
- By CNI
- Category: အားကစား
- Hits: 526
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
ယူနိုက်တက်အသင်းဟာ သြဂုတ် ၁၄ ရက်မှာကစားမယ့် ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မတိုင်ခင် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက်တွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက ယူနိုက်တက်အသင်း အတွက် ပါဝင်ကစားခွင့် မရခဲ့ပါဘူး။
ဒါပေမယ့် ဖေဖော်ဝါရီ ၂ ရက်မှာတော့ သူ့အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေအားလုံးကို ရုပ်သိမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ အသင်းအတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ဂရင်းဝုဒ်ကို အသင်းထံ ပြန်လာခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ဘောလုံးပြန်ကစားခွင့် ရချင်နေတာကြောင့် တစ်ဦးထဲ လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ကြံ့ခိုင်မှုကောင်းမွန်အောင် လုပ်ဆောင်နေတာပါ။
ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စီးရီးအေကလပ် အသင်းတွေအပြင် အသင်းတချို့က ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ နည်းပြ အဲရစ်တန်ဟတ်က ဂရင်းဝုဒ်ကို အခွင့်အရေး ပေးချင်နေတာကြောင့် အပြီးသတ် ရောင်းချတာထက် အငှားနဲ့ ထွက်ခွာခွင့်သာ ပေးချင်နေတာပါ။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဒါပေမယ့် ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို အသင်းမှာရှိတဲ့ တာဝန်ရှိသူတွေကသာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ နည်းပြ က အမေရိကန် ရာသီကြိုခရီးစဉ်မှာ ပြောခဲ့ပါတယ်။
အခုအချိန်မှာ ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ အသင်းရဲ့ လုပ်ငန်းစဉ်တွေဟာ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ဝုလ်ဗ်စ် အသင်းနဲ့ ပွဲမတိုင်ခင်မှာ ယူနိုက်တက်အသင်းဘက်က ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းကို အသက် ၆ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ အသင်းအတွက် ပွဲပေါင်း ၁၂၉ ပွဲ ပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 492
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီနဲ့ ဒမ်ဘီလီတို့ဟာ ပြီးခဲ့တဲ့လတွေထဲက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်ကလပ်ဟာ အခု အပတ် အစောပိုင်းက ကစားသမားနဲ့ စပိန်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀ ကို အသက်သွင်းဖို့ လုပ်ဆောင်ခဲ့တာပါ။
ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးဟာ သြဂုတ် ၁ ရက်မှာ ယူရိုသန်း ၁၀၀ အထိ မြှင့်တက်သွားမှာဖြစ်လို့ ပီအက်စ်ဂျီအသင်းဟာ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ပီအက်စ်ဂျီအသင်းရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုဖို့အတွက် နှုတ်နဲ့ သဘောတူ ညီမှု ရရှိထားပါတယ်။
ပြင်သစ်ကလပ်ဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းထံ တရားဝင် စာပေးပို့ထားပြီး ဒီအပတ်ထဲမှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒမ်ဘီလီကို တွေ့ရစဉ်
ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စာချုပ်ကုန်ဆုံးမှာပါ။
ပီအက်စ်ဂျီအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီကို ဆုံးရှုံးခဲ့သလို ဘတ်ပီကလည်း ထွက်ခွာသွား ဖွယ် ရှိတာကြောင့် တိုက်စစ် ကစားသမားနေရာအတွက် အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပြင်သစ်ကလပ်ဟာ အခုအပြောင်းအရွှေ့မှာ အဆန်စီယို၊ လီကန်အင်တို့ပြီးနောက် တတိယမြောက် တိုက်စစ် ကစားသမား ခေါ်ယူမှုအဖြစ် ဒမ်ဘီလီကို ခေါ်ယူဖို့ လုပ်ဆောင်နေခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ပြင်သစ်ကစားသမားဟာ ၂၀၁၇ ခုနှစ်က ဒေါ့မွန်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာ တွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် မနှစ်ကရာသီမှာတော့ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းက ရီးရယ်လ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ၁ ဂိုးသွင်းယူခဲ့ပြီး ဒီပွဲဟာ သူ့အတွက် စပိန်ကလပ် ကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 520
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် အသင်းကို ကိုင်တွယ်ဖို့ မရောက်ခင် ပြီးခဲ့တဲ့နှစ် နွေရာသီက ယူနိုက်တက်ကနေ ထွက်ခွာဖို့ စဉ်းစားခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်က “အဲရစ်တန်ဟတ် မရောက်လာခင်က အသင်းက ထွက်ခွာဖို့ အနည်းငယ် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးမှာ ဖြစ်ပျက်တတ်တဲ့ အရာတွေပါပဲ။ အရာအားလုံးက အကြောင်းပြချက်တွေနဲ့ ဖြစ်ပျက်ခဲ့ပြီး ကျနော့်အတွက် မှန်ကန်တဲ့အချိန်မှာ နည်းပြက အသင်းကို ရောက်ရှိလာခဲ့ပါတယ်။ နည်းပြဟာ အသင်းကို ရောက်ရှိလာခဲ့တဲ့ အချိန်ကတည်းက အလွန်ရည်မှန်းချက် ကြီးမားပါတယ်”လို့ ပြောခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ဇူလိုင်လ အစောပိုင်းကမှ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ ယူနိုက်တက် အသင်းမှာ ၂၀၂၈ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ကစားသမားဟာ အဲရစ်တန်ဟတ် လက်ထက်မှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ပုံစံ မရရှိခင် ငယ်ဘဝကလပ်ကနေ ထွက်ခွာဖို့ စဉ်းစားခဲ့တာပါ။
ရက်ရှ်ဖို့ဒ်နဲ့ နည်းပြ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
အဲဒီအချိန်တုန်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားပြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံဂိုး ၃၀ သွင်းယူခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ တတိယ၊ ကာရာဘောင်းဖလား ချန်ပီယံဆုနဲ့ FA ဖလားဗိုလ်လုပွဲ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်း နည်းပြ အဲရစ်တန်ဟတ်က ရက်ရှ်ဖို့ဒ် အနေနဲ့ မှန်ကန်တဲ့ စိတ်သဘောထား ဆက်ပြီးရှိ နေမယ်ဆိုရင် အခုလာမယ့် ရာသီမှာ ဂိုး ၃၀ ထပ် ပြီးသွင်းယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ဒါက အာရုံစူးစိုက်မှုပါပဲ။ ပွဲတိုင်းမှာ အခွင့်အရေး မရနိုင်ပေမယ့် အခွင့်အရေး ရပြီဆိုရင်လည်း ဒါကို ကောင်းမွန်စွာ အသုံးချနိုင်ရပါမယ်။ ကျနော်သာ ဒါကို ဆက်ပြီးအာရုံစိုက် နေမယ်ဆိုရင် မနှစ်က ပြုလုပ်ခဲ့တာ ထက် ဂိုးပိုပြီးသွင်းယူနိုင်မှာပါ။ နည်းပြက ကျနော့်ကို ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ တိုးတက်စေချင်နေပါ တယ်။ ကျနော် ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ထားသလို မနှစ်ကထက် ပိုပြီးကောင်းမွန်အောင် လုပ်သွားပါ မယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒေါ့မွန်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် လန်းစ်၊ ဘီလ်ဘာအိုတို့နဲ့ ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 442
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉
စပိန်နောက်ခံလူဟောင်း ရာမို့စ်ဟာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရာမို့စ်ဟာ ပီအက်ဂျီအသင်းမှာ ၂ နှစ်ကြာ ကစားပြီးနောက် စာချုပ်ကုန်ဆုံးခဲ့လို့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရာမို့စ်ဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘဲ အသင်းသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။
ရီးရယ်လ် ကစားသမားဟောင်းဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
ရာမို့စ်ဟာ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အင်တာမိုင်ယာမီ အသင်းက စပိန် ကစားသမားဟောင်းအတွက် လက်တွေ့ကျတဲ့ ရွေးချယ်မှု ဖြစ်မလာခဲ့ပါဘူး။
Mundo Deportivo က ရာမို့စ်ဟာ လက်ရှိ မေဂျာလိဂ်ချန်ပီယံ လော့စ်အိန်ဂျလိစ် အသင်းအတွက် ပြောင်းရွှေ့ နိုင်ဖွယ်ရှိပြီး ပီအက်စ်ဂျီ အသင်းဖော်ဟောင်း မက်ဆီနဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
ရာမို့စ်နဲ့ မက်ဆီကိုတွေ့ရစဉ်
ရာမို့စ်နဲ့ မက်ဆီတို့ဟာ ရီးရယ်လ်၊ ဘာစီလိုနာအသင်းတွေမှာ ခါးသီးတဲ့ ပြိုင်ဘက်အဖြစ် ရှိခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းမှာ ၂ နှစ်ကြာ အတူတွဲကစားကာ ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ တာပါ။
သူတို့နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ရာသီ အကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် မက်ဆီကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက အင်တာမိုင်ယာမီ အသင်းကို ရွေးချယ်ခဲ့ တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီအပြင် ဘတ်စ်ကွက်စ်နဲ့ အယ်လ်ဘာတို့ကို ခေါ်ယူပြီးနောက် ရာမို့စ်ကိုပါ ထပ်မံ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပိုပြီးအင်အား တောင့်တင်းသွားဖွယ် ရှိနေတာပါ။
ဒါပေမယ့် ရာမို့စ်ဟာ ရီးရယ်လ် အသင်းဖော်ဟောင်း ဂါရတ်ဘေးလ်ရဲ့ နောက်ကိုလိုက်ပြီး လော့စ်အိန်ဂျလိစ် အသင်းထံ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ် အသင်းဟာ ကျင်းပနေတဲ့ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အနောက်ပိုင်းဇုန်မှာ ၂၃ ပွဲ ကစားအပြီး ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 453
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉
WTA ပရာ့ဂ်အိုးပန်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံအတွင်း ရောက်ရှိလာခဲ့တဲ့ ရုရှားတင်းနစ်မယ်ကို ချက်ရဲတပ်ဖွဲ့က တားဆီးခဲ့တယ်လို့ ဘီဘီစီ အားကစားပိုင်းမှာ ဖော်ပြထားပါတယ်။
ချက်အစိုးရဟာ နိုင်ငံအတွင်းမှာရှိတဲ့ ဘယ်ပြိုင်ပွဲမှာမဆို ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားတာပါ။ ဒါပေမယ့် ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမား အများအပြားဟာ ကြားနေ အဖြစ် ပရာ့ဂ်အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ မီရိုဆလက်ဗ်က “သူမဟာ ရုရှားပတ်စပို့နဲ့ ချက်နိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ သူပါ။ ဒီပြိုင်ပွဲရဲ့ စီမံခန့်ခွဲမှုအရ ပြည်နယ်အာဏာပိုင်တွေရဲ့ လက်ရှိရပ်တည်ချက်ကို အပြည့်အဝ လေးစားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရုရှား ဒါမှမဟုတ် ဘယ်လာရုစ် နိုင်ငံသား အားကစားသမားတွေ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ မမျှော်လင့်ထားပါဘူး”လို့ ပြောပါတယ်။
အမျိုးသမီး တင်းနစ်မယ် ၂ ဦးကိုတွေ့ရစဉ်
အမျိုးသမီးတင်းနစ် အဖွဲ့အစည်း(WTA)က ကစားသမားတွေ အားလုံးကို ခွဲခြားထားခြင်းမရှိဘဲ သူတို့ရဲ့ အရည် အချင်းပေါ် မူတည်ပြီး ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ပြုရမယ်လို့ ပြောခဲ့ပါတယ်။
WTA က “ဒီလိုရှုပ်ထွေးတဲ့ ပထဝီဝင် နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ထည့်သွင်း စဉ်းစားမှုတွေ ကို ထည့်သွင်းထားတဲ့အတွက် ဒါကိုဆက်ပြီး သုံးသပ်သွားရမှာပါ။ WTA စည်းမျဉ်းအရတော့ ကစားသမား အားလုံး ကို ခွဲခြားမှုမရှိဘဲ ယှဉ်ပြိုင်ခွင့် ပြုထားပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ရုရှားတင်းနစ်သမား ဇဗိုနာရီဗာဟာ နိုင်ငံတော်လုံခြုံရေး၊ ပြည်သူတွေရဲ့ လုံခြုံရေး အကြောင်း ပြချက်နဲ့ ဝါဆောအိုးပန်း ပြိုင်ပွဲအတွက် ပိုလန်နိုင်ငံ ဝင်ရောက်ခွင့် တားမြစ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံကို ကျူးကျော်မှုတွေ ဆက်လက် ပြုလုပ်နေတာကြောင့် အခုလို ရုရှားကစားသမား တွေဟာ တားမြစ်ပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 804
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉
ယူနိုက်တက်အသင်းဟာ နောက်ခံလူ မက်ဂွဲယားအတွက် ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ပယ်ချလိုက်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အခုလအစောပိုင်းက မက်ဂွဲယားအတွက် အငှားနဲ့ခေါ်ယူဖို့ ချဉ်းကပ်မှုပြုလုပ်ခဲ့တာကို ယူနိုက်တက်အသင်းက ပယ်ချပြီးနောက် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုပြုလုပ်လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ မက်ဂွဲယားအတွက် ပေါင်သန်း ၄၀ ဈေးနှုန်းသတ်မှတ်ထားတာဖြစ်ပြီး လန်ဒန်ကလပ်ရဲ့ ကမ်းလှမ်းမှုဟာ မန်ချက်စတာကလပ်လိုချင်တဲ့ ပမာဏနဲ့နီးစပ်မှုမရှိတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ အခုအပြောင်းအရွှေ့မှာ မက်ဂွဲယားအပြင် ကွင်းလယ်လူ တော်မီနေးကိုပါ ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်အသင်းသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားနေတာကြောင့် အခက် တွေ့နေတာပါ။ မက်ဂွဲယားဟာ မကြာသေးခင်ကမှ ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှား ခံခဲ့ရ ပေမယ့် အသင်းမှာ နေရာတစ်နေရာရဖို့အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းနောက်ခံလူ မက်ဂွဲယားနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံး မှာဖြစ်ပြီး လာမယ့်ရာသီမှာလည်း ပုံမှန်ကစားခွင့်ရဖို့ မသေချာပါဘူး။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က မက်ဂွဲယားအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်ချင်တယ်ဆိုရင် ပုံမှန်ကစားခွင့်ရဖို့ လိုအပ်တယ်လို့ ပြောထားခဲ့ပါတယ်။
ကစားသမားဟောင်းတွေကလည်း မက်ဂွဲယားကို ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းထားတာပါ။
အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆၂ ပွဲမှာ ၃၁ ပွဲ သာ ပါဝင်ကစားခဲ့ရပြီး ပွဲအများစုက လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ပေါင်သန်း ၈၀ နဲ့ လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ပွဲ ပေါင်း ၁၇၅ ပွဲပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူထားပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 481
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉
ဂျူဗင်တပ်စ်အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တဲ့အတွက် ရာသီသစ် ယူရိုပါကွန်း ဖရန့်လိဂ် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒဏ်ကြေးငွေပါ ချမှတ်ခံခဲ့ရပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကိုလည်း ဘဏ္ဍာရေး အချက်အလက် တင်ပြတာမှာ ပြည့်စုံမှုမရှိတဲ့အတွက် ဒဏ်ကြေးငွေ ချမှတ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ၂၀၁၂ ကနေ ၂၀၁၉ ခုနှစ်အထိ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ဒဏ်ကြေးငွေ ပေါင် ၁၇.၁၄ သန်းနဲ့ ချယ်လ်ဆီးအသင်းက ဒဏ်ကြေးငွေ ပေါင် ၈.၅၇ သန်း ချမှတ်ခံခဲ့ရတာပါ။
အီတလီကလပ်ဟာ လာမယ့် ၃ နှစ်အတွင်းမှာ ဘဏ္ဍာရေးစည်းမျဉ်း မှတ်တမ်းတွေကို လိုက်နာခဲ့မယ်ဆိုရင် လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ကြေးငွေ တစ်ဝက်သာ ပေးဆောင်ရမယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းကတော့ ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ဒဏ်ကြေးငွေကို ပေးဆောင်ဖို့ သဘောတူညီမှု ရရှိထားတာပါ။
ဂျူဗင်တပ်စ် အိမ်ကွင်းကိုတွေ့ရစဉ်
လန်ဒန်ကလပ်ဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လက်ထက် ကစားသမား ၁၉ ဦး ဝယ်ယူခဲ့တာမှာ ပေါင်သန်း ၆၀၀ သုံးစွဲခဲ့ပေမယ့် ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် ဒဏ်ကြေးငွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် ဂျူဗင်တပ်စ်အသင်း နေရာမှာ ဖီအိုရင်တီးနားအသင်းနဲ့ အစားထိုးမယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အပြောင်းအရွှေ့ ကိစ္စရပ်တွေကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီက ရမှတ် ၁၀ မှတ် အလျှော့ ခံခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးခဲ့ပြီး ဥရောပရဲ့ တတိယတန်းပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဒီပြိုင်ပွဲမှာပါ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ပါ။
အဲ့ဒါကြောင့် အီတလီကလပ်ဟာ ရာသီသစ်မှာ ဥရောပဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်တော့ဘဲ ပြည်တွင်း ပြိုင်ပွဲတွေကိုသာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 347
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
အေဂျတ်စ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကူဒူစ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ထပ်ပြီး မြှင့်တက်လာမယ်လို့ သတိပေးလိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ကူဒူစ်ဟာ ပြီးခဲ့တဲ့ရာသီက ဒတ်ချ်ကလပ် အသင်းအတွက် ၁၈ ဂိုး သွင်းယူခဲ့ပြီးနောက် လန်ဒန်ကလပ်နှစ်သင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။
လက်ရှိအချိန်မှာ အေဂျတ်စ်အသင်းဟာ ကူဒူစ်ကို ပေါင်သန်း ၄၀ တန်ကြေး သတ်မှတ်ထားပေမယ့် စက်တင်ဘာ ၁ ရက်မှာ ပိတ်မယ့် အပြောင်းအရွှေ့ နီးကပ်လာချိန်မှာ ပြောင်းရွှေ့ကြေးဟာ ထပ်ပြီးမြှင့်တက်လာနိုင်တယ်လို့ အားကစားဒါရိုက်တာက ပြောခဲ့တာ ဖြစ်ပါတယ်။
အေဂျတ်စ် အားကစားဒါရိုက်တာက “ကူဒူစ်အကြောင်းကို အလွတ်သဘော မေးမြန်းစုံစမ်းထားတဲ့ ကလပ်အသင်း တွေရှိပါတယ်။ ဘောလုံးလောကမှာ အရာအများအပြား ကွဲပြားနိုင်တယ်ဆိုတာကို ခင်ဗျားတို့ သိပေမယ့် မကြာခင် မှာ ကမ်းလှမ်းမှု ပြုလုပ်မယ့် အရာတွေကိုတော့ မျှော်လင့်ထားခြင်း မရှိပါဘူး။ ကျနော်တို့အတွက်က ကစားသမား တွေနဲ့ ဆက်ဆံရေးကောင်းဖို့က အရေးကြီးပါတယ်။ အပြောင်းအရွှေ့ပိတ်ဖို့ နီးကပ်လာပြီဆိုရင်တော့ ပြောင်းရွှေ့ ကြေးက ပိုပြီးတက်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ကူဒူစ်ကို တွေ့ရစဉ်
အေဂျတ်စ်အားကစား ဒါရိုက်တာက ကူဒူစ်နဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ အယ်လ်ဗားရတ်ဇ်တို့အတွက် အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းခဲ့ရင်တော့ ထွက်ခွာခွင့်ပေးမယ်လို့ ပြော ထား ပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် ဂါနာ လက်ရွေးစင် ကစားသမားဟာ ချယ်လ်ဆီးအသင်းထက် အာဆင်နယ်အသင်းကိုသာ ပိုပြီးပြောင်းရွှေ့ ချင်နေတယ်လို့ သိရပါတယ်။
ကူဒူစ်ဟာ လက်ရှိအချိန်မှာ အသေးစား ခြေကျင်းဝတ်ဒဏ်ရာကို ခံစားနေရပေမယ့် ရာသီသစ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က အေဂျတ်စ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ ကူဒူစ်ဟာ ဒတ်ချ်ကလပ်နဲ့အတူ အမှတ်ပေးလိဂ် ၂ ကြိမ်နဲ့ ဖလား ၁ ကြိမ် ရရှိထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 458
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟိုစ်ဟာ ဘတ်ပီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာကို ကလပ်အသင်းအကြီးအကဲတွေက ဒေါသထွက်နေပြီး ရောင်းချဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောထားသလို အသင်း ကလည်း ၂၀၂၄ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောထားတာပါ။ ဒီလို အခြေအနေတွေကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အသင်းရဲ့ ရာသီကြိုခရီးစဉ်ကနေ ချန်လှပ်ခဲ့သလို ပထမအသင်းလူစာရင်းကနေ ဖယ်ထုတ်ဖို့အထိ စဉ်းစားနေတာဖြစ်ပါတယ်။
ဒီလိုတွေဖြစ်နေတဲ့အချိန်မှာ မာကွင်ဟိုစ်က သူဟာ ဘတ်ပီနဲ့ ဆက်ပြီးကစားချင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့အမြင်တွေကို ပြောသွားခဲ့တာပါ။ ဒီလိုမှတ်ချက်ပေးခဲ့တဲ့အပေါ် ပီအက်စ်ဂျီအသင်းအကြီးအကဲတွေက ဒေါသ ထွက်နေခဲ့ကြတာဖြစ်ပါတယ်။ Sports Zone က မာကွင်ဟိုစ်ဟာ ကလပ်အသင်းကို မထောက်ခံဘူးလို့ ယူဆနေ တာကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးလ်နောက်ခံလူကို ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။
မာကွင်ဟိုစ်ဟာ ၂၀၂၁-၂၂ ရာသီက ရီးရယ်လ်အသင်းနဲ့ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်း အပေါ် ဦးဆောင်မှုအားနည်းခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ပြင်သစ်ကလပ်ဟာ မာကွင်ဟိုစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ရှာဖွေမှုတွေပြုလုပ်နေတာပါ။ ဘရာဇီးလ်နောက်ခံလူဟာ ပီအက်စ်ဂျီအသင်းကို ၂၀၁၃ ခုနှစ် ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး အခုနွေရာသီမှာ အသင်းက ရောင်းချခဲ့ရင် ပြင်သစ်မြို့တော်မှာ ၁၀ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ မာကွင်ဟိုစ်ဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၄၀၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၈ ဂိုး သွင်းယူကာ ပြင်သစ်လီဂူးဝမ်းဖလား ၈ ကြိမ်အပါအဝင် ပြည်တွင်းဆုဖလားအများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 493
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈
ဘာစီလိုနာအသင်းဟာ ဒိုင်လူကြီးများ အကြီးအကဲထံ ငွေပေးချေခဲ့တယ်ဆိုပြီး ယူအီးအက်ဖ်အေက စုံစမ်းမှုတွေ ပြုလုပ်နေပေမယ့် ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဟာ ဘာစီလိုနာအသင်းကို အရေးယူဖို့အတွက် ငွေပေးချေမှုတွေကို ရှာဖွေနေတယ်လို့ မတ်လက ပြောထားခဲ့ပေမယ့် စပိန်ကလပ်ကတော့ သူတို့ဟာ ဘာအမှားအယွင်းကိုမှ ပြုလုပ် ထားခြင်း မရှိဘူးလို့ ပြောပါတယ်။
ဘာစီလိုနာအသင်းကို ဥရောပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ ခွင့်ပြုထားပေမယ့် ယူအီးအက်ဖ်အေဟာ အနာဂတ်မှာ အရေးယူမှုတွေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ အစိုးရရှေ့နေရုံးက မတ်လ ၁၀ ရက်က ဘာစီလိုနာအသင်းကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ပြီးနောက်မှာ ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ရောက်ရှိလာခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ စပိန်ဒိုင်လူကြီးများကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဟောင်းနဲ့ သူ့ရဲ့ Dasnil 95 ကုမ္ပဏီထံ ယူရို ၈.၄ သန်း ပေးချေခဲ့တယ်လို့ စွပ်စွဲခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း ဥက္ကဋ္ဌနဲ့ UEFA ဥက္ကဋ္ဌကိုတွေ့ရစဉ်
အဲ့ဒါကြောင့် ဘာစီလိုနာ၊ ကလပ်အသင်း အကြီးအကဲဟောင်းတွေနဲ့ နီဂရီရာကို အကျင့်ပျက်ခြစားမှု၊ ယုံကြည်မှု ချိုးဖောက်မှုနဲ့ မှားယွင်းတဲ့ စီးပွားရေး မှတ်တမ်းတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခံခဲ့ရတာပါ။
စပိန်ကလပ်ဟာ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်ကြားမှာ Dasnil 95 ကုမ္ပဏီထံ စုစုပေါင်း ယူရို ၁.၄ သန်းပေးခဲ့ပြီး၊ နီဂရီရာကိုတော့ ၂၀၀၁ ကနေ ၂၀၁၈ ခုနှစ်ကြားမှာ ယူရို ၇ သန်းပေးချေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။
ဘာစီလိုနာအသင်းရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ လာပေါ်တာက ဒီငွေပေးချေမှုနဲ့ ပတ်သက်ပြီး အတွင်းပိုင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောထားတာပါ။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
စပိန်ထိပ်သီးကလပ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားပြီး နောက်ဆုံးရရှိခဲ့တာကတော့ ၂၀၁၅ ခုနှစ်က ဖြစ်ပါတယ်။
Source: BBC