CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမား ဘာ့ဂ်ဝင်းချ်ကို ဝေဖန်ခဲ့ပြီး သူ့ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ဖို့ မစဉ်းစားတော့ဘူးလို့ ပြောခဲ့ပါတယ်။

ရော်နယ်လ်ကိုးမန်းက “ဘာ့ဂ်ဝင်းချ်ကို လက်ရွေးစင်အတွက် ရွေးချယ်ဖို့က ပိတ်သွားပါပြီ။ သူဟာ အသက် ၂၆ နှစ်ပဲ ရှိသေးတာကြောင့် သူ့ရဲ့အဓိက ရည်မှန်းချက်က အားကစားပဲ ဖြစ်ရာမှာပါ၊ ငွေရေးကြေးရေး မဖြစ်ရပါဘူး။ ဒါပေမယ့် ဒါတွေက ကစားသမားတွေရဲ့ ရွေးချယ်မှုပါ။ သူဟာ အေဂျက်စ်မှာ ဆက်ရှိရင်တောင် မဆိုးပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ ကျနော့်ကို မဆက်သွယ်သေးပါဘူး။ ဒီအပြောင်းအရွှေ့ကို ကျနော် ဘယ်လိုတွေး နေလဲဆိုတာ သူသိပါတယ်”လို့ ပြောခဲ့တာပါ။ 

ဘာ့ဂ်ဝင်းချ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အေဂျက်စ်အသင်းကနေ အယ်လ်အစ်တီဟတ်အသင်းထံ ယူရို ၂၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

ဘာ့ဂ်ဝင်းချ်ဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ဘန်ဇီမာ၊ ကန်တီ၊ ဖာဘင်ဟို၊ ဒီယာဘီတို့နဲ့ အတူတွဲ ကစားရ တော့မှာပါ။ 

အသက် ၂၆ နှစ်အရွယ်ရှိ ဘာ့ဂ်ဝင်းချ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ပါဝင်ခဲ့သလို နိုင်ငံအသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

 ရော်နယ်လ်ကိုးမန်းကို တွေ့ရစဉ်

လာမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် နယ်သာလန်အသင်း လူစာရင်းမှာ အဓိက ကစားသမားဖြစ်တဲ့ ဒီပိုင်းလည်း ရွေးချယ်ခြင်း မခံရပါဘူး။ 

ဒီပိုင်းဟာ အသလက်တီကိုအသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းသစ် မရရှိသေးတာကြောင့် သူ့ကို မရွေးချယ်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ရွေးချယ်နိုင်တယ်လို့ ရော်နယ်လ်ကိုးမန်းက ပြောခဲ့ပါတယ်။ 

ဒါအပြင် ရော်နယ်လ်ကိုးမန်းက အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ အနည်းဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ နိုင်ငံအသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

နယ်သာလန်အသင်းဟာ နေးရှင်းလိဂ်ပွဲတွေအဖြစ် ဘော့စနီးယား၊ ဂျာမနီအသင်းတို့နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN