CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၄

အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဖိုဒန်၊ ပါလ်မာနဲ့ ဝက်ကင်စ်တို့ဟာ နေးရှင်းလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်မယ့် နိုင်ငံအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ 

မကြာသေးခင်ကမှ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ မန်စီးတီးအသင်း ကစားသမား ဖိုဒန်ဟာ ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ 

ချယ်လ်ဆီးအသင်းက ပါလ်မာနဲ့ အက်စတွန်ဗီလာအသင်းက ဝက်ကင်စ်တို့ဟာ နိုင်ငံအသင်းထံ ပူးပေါင်းဖို့ သတင်းပို့ခဲ့ပေမယ့် သူတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ ကလပ်အသင်းတွေထံ ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် အိုင်ယာလန်၊ ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယာယီနည်းပြ လီကာစလေဟာ သူ့ရဲ့ အင်္ဂလန်အသင်းနည်းပြဘဝ ပထမဆုံးပွဲတွေကို တာဝန်ယူ ကိုင်တွယ်ရ တော့မှာပါ။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ နည်းပြရာထူးက နုတ်ထွက်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့နေရာမှာ အင်္ဂလန် ယူ-၂၁ အသင်းနည်းပြ လီကာစလေကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကို တွေ့ရစဉ်

လီကာစလေဟာ နေးရှင်းလိဂ်ပွဲတွေ ကစားမယ့် အင်္ဂလန်အသင်း လူစာရင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ လီဗရာမန်တို၊ အိန်ဂျယ်လ်ဂိုးမက်စ်၊ ဂစ်ဘ်ဝှိုက်နဲ့ မာဒူကီတို့ကို ရွေးချယ်ခဲ့တာပါ။

ဒီကစားသမားတွေဟာ လီကာစလေ လက်အောက် အင်္ဂလန် ယူ-၂၁ အသင်းမှာ ကစားခဲ့ကြပြီး ခြေစွမ်းပြသ နိုင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။

ယာယီနည်းပြ လီကာစလေဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ လူစာရင်းထဲ မပါဝင်ခဲ့တဲ့ မန်စီးတီးအသင်းက ဂရီလစ်ရှ်နဲ့ ယူနိုက်တက်အသင်းက မက်ဂွဲယားတို့ကို နေးရှင်းလိဂ်ပွဲတွေအတွက် ပြန်လည်ရွေးချယ်ခဲ့တာပါ။ 

အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၇ ရက်မှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် အိုင်ယာလန်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC