
- By CNI
- Category: အားကစား
- Hits: 499
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉
ပီအက်စ်ဂျီအသင်းနဲ့ နယူးကာဆယ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက သူတို့ဟာ နယူးကာဆယ်အသင်းကို အနိုင်ရဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဘတ်ပီက “ဒီပွဲက အလွန်ခက်ခဲပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို အနိုင်ရယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပါ တယ်။ ကျနော်ဟာ အသင်းအတွက် ဒီထက်ပိုပြီး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ အများကြီးရရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး”လို့ TNT Sport ကို ပြောခဲ့ပါတယ်။
ဒီပွဲမှာ နယူးကာဆယ်အသင်းဟာ ပွဲချိန်၂၄ မိနစ်မှာ အိုင်ဆက်ခ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘတ်ပီက ပွဲချိန် ၉၈ မိနစ်မှာ အငြင်းပွားဖွယ် နောက်ကျ ပင်နယ်တီနဲ့ ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့ ပါတယ်။
နယူးကာဆယ်အသင်း နောက်ခံလူ လီဗရာမန်တို ဂိုးဧရိယာအတွင်း လက်နဲ့ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီး က ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် နယူးကာဆယ်အသင်း နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။
ဘတ်ပီကိုတွေ့ရစဉ်
ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်း ခံစစ်နဲ့ ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့် သွင်းဂိုး အများအပြား မရရှိခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်း ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့ပေမယ့် ၁ ဂိုးရအောင် သွင်းယူနိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ပီအက်စ်ဂျီအသင်းကို ပင်နယ်တီ မပေးသင့်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ ပါတယ်။
နယူးကာဆယ်အသင်းဟာ ဒီပွဲ အနိုင်မရခဲ့တာကြောင့် နောက်ဆုံးပွဲမှာ အေစီမီလန်အသင်းကို အနိုင်ရယူနိုင်ရင် တောင် ပီအက်စ်ဂျီအသင်းက ဒေါ့မွန်အသင်းကို အနိုင်မရယူနိုင်မှသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။
ဒေါ့မွန်အသင်းကတော့ အေစီမီလန်အသင်းကို အနိုင်ရယူနိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တက်ရောက် သွားခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 595
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈
ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် အပြောင်းအရွှေ့မှာ တီမိုဝါနာကို ခေါ်ယူနိုင်ဖို့ လိုက်ပ်ဇစ်အသင်းထံ ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီလို့ Sky Sports က ဖော်ပြခဲ့တာပါ။
ဒါပေမယ့် တီမိုဝါနာအတွက် ယူနိုက်တက်နဲ့ လိုက်ပ်ဇစ်အသင်း ၂ သင်းကြားမှာ တရားဝင်ကမ်းလှမ်းမှုတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေတော့ မရှိသေးပါဘူး။
ရီးရယ်လ်အသင်းကလည်း တီမိုဝါနာကို ချိတ်ဆက်မှုတွေရှိနေပေမယ့် ခေါ်ယူနိုင်ဖို့အတွက် တွန်းအားပေးခြင်း တော့ မရှိသေးတာဖြစ်ပါတယ်။
တီမိုဝါနာဟာ သူပါဝင်ကစားခွင့်ရခဲ့တဲ့ ဒီရာသီ ဘွန်ဒစ်လီဂါ ၈ ပွဲမှာ ၂ ပွဲသာပွဲအစကတည်းက ပါဝင်ခွင့် ရခဲ့တာကြောင့် လိုက်ပ်ဇစ်အသင်းမှာ ပျော်ရွှင်ခြင်းမရှိတော့တာပါ။
လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာအား တွေ့ရစဉ်
ဒါပေမယ့် ဂျာမနီလက်ရွေးစင်ကစားသမားဟာ လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖို့ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့ထိ စောင့်ဆိုင်းဖို့ ရှိနေတာဖြစ်ပါတယ်။
တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းမှာ ခက်ခဲတဲ့ ၂ ရာသီ ဖြတ်သန်းခဲ့အပြီး ၂၀၂၂ ခုနှစ်က လိုက်ပ်ဇစ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
တီမိုဝါနာဟာ ၂ ရာသီအတွင်းမှာ လိုက်ပ်ဇစ်အသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားခွင့်ရခဲ့ပြီး ၁၈ ဂိုးသွင်းယူနိုင်ခဲ့ ပါတယ်။
တီမိုဝါနာဟာ အင်္ဂလန်နဲ့ ချယ်လ်ဆီးအသင်းမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်စရာကောင်းတဲ့အရာတွေကြောင့် ယူနိုက်တက်အသင်းအနေနဲ့ တီမိုဝါနာကို ခေါ်ယူနိုင်ဖို့ အတွက် အခက်တွေ့နိုင်တာဖြစ်ပါတယ်။
ဂျာမနီကစားသမားဟာ အခုရာသီအကုန်ထိ လိုက်ပ်ဇစ်အသင်းမှာ ဆက်ရှိကာ ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရတာကြောင့် လာမယ့်အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးအား ဖြည့်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 505
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈
နယူးကာဆယ်အသင်း နည်းပြ အက်ဒီဟိုဝီက ပီအက်စ်ဂျီအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ သူတို့အနေနဲ့ မရှုံးဖို့ အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။
အက်ဒီဟိုဝီက “ရလဒ်ကောင်းရနိုင်ဖို့အတွက် ကျနော်တို့ဟာ စွမ်းအင်တိုင်းကိုလိုအပ်ပါလိမ့်မယ်။ ဒါက ကျနော်တို့ရဲ့ ချန်ပီယံလိဂ်ရာသီမှာ အဓိပ္ပါယ်ရှိတဲ့ အခိုက်အတန့်ပါပဲ။ ကျနော်တို့ဟာ အရာအားလုံးပေးသွားမှာပါ။ ကျနော်တို့ ရှုံးပွဲမကြုံတွေ့ဖို့ အရေးကြီးပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ နေရာတိုင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေရှိတဲ့အတွက် ခံစစ်ကို အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်တာကို ရှောင်ရှားနိုင်ခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့် တက်ရောက်နိုင်မယ့် အခွင့်အရေးတွေရှိနေတာဖြစ်ပါတယ်။
နယူးကာဆယ်နှင့် ပီအက်စ်ဂျီတို့ ယခင်က တွေ့ဆုံခဲ့စဉ်
နယူးကာဆယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ ဒေါ့မွန်အသင်းကို အရေးနိမ့်ခဲ့ တာကြောင့် အုပ်စုတွင်း နောက်ဆုံးနေရာကို ရောက်ရှိနေတာပါ။
ဒါပေမယ့် ထိပ်ဆုံးနေရာက ဒေါ့မွန်အသင်းဟာ ၇ မှတ်၊ ဒုတိယနေရာမှ ပီအက်စ်ဂျီအသင်းက ၆ မှတ်၊ တတိယနေရာက အေစီမီလန်အသင်းက ၅ မှတ်၊ နောက်ဆုံးနေရာက နယူးကာဆယ်အသင်းက ရမှတ် ၄ မှတ် ရရှိထားတာကြောင့် ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒီအုပ်စုမှာ ပါဝင်နေတဲ့ အသင်းတိုင်းဟာ ၁၆ သင်း အဆင့်တက်ရောက်နိုင်မယ့် အခွင့်အရေး ရှိနေတဲ့အတွက် နယူးကာဆယ်အသင်းလည်း ဒီမျှော်လင့်ချက်ကို ဆက်ထိန်းထားနိုင်ဖို့ နည်းပြ အက်ဒီဟိုဝီက ပြောခဲ့တာပါ။
နယူးကာဆယ်အသင်း (Reuters)
နယူးကာဆယ်အသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက ပီအက်စ်ဂျီအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ အဓိက ကစားသမားတွေ ဒဏ်ရာရရှိနေတာကြောင့် အခက်တွေ့နေတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရပြီး နိုင်ပွဲ ပြန်လည်ရှာဖွေနိုင်ခဲ့တာပါ။

- By CNI
- Category: အားကစား
- Hits: 446
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈
အယ်လ်နာဆာအသင်းဟာ ပါဆီပိုလစ်အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပေမယ့် အသင်းခေါင်းဆောင် ရော်နယ်ဒိုက အသင်းရဲ့အောင်မြင်မှုကြောင့် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ကျနော်တို့ဟာ အုပ်စု ပထမနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၀ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်တဲ့ အောင်မြင်မှုကြောင့် ပျော်ရွှင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ အသင်းလိုက်လုပ်ဆောင်မှုပါ”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ပါဆီပိုလစ်အသင်းနဲ့ သရေကျခဲ့တာကြောင့် အာရှချန်ပီယံလိဂ်အုပ်စုတွင်း ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ ၁၆ သင်း အဆင့် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်းမှာ ပါဆီပိုလစ်ကစားသမားဟာ ရော်နယ်ဒိုကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။
အယ်လ်နာဆာအသင်းနှင့် ပါဆီပိုလစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်
ဒါပေမယ့် ရော်နယ်ဒိုက ဒီဖြစ်ရပ်ဟာပြစ်ဒဏ်ဘောမဟုတ်တဲ့အတွက် ပင်နယ်တီဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ ကွင်းလယ်ဒိုင်လူကြီးကို တောင်းဆိုခဲ့တာပါ။
အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးဟာ VAR နဲ့ ပြန်လည်သုံးသပ်ပြီးနောက် ဒီဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့တာပဲဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေမှာတော့ ပင်နယ်တီကိုငြင်းဆန်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်အပေါ် လေးစားကြောင်း ဖော်ပြနေကြပါတယ်။
အသက် ၃၈ နှစ် အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၂၄ ဂိုးအထိ သွင်းယူထားတာပါ။
ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အယ်လ်နာဆာအသင်းဟာ ဒီတစ်ပတ် လိဂ်ပွဲစဉ်အဖြစ် ထိပ်ဆုံးနေရာက အယ်လ်ဟီလယ်အသင်းနဲ့ နိုဝင်ဘာ ၃၀ ရက်မှာ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 597
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄
နော်ဝေအသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်တာကြောင့် လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသွင်းရှင်ဟာ ဖာရိုးကျွန်းစုအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် စကော့တလန် အသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ နော်ဝေအသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။
ဟာလန်းရဲ့ ဒဏ်ရာက မပြင်းထန်ပေမယ့် သူနာကျင်နေတယ်လို့ နော်ဝေအသင်း ဆရာဝန်က ပြောထားပါတယ်။
ဟာလန်းဟာ အခုအပတ် အစပိုင်းမှာတင် ကုသမှုခံယူနိုင်ဖို့အတွက် မန်စီးတီးအသင်းဆီ ပြန်ရောက်လာခဲ့ပြီး အသင်းရဲ့ နောက်ဆုံး လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းကို တွေ့ရစဉ်
ESPN ကတော့ ဟာလန်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲကို ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူ အကီလည်း မန်စီးတီးအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။
အကီဟာ ချယ်လ်ဆီးအသင်းနဲ့ ၄ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာကြောင့် မန်စီးတီးအသင်း အတွက် မပါဝင်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ ကစားသမားတွေနဲ့အတူ လေ့ကျင့်မှု အပြည့်အဝ ပြုလုပ်နေတာပါ။
ကိုဗာဆစ်၊ ဂျွန်စတုန်းစ်နဲ့ မာသီးယက်စ်နူနက်စ်တို့ကတော့ ဒဏ်ရာတွေကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။
ဒီနေ့မှာ ကစားမယ့် ပွဲကြီးပွဲကောင်းမတိုင်ခင်မှာ မန်စီးတီးအသင်းဟာ လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့ထက် ရမှတ် ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
လီဗာပူးလ်အသင်းကလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂိုးမတ်ဇ်၊ ဂရာဗန်ဘတ်ချ်၊ ကာတစ်ဂျုံးစ်နဲ့ ကိုနာတေးတို့ဟာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်အသင်းက ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 493
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄
စပိန်အစိုးရရှေ့နေတစ်ဦးဟာ ဘရာဇီးလ်နဲ့ ဘာစီလိုနာအသင်း နောက်ခံလူဟောင်း အဲလ်ဗတ်စ်ကို ထောင်ဒဏ် ၉ နှစ်ချမှတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ အဲလ်ဗတ်စ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွဲချက်နဲ့ စပိန်မှာ အမှု ရင်ဆိုင်နေရပါတယ်။
အဲလ်ဗတ်စ်ဟာ ဘာစီလိုနာမြို့ရှိ နိုက်ကလပ်မှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဇန်နဝါရီလကတည်းက အာမခံမရရှိဘဲ ထောင်ထဲမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။
အဲလ်ဗတ်စ်ဟာ အစောပိုင်းက လိင်ဆက်ဆံခဲ့တာကို ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ နှစ်ဦးသဘောတူ လိင် ဆက်ဆံခဲ့တာလို့ ပြောခဲ့ပါတယ်။
စပိန်အစိုးရရှေ့နေကတော့ အဲလ်ဗတ်စ်ကို ထောင်ဒဏ်အပြင် အမျိုးသမီးကိုလည်း နစ်နာကြေး ယူရို ၁၅၀,၀၀၀ ပေးဆောင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အဲလ်ဗတ်စ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ သြဂုတ်လက ဘာစီလိုနာမြို့ အနီးနားမှာရှိတဲ့ တရားရုံးတစ်ရုံးက အဲလ်ဗတ်စ်ကို တရားဝင် စွဲချက်တင် ခဲ့ပြီး နောက်ပိုင်းမှာ သူ့ကို ရုံးတင်စစ်ဆေးဖို့ လုံလောက်တဲ့ အထောက်အထားတွေရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ရုံးတင်စစ်ဆေးမယ့် ရက်ကိုတော့ အခုထိ သတ်မှတ်ရခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ အဲလ်ဗတ်စ်ဟာ ဖမ်းဆီးခံခဲ့ရ ပြီးနောက် မက္ကဆီကိုကလပ် UNAM ကလည်း သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။
အဲလ်ဗတ်စ်အနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ် ၄ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
အဲလ်ဗတ်စ်ဟာ ကစားသမားဘဝမှာ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ဆီဗီလာ စတဲ့ ထိပ်တန်း အသင်းကြီး တွေမှာ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို ဘရာဇီးလ်အသင်းနဲ့လည်း ကိုပါအမေရိက ဖလား၊ ကွန်ဖက်ဒရေးရှင်းဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 424
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄
အာဂျင်တီးနားအသင်းအတွက် ၁၅ နှစ်ကြာပါဝင်ကစားပြီးနောက် လာမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူတော့မယ်လို့ တောင်ပံကစားသမား ဒီမာရီယာက ပြောလိုက်ပါတယ်။
ဒီမာရီယာက “ကိုပါအမေရိကဖလားဟာ အာဂျင်တီးနားအင်္ကျီဝတ်ဆင်ပြီး ကျနော်နောက်ဆုံးယှဉ်ပြိုင်မယ့် ပြိုင်ပွဲဖြစ်ပါလိမ့်မယ်။ ကျနော့်ရဲ့ ကစားသမားဘဝမှာ အလှပဆုံးဖြစ်ခဲ့တဲ့အရာကို နှုတ်ဆက်ရပါတော့မယ်။ ပြီးခဲ့တဲ့ ဘရာဇီးလ်အသင်းနဲ့ပွဲမှာ ပရိသတ်တွေရဲ့အားပေးမှုဘယ်လောက်အထိ ရခဲ့လဲဆိုတာ စကားလုံးတွေနဲ့ ဖော်ပြလို့မရပါဘူး။ ကျနော့်ရဲ့ အသင်းဖော်တွေ၊ သူငယ်ချင်းတွေနဲ့ စက္ကန့်တိုင်းကို ကျနော်ပျော်ရွှင်ခဲ့ရပါတယ်” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
၂၀၀၈ ခုနှစ်မှာ အာဂျင်တီးနားအသင်းအတွက် စတင်ပွဲဦးထွက်ခဲ့တဲ့ ဒီမာရီယာဟာ နိုင်ငံအသင်းအတွက် ၁၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၉ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမာရီယာဟာ အာဂျင်တီးနားအသင်းဆုဖလားရရှိခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၂ Finalissima ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ သူလည်း ဖြစ်တာပါ။ အသက် ၃၅ နှစ်အရွယ်ရှိ ဒီမာရီယာဟာ အာဂျင်တီးနားအိုလံပစ်အသင်းနဲ့ ၂၀၀၈ အိုလံပစ် ပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းနဲ့ အဓိကဆုဖလားတွေအားလုံးရယူနိုင်ခဲ့တဲ့ ဒီမာရီယာဟာ ၂၀၂၄ ခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ အာဂျင်တီးနားအသင်းဟာ အမေရိကန် နိုင်ငံမှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီမာရီယာဟာ ပြီးခဲ့တဲ့ နွေရာသီက ၂၀၀၇ ကနေ ၂၀၁၀ ခုနှစ်အထိ ကစားခဲ့တဲ့ ဘင်ဖီကာအသင်းထံပြန်လည် ရောက်ရှိလာခဲ့ပြီး ၁၄ ပွဲ ပါဝင်ကစားထားကာ ၇ ဂိုးသွင်းယူထားတာပါ။
ဒီမာရီယာဟာ ကလပ်အသင်းအဆင့်မှာ ရီးရယ်လ်၊ ယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters

- By CNI
- Category: အားကစား
- Hits: 408
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄
ယူနိုက်တက်အသင်းဟာ ရာသီအစပိုင်းမှာ ပြဿနာတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ လမ်းကြောင်းမှန်ပေါ် ဦးတည်နေပြီလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ရဲ့ ရာသီအစဟာ ခက်ခဲခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိနိုင်ပွဲ ရယူ နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ဦးတည်နေပြီလို့ ထင်ပါတယ်။ ကျနော်တို့ဟာ ဒီဇင်ဘာလထဲမှာ ကစားမယ့် ပြင်းထန်တဲ့ပွဲတွေကို မသွားခင်မှာ ယုံကြည်မှုအပြည့်ရှိအောင် တည်ဆောက် နေပါတယ်။ ကျနော်တို့ဟာ ဒီထက်ပိုပြီးတိုးတက်လာမယ့် လက္ခဏာတွေရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ လွယ်ကူတဲ့ပွဲတစ်ပွဲမှ မရှိတဲ့အတွက် အသင်းတိုင်းဟာ အမှတ်တွေဆုံးရှုံးနိုင်တယ်”လို့ beINSports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့စတင်မှုနဲ့ ကြုံတွေ့ခဲ့ရသလို ကာရာဘောင်းဖလားပြိုင်ပွဲကနေလည်း စောစီးစွာထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ကလပ် ဟာ နောက်ပိုင်းမှာ နိုင်ပွဲတွေပြန်လည်ရယူနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲ အထိ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲတွေကြောင့် အဆင့် ၁ နေရာက မန်စီးတီးအသင်း နဲ့ ၇ မှတ်အကွာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်က ယူနိုက်တက်အသင်းဟာ တိုးတက်နေပြီး လမ်းကြောင်းမှန်ပေါ် ဦးတည် နေတယ်လို့ ယုံကြည်မှုရှိနေတာပါ။ ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး ပထမဆုံးပွဲစဉ်အဖြစ် ပြန် ကစားမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်အပတ်မှာ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲမရယူနိုင်ခဲ့ရင် ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။
ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကတ်စမဲရိုး၊ လီဆန်ဒရိုမာတီနက်ဇ်၊ အီဗန်စ်၊ အဲရစ်ဆန်နဲ့ ဟော့ဂျ်လန်းတို့ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ဘယ်နောက်ခံလူ လုပ်ခ်ရှော ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ နည်းပြ အဲရစ်တန်ဟတ်ကတော့ အဲဗာတန် အသင်းနဲ့ ပွဲစဉ်မှာ လုပ်ခ်ရှောပါဝင်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။
Source:Besoccer

- By CNI
- Category: အားကစား
- Hits: 581
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်မှာ နည်းပြအဖြစ် သွားရောက်လုပ်ကိုင်ဖို့ အစီအစဉ်ရှိတယ်လို့ အတည်ပြု လိုက်ပါတယ်။
မော်ရင်ဟိုက “အားလပ်တဲ့အချိန်တွေမှာ ဆော်ဒီကို သွားရောက်မှာဖြစ်ပေမယ့် အဲ့ဒီမှာ အလုပ်လုပ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဘယ်အချိန် ဖြစ်မလဲဆိုတာ ကျနော်မသိပေမယ့် တစ်နေ့မှာ သွားမယ်ဆိုတာတော့ သေချာပါ တယ်။ ရိုးမားအသင်းအတွက် နောက်ဆုံးနေ့အထိ ကျနော်အရာအားလုံးကို ပေးသွားမှာပါ။ အနာဂတ်ကို ဘယ်သူမှ မသိပေမယ့် ကျနော် ဆော်ဒီမှာသွားပြီး နည်းပြအဖြစ် အလုပ်လုပ်မယ်ဆိုတာတော့ သေချာတယ်”လို့ ပြောပါ တယ်။
မော်ရင်ဟိုကို တွေ့ရစဉ်
အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အသင်းတစ်သင်းရဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး ရိုးမားအသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရိုးမားအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ မော်ရင်ဟိုဟာ စာချုပ်ကုန်ဆုံးချိန်မှာ အီတလီကလပ်ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းထံ ပြန်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
မော်ရင်ဟိုက “ရီးရယ်လ်မှာ စူပါနည်းပြတစ်ဦးရှိတဲ့အတွက် ဘာကြောင့် နောက်တစ်ဦးကို စဉ်းစားနေမှာလဲ။ နောက်ရာသီမှာလည်း အန်ဆယ်လော့တီကလည်း ဆက်ပြီးရှိနေဦးမှာပါ။ သူက ရီးရယ်လ်အတွက် ပြီးပြည့်စုံတဲ့ နည်းပြဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး စပိန်လာလီဂါ ဆုဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 701
CNI Sport News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃
အပြောင်းအရွှေ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ ၂၀၀၈ ခုနှစ်က စပါးအသင်းကနေ ပို့စ်မောက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဒီဖိုးရဲ့ အပြောင်းအရွှေ့ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
စပါးအသင်းဟာ ပို့စ်မောက်အသင်းထံ ပေါင် ၇.၅ သန်းနဲ့ ပြောင်းရွှေ့မယ့် ဒီဖိုးရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာမှာ လိုင်စင်မဲ့ အေးဂျင့်အသုံးပြုခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့ ဖြစ်ခဲ့တုန်းက FA ဟာ စပါးအသင်းကို အရေးယူမှု မပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။
ကလပ်အသင်းတွေဟာ အေးဂျင့်တွေနဲ့ ပတ်သက်ပြီး FA ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် အမှတ်လျှော့ ပြစ်ဒဏ်၊ အပြောင်းအရွှေ့ ပိတ်ပင်တဲ့ပြစ်ဒဏ်တွေ ကျခံရဖို့ ရှိနေတာပါ။
ဒီဖိုးကို တွေ့ရစဉ်
၂၀၀၈ ခုနှစ်က လူတန်တောင်းအသင်းဟာ အေးဂျင့်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ စပါးအသင်း ကစားသမားဟောင်း သောမတ်စ်ဟာ ဒီဖိုးရဲ့ အပြောင်းအရွှေ့မှာ အဓိက အရေးပါတဲ့ သူဖြစ်ခဲ့ပြီး သူဟာ ဒီအချိန်တုန်းက လိုင်စင်မဲ့အေးဂျင့်ဖြစ်နေတယ်လို့ Times က ဖော်ပြခဲ့ပါတယ်။
အေးဂျင့်တွေဟာ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ လုပ်ဆောင်ခွင့်ရှိပေမယ့် လိုင်စင် ကိုင်ဆောင် ထားရပြီး တရားဝင် ကိုယ်စားပြုတဲ့ စာချုပ်ရှိနေရမှာပါ။
FA ရဲ့ စည်းမျဉ်းတွေမှာ ကလပ်အသင်းတွေနဲ့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် လိုင်စင်မဲ့ အေးဂျင့်အသုံးပြုခွင့် မရှိဘူးလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် တန်းဆင်းတဲ့အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။
မကြာသေးခင်က အဲဗာတန်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံထားရပြီး စပါးအသင်းလည်း ဒီလိုမျိုး အရေးယူခံရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source: Daily Mail