ရှိနေရမှာဖြစ်တဲ့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူပြီးနောက်မှာ ကျနော်အသင်းအတွက် အပြည့်အဝ ပြန်လာနိုင်ခဲ့ပါပြီ။ အသင်းနဲ့အတူ ကွင်းထဲမှာ ရှိနေရတာက ပျော်ရွှင်ဖို့ကောင်းပါတယ်။ ပရိသတ်တွေနဲ့အတူ လာမယ့်နှစ်တွေမှာ ကျနော်တို့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို အောင်မြင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။
နူအာကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်းဟာ နူအာ ဒဏ်ရာကြောင့် အနားယူနေရချိန် ပြီးခဲ့တဲ့ရာသီက မိုချန်ဂလာဘတ်အသင်း ဂိုးသမား ယန်းဆွန်မားကို ခေါ်ယူခဲ့ပေမယ့် ဆွစ်ဇာလန်ဂိုးသမားဟာ နွေရာသီက အင်တာမီလန်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။
အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒဏ်ရာကနေ နူအာ ပြန်လည်မသက်သာခင် အချိန်ထိ အူရစ်ချ်ကိုသာ အဓိက ဂိုးသမားအဖြစ် အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။
ဘွန်ဒစ်လီဂါ လက်ရှိ ချန်ပီယံအသင်းဟာ အသင်းအတွက် လက်စွမ်းပြသနေတဲ့ အူရစ်ချ်ကိုလည်း ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာပါ။
ဘိုင်ယန်မြူနစ်အသင်းဟာ ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးပေမယ့် ထိပ်ဆုံးနေရာက လေဗာကူဆင် အသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 749
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉
ဂါနာချိုရဲ့ အစ်ကိုဖြစ်သူ ရောဘတ်တိုက သူ့ရဲ့ညီကို အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အင်စတာဂရမ်မှာ unfollowed လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။
ရောဘတ်တိုက “ဒါက သတင်းအတုပါ။ မက်ဆီက ဂါနာချိုကို ဘယ်တုန်းကမှ followed မလုပ်ခဲ့ပါဘူး။ အမုန်းပွားစေမယ့် အရာတွေဖန်တီးနေတာကို ရပ်တန့်လိုက်ပါ။ ဂါနာချိုဟာ မက်ဆီနဲ့ ရော်နယ်ဒို နှစ်ဦးစလုံးကို သဘောကျတဲ့သူပါ။ ခင်ဗျားတို့တွေက ပြိုင်ဆိုင်မှုတွေဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေကြတာပါ။ အခု ကျနော် ပြောနေတာက ဖာဒီနန်ကို ပစ်မှတ်ထားပြီးပြောနေတာမဟုတ်ပါဘူး။ ဒါတွေက မှားယွင်းနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိစေချင်ရုံပါပဲ” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်ဂန္ထဝင် ဖာဒီနန်က ဂါနာချိုဟာ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ဖြစ်တာကြောင့် မက်ဆီက သူ့ကို unfollowed ပြုလုပ်ခဲ့တယ်လို့ မကြာသေးခင်က ပြောခဲ့တာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်ရှိ ဂါနာချိုဟာ သူ့ရဲ့ငယ်ရွယ်တဲ့ ကစားသမားဘဝမှာတင် ရော်နယ်ဒို၊ မက်ဆီတို့နဲ့ တွဲဖက်ကစားခဲ့ပြီး ကံကောင်းတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးလည်းဖြစ်တာပါ။ ဒါပေမယ့် ဂါနာချိုဟာ ရော်နယ်ဒိုကိုသာ သူ့ရဲ့ အားကျရတဲ့သူအဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုရဲ့ နာမည်ကျော်အောင်ပွဲခံဟန် "Sui" ပြုလုပ်ခဲ့တာပါ။ ဂါနာချိုဟာ ပြီးခဲ့တဲ့နှစ်က ရော်နယ်ဒိုရဲ့ ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် မက်ဆီက သူ့ကို unfollowed ပြုလုပ်ခဲ့တာလို့ ပရိသတ်တွေက ပြောခဲ့ တာဖြစ်ပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်အသင်းကြီးအတွက် ပွဲပေါင်း ၅၃ ပွဲပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ အာဂျင်တီးနား လက်ရွေးစင်အသင်းကြီးအတွက် ၃ ပွဲ ပါဝင်ကစားထားပါတယ်။
Source:Mirror
- By CNI
- Category: အားကစား
- Hits: 689
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉
လိုက်ပ်ဇစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဂိုးသွင်းယူပြီး နောက်ထပ် စံချိန်တင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းကို နည်းပြ ဂွာဒီယိုလာက ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်ဟာလန်းကို အလွန်သဘောကျမိပါတယ်။ ကျနော်တို့ နိုင်ပွဲရယူနိုင်ခဲ့သလို ဟာလန်းလည်း နောက်ထပ် စံချိန်တင်နိုင်ခဲ့ပါတယ်။ သူဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ ကျနော်တို့ သူ့ကို အလွန် ကျေနပ်တယ်ဆိုတာ ခင်ဗျားတို့ကို အကြိမ်ပေါင်းများစွာ ပြောနေတာပါ။ သူဟာ ဂိုးသွင်းနိုင်ရုံတင် မဟုတ်ဘဲ တခြား အရာတွေ အများကြီးအတွက် ကျနော်တို့ သူ့ကို ချစ်တယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းက လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့်တဲ့ အမြန်ဆုံး ကစားသမားနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့်တဲ့ အသက် အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းနဲ့ အသင်းဖော်များကိုတွေ့ရစဉ်
ဟာလန်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃၅ ပွဲသာ ကစားထားရအပြီးမှာ သွင်းဂိုး ၄၀ ပြည့်ခဲ့တာကြောင့် ယူနိုက်တက် တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းရဲ့ ၄၅ ပွဲ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဟာလန်းဟာ အသက် ၂၃ နှစ်၊ ၁၃၀ ရက်နဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့်ခဲ့တာကြောင့် ပီအက်စ်ဂျီ အသင်း တိုက်စစ်မှူး ဘတ်ပီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ မကြာသေးခင်ကမှ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၅၀ အမြန်ဆုံး သွင်းယူနိုင်တဲ့ ကစား သမားအဖြစ်လည်း စံချိန်တင်ထားတာပါ။ ဟာလန်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းအတွက် ၇၃ ပွဲ ကစား ထားအပြီးမှာ ၇၁ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လိုက်ပ်ဇစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အုပ်စုတွင်း ပထမနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် တက်ရောက်ဖို့ သေချာသွားခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN