CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁

ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဖီးလ်ဂျုံးစ်က သူ့ရဲ့ကစားသမားဘဝကို ရှက်ဖို့ကောင်းတယ်လို့ ပရိသတ်တစ်ဦးရဲ့ ပြောဆိုမှုအပေါ် ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

ဖီးလ်ဂျုံးစ်က “ကျနော်ဟာ ယူနိုက်တက်မှာ ၁၀ နှစ်ကြာရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားလည်း ရခဲ့သလို ပွဲပေါင်း၂၀၀ ကျော်လည်း ကစားခဲ့ပါတယ်။ ပြီးတော့ ယူနိုက်တက်အသင်းနဲ့အတူ FA ဖလား၊ ယူရိုပါလိဂ်ဖလားတွေလည်း ရခဲ့ပြီး အင်္ဂလန်အသင်းနဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒါကို ရှက်ဖို့ကောင်းတယ် ဆိုပြီး ပြောဖို့ကြိုးစားနေတာလား”ဟု  High Performance podcast ကိုပြောခဲ့တာပါ။ 

ဘလက်ဘန်းအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဖီးလ်ဂျုံးစ်ကို ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက် ၂၀၁၁ ခုနှစ်မှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

ဖီးလ်ဂျုံးစ်ဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ အလားအလာ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ 

ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်း ကစားသမားဘဝ အစပိုင်းမှာ ပွဲအများအပြား ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်း မှာ ဒဏ်ရာနှိပ်စက်မှုတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

ဖီးလ်ဂျုံးစ်ကို တွေ့ရစဉ်

ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းအတွက် ကစားခဲ့တဲ့ နောက်ဆုံး ၄ ရာသီမှာ ၁၃ ပွဲသာ ကစားနိုင်ခဲ့ပြီး စာချုပ် ကုန်ဆုံးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာဆိုရင် တစ်ပွဲမှတောင် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိတာပါ။

ဖီးလ်ဂျုံးစ်ဟာ သူ့ရဲ့ဆိုးရွားတဲ့ ဒဏ်ရာမှတ်တမ်းတွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို မကြာခဏ ဆိုသလို ခံခဲ့ရသလို ရှက်ဖို့ကောင်းတယ်ဆိုပြီး ပြောဆိုမှုတွေပါ ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဖီးလ်ဂျုံးစ်က သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။ 

အင်္ဂလန်အသင်းအတွက် ၂၇ ပွဲ ပါဝင်ကစားခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်ဖို့ လုပ်ဆောင်နေပြီး ယူနိုက်တက် အကယ်ဒမီအသင်းတွေမှာ နည်းပြအဖြစ် စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal