
- By CNI
- Category: အားကစား
- Hits: 709
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဇာဘီအလွန်ဆိုဟာ လာမယ့်နှစ်ဘောလုံးရာသီမှာ အန်ဆယ်လော့တီရဲ့ နေရာအစားထိုးဝင်ရောက်ပြီး ရီးရယ်လ်အသင်းကို ကိုင်တွယ်ဖို့ ရေပန်းစားနေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်ကစားသမားဟောင်း ဇာဘီအလွန်ဆိုဟာ ဆိုစီဒက်ဘီအသင်းကို ၃ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ အသင်းကြီးနည်းပြအဖြစ် လေဗာကူဆင်အသင်းကို စတင်ကိုင်တွယ်ခဲ့တာပါ။ Radio Marca က ရီးရယ်လ်အကြီးအကဲတွေဟာ ဇာဘီအလွန်ဆိုရဲ့ နည်းပြအတွေ့အကြုံနည်းပါးခြင်းအပေါ် စိုးရိမ်ခြင်းမရှိဘဲ အန်ဆယ်လော့တီနေရာမှာ နည်းပြရာထူးဆက်ခံဖို့အတွက် သူတို့ရဲ့ ဦးစားပေး ရွေးချယ်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဇာဘီအလွန်ဆိုဟာ ရီးရယ်လ်အသင်းမှာ ၆ နှစ်ကြာကစားခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်စီ ရယူ နိုင်ခဲ့တာပါ။ အသက် ၄၁ နှစ်အရွယ်ရှိ ဇာဘီအလွန်ဆိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၃ နှစ်ကြာ ကစားပြီး ၂၀၁၇ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။ စပိန်ကစားသမားဟောင်းဟာ ဆိုစီဒက်ဘီအသင်းကို မကိုင်တွယ်ခင်က ရီးရယ်လ်လူငယ်အသင်းကို တစ်နှစ်ကြာ ကိုင်တွယ်ခဲ့သေးတာပါ။
ဇာဘီအလွန်ဆိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရလဒ်တွေဆိုးရွားခဲ့တဲ့ လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်စေခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဇာဘီအလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ အခုနှစ်ဘောလုံးရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ တာထွက်ကောင်းနေပြီး ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ထိပ်ဆုံးနေရာက ဘိုင်ယန်မြူးနစ် အသင်း နဲ့ ရမှတ် ၁၃ မှတ်ချင်းတူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ လက်ရှိနည်းပြ အန်ဆယ်လော့တီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ်ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ် ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ နည်းပြသစ် ရှာဖွေ နေပြီး ဇာဘီအလွန်ဆိုကို ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 600
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
အယ်လ်ဟီလယ်အသင်းတိုက်စစ်မှူး နေမာက နည်းပြဖြစ်သူ ဂျော့ဂျီးဆပ်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဘရာဇီးလ်ကစားသမားက ဒါတွေက အလိမ်အညာ တွေဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
နေမာက “ဒါတွေက အလိမ်အညာတွေပါ။ ဖော်လိုဝါသန်းနဲ့ချီတဲ့ ဒီလိုပေ့ချ်တွေက သတင်းအတုအယောင်တွေကို ဆက်ပြီးမတင်သင့်ပါဘူး။ ဒါတွေကို ရပ်တန့်ဖို့ ကျနော်တောင်းဆိုပါတယ်။ ဒါက လုံးဝကိုလေးစားမှု မရှိတဲ့အရာ တွေပါ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကနေ ပေါင် ၇၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ပွဲထွက်ဖို့ စောင့်ဆိုင်းခဲ့ရပြီး အယ်လ်ရီယက်ဒ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ နေမာဟာ လက်ရှိအချိန်မှာ ဆော်ဒီ ကလပ် အယ်လ်ဟီလယ်အသင်းအတွက် ၃ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုးမရသေးပေမယ့် ၂ ဂိုးဖန်တီးထားတာပါ။
Fiqueiputomesmo ဆိုတဲ့ အင်စတာဂရမ်အကောင့်တစ်ခုက နေမာဟာ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ဂျီး ဆပ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် သူ့ကို နည်းပြရာထူးကနေ ချက်ချင်းထုတ်ပယ် ဒါမှမဟုတ် နုတ်ထွက်ပေးဖို့ ကလပ်အသင်းထံ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။ နေမာကတော့ ဒီလိုထွက်ပေါ်နေတဲ့ သတင်းတွေဟာ အလိမ်အညာတွေဖြစ်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ ဘုရင်ဖလားပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းအတွက် မပါဝင်ခဲ့ပေမယ့် အယ်လ်ရှာဘတ် အသင်းနဲ့ ကစားမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပြန်လည်ပါဝင်ဖွယ်ရှိနေတာပါ။ အယ်လ်ဟီလယ်အသင်းဟာ အယ်လ်ရှာဘတ်အသင်းကို အနိုင်ရခဲ့ရင် ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးရမှာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 992
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
ယူနိုက်တက်အသင်းဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းရှိ အသင်းကြီးနဲ့ ပတ်သက်တဲ့နေရာတွေမှာ တောင်ပံ ကစားသမား ဆန်ချိုကို အသုံးပြုခွင့် ပိတ်ပင်ခဲ့တယ်လို့ Daily Mirror က ဖော်ပြထားပါတယ်။
အဲဒါကြောင့် ဆန်ချိုဟာ အကယ်ဒမီကစားသမားတွေနဲ့သာ လေ့ကျင့်မှုတွေ၊ စားသောက်မှုတွေ ပြုလုပ်ရမယ်လို့ သိရတာပါ။ ဆန်ချိုဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ် နည်းပြ အဲရစ်တန်ဟတ်ကို ဆိုရှယ်မီဒီယာကနေ ဝေဖန်ခဲ့ပြီးကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေး ရခြင်းမရှိတော့ပါဘူး။ ဒီဖြစ်ရပ်ပြီးနောက် ယူနိုက်တက်အသင်းဟာ ဆန်ချိုကို သီးခြားလေ့ကျင့်မှု ပြုလုပ်ဖို့ ညွှန်ကြားထားပြီး အရေးယူမှုတွေပြုလုပ်ဖို့လည်း ရှိနေတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
အခုအချိန်မှာတော့ ယူနိုက်တက်အသင်းဟာ ထမင်းစားခန်းအပါအဝင် အသင်းကြီးနဲ့ပတ်သက်တဲ့ နေရာတွေမှာ ဆန်ချိုကို အသုံးပြုခွင့်ထပ်မံပိတ်ပင်ခဲ့တာပါ။ ဆန်ချိုအနေနဲ့ နည်းပြ အဲရစ်တန်ဟတ်အပေါ် တောင်းပန်မှု မပြုလုပ်မချင်း ယူနိုက်တက်အသင်းကြီးထံ ပြန်လာခွင့်မရှိတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒါကြောင့် ဆန်ချိုဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ ထွက်ခွာရဖွယ်ရှိနေတာပါ။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တုန်းက ပွဲပေါင်း ၁၃၇ ပွဲမှာ ဂိုး ၅၀ သွင်းယူပြီး ၆၄ ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာတော့ ၈၂ ပွဲ ကစားအပြီးမှာ ၁၂ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးထား တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဆန်ချိုကို ရောင်းချဖို့ စီစဉ် ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့လို့ ကစားသမားဟာ အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုအနေနဲ့ ယူနိုက်တက်အသင်းမှာ အပယ်ခံကစားသမားအဖြစ် ဆက်ပြီးရှိနေမယ် ဆိုရင် ဘာစီလိုနာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 538
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရရှိခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ အာဆင်နယ်အသင်းက မျှော်လင့်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီကလန်ရိုက်စ်ဟာ နောက်ကျော နာကျင်နေတဲ့အတွက် လူစားလဲပေးဖို့ တောင်းဆိုခဲ့လို့ စပါးအသင်းနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာလို့ ပြောထားတာပါ။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဝက်စ်ဟမ်းအသင်းကနေ ခေါ်ယူထားတဲ့ ဒီကလန်ရိုက်စ်ဟာ ဒဏ်ရာ ကြောင့် အချိန်အကြာကြီး အနားယူရမှာကို အာဆင်နယ်အသင်းက စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆေးစစ်မှုတွေ ပြုလုပ်ပြီးနောက် ဒဏ်ရာဟာပြင်းထန်တဲ့ အခြေအနေမှာမရှိလို့ လန်ဒန်ကလပ်က ဒီကလန်ရိုက်စ် အသင်းအတွက် အမြန်ဆုံး ပြန်ကစားပေးနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။
အာတီတာနဲ့ ဒီကလန်ရိုက်စ်ကို တွေ့ရစဉ်
ဒေးလီးမေးလ်ကတော့ အင်္ဂလန်ကစားသမားဟာ အောက်တိုဘာ ၈ ရက်မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ပွဲမှာ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါဝင်ပေးနိုင်မယ်လို့ ဖော်ပြထားတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ဒီကလန်ရိုက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။
အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ သရေကျပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရှုံးပွဲ မရှိသေးပေမယ့် ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၄ မှတ် ကွာဟသွားခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်အပြင် တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတဲ့ မာတင်နယ်လီ နဲ့ ထရိုဆာ့ဒ်တို့ကိုလည်း မန်စီးတီးအသင်းနဲ့ ပွဲမတိုင်ခင် တံကောက်ကြော ဒဏ်ရာကနေ အမြန်ဆုံး ပြန်ကောင်း လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ စက်တင်ဘာ ၂၇ ရက်မှာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ် အသင်း စက်တင်ဘာ ၃၀ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 450
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့ပေမယ့် သူ့ရဲ့ဒဏ်ရာဟာပြင်းထန်ခြင်းမရှိဘူးလို့ နည်းပြ အင်းနရစ်က အတည်ပြုခဲ့ပါတယ်။
အင်းနရစ်က “ဘတ်ပီရဲ့ ဒဏ်ရာကမပြင်းထန်ပါဘူး။ ဒါပေမယ့် နာကျင်မှုတော့ ရှိခဲ့ပါတယ်။ လူစားလဲလိုက်တာက ပိုပြီးကောင်းမယ်လို့ ကျနော်တွေးမိခဲ့တာပါ။ ဒါဟာ ထိုးနှက်ချက်ဖြစ်ပေမယ့်လည်း သူအဆင်ပြေပါတယ်” လို့ ဘတ်ပီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။
ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဘတ်ပီဟာ ပြိုင်ဘက်ကစားသမား ဘလာဒီရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကို ခံရပြီးနောက် ကွင်းအပြင်ထွက်ကာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဘတ်ပီဟာ ဆေးကုသမှုခံယူအပြီးမှာ ပြန်ပြီးကစားဖို့အတွက် ကွင်းထဲဝင်ရောက်လာခဲ့ပေမယ့် ဆက်မကစားနိုင်တော့တာကြောင့် ဥမင်ထဲဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီရဲ့ဒဏ်ရာအခြေအနေကို ပီအက်စ်ဂျီအသင်းပရိသတ်တွေက စိုးရိမ်မှုတွေရှိနေကြပေမယ့် နည်းပြ အင်းနရစ်ကတော့ ဒဏ်ရာဟာ ထင်ထားသလို မပြင်းထန်ဘူးလို့ ပြောသွားခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို လူစားလဲခဲ့ပေမယ့် ဂွန်ကာလိုရာမို့စ်ရဲ့ ၂ ဂိုး၊ မူအာနီနဲ့ ဟာကီမီတို့ရဲ့ သွင်းဂိုး တွေကြောင့် မာဆေးလ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး ထိပ်ဆုံးနေရာက ဘရက်စ်အသင်းနဲ့ ၂ မှတ်ကွာဟ နေတာပါ။ ဘတ်ပီဟာ ဒီရာသီပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ၇ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမား အဖြစ် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
ဘတ်ပီအနေနဲ့ ဒဏ်ရာမပြင်းထန်ဘူးဆိုရင် စက်တင်ဘာ ၃၀ ရက်မှာကစားမယ့် ကလဲမောင့်အသင်းနဲ့ ပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 592
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ကွင်းလယ်တိုက်စစ် ကစားသမား ရာပီနိုးဟာ တောင်အာဖရိကအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အမေရိကန် လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်က NWSL လိဂ်ပြိုင်ပွဲ အဆုံးသတ်မယ့် အချိန်မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာထားတာပါ။
၂၀၀၆ ခုနှစ်မှာ အမေရိကန်အသင်းအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ရာပီနိုးဟာ နိုင်ငံအသင်းအတွက် ၂၀၃ ပွဲ ပါဝင် ကစားခဲ့ပြီး ၆၃ ဂိုးသွင်းယူကာ ၂၀၁၅ နဲ့ ၂၀၁၉ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာပီနိုးက “တကယ်ကို အံ့သြစရာကောင်းပါတယ်။ ကောင်းမွန်တဲ့ အရာအားလုံးကို ကြားခဲ့ရပြီး လူအုပ်ကြီးရှေ့မှာ ပြန်ပြီးကစားရတာက ကောင်းပါတယ်။ ဒါကို အမြဲတမ်း လွမ်းနေမှာပါ။
ပြီးပြည့်စုံတယ်ဆိုပြီး ခံစားရတဲ့ အခိုက် အတန့် ရှိမယ်လို့ မထင်ပေမယ့် ဒါက တော်တော်လေး နီးစပ်ပါတယ်။ ဒီအင်္ကျီကို ဝတ်ဆင်ပြီး အံ့သြစရာကောင်း တဲ့ ကစားသမားတွေနဲ့ ကစားရတာကို အလွန်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။
ရာပီနိုးကို နှုတ်ဆက်နေစဉ်
အမေရိကန်အသင်းက တောင်အာဖရိကအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ရာပီနိုးဟာ အမေရိကန် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ရာပီနိုးကို လူစားလဲတဲ့ အချိန်မှာ ပွဲကို ခဏကြာ ရပ်တန့်ခဲ့ပြီး ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ အားလုံးက မက်တပ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ အမေရိကန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ် ပါဝင်ကစားခဲ့ပြီး နိုင်ငံအသင်းကို ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
ရာပီနိုးဟာ အောက်တိုဘာ ၁၅ ရက်မှာ ကစားမယ့် ချီကာဂိုရက်ဒ်စတားအသင်းနဲ့ ပွဲမှာ OL ရင်းအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပြီး သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ရာပီနိုးဟာ ဘောလွန်းဒီအော ၁ ကြိမ်၊ ဖီဖာတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆု ၁ ကြိမ် အပါအဝင် တစ်ဦးချင်း အောင်မြင်မှုတွေလည်း အများကြီး ရယူနိုင်ခဲ့ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 567
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အသလက်တီကိုအသင်းကို မက်ဒရစ်ဒါဘီပွဲစဉ်မှာ အရေးနိမ့် ပြီးနောက် ဒီရှုံးပွဲအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်တို့ဟာ ကောင်းမွန်စွာ မစတင်နိုင်ခဲ့သလို ခံစစ်ကလည်း ကောင်းမွန်ခဲ့ခြင်း မရှိပါ ဘူး။ အသလက်တီကိုအသင်းဟာ ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေတဲ့အချိန်မှာ သူတို့လိုချင်တဲ့ ပွဲကိုကစားသွားခဲ့ပါ တယ်။ အသလက်တီကိုအသင်းက ကျနော်တို့ထက် ပိုပြီးကောင်းခဲ့ပါတယ်။ ကျနော်တို့ ကစားသွားတဲ့ စနစ်က ပြဿနာမဟုတ်ဘဲ ခံစစ်ပိုင်းက ပြဿနာရှိခဲ့တာပါ။ အသင်းဟာ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့လို့ ဒီအတွက် ကျနော့် မှာ တာဝန်ရှိပါတယ်။ ဒါက ကျနော့်ရဲ့ အမှားတွေပါပဲ”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ မက်ဒရစ်ဒါဘီပွဲစဉ်မှာ အသလက်တီကို အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင် အသလက်တီကို အသင်းအတွက် ဂိုးတွေကို မိုရာတာက ၂ ဂိုး၊ ဂရစ်ဇ်မန်းက ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ရီးရယ်လ်အသင်းအတွက် ချေပဂိုးကို တိုနီကရူးစ်က သွင်းယူခဲ့တာပါ။
အန်ဆယ်လော့တီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲကြောင့် အခုနှစ် ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူထားတဲ့ မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ရပါတယ်။
အသလက်တီကိုအသင်းဟာ ဒီပွဲစဉ်မတိုင်ခင် လာလီဂါပြိုင်ပွဲရဲ့ မက်ဒရစ်ဒါဘီပွဲစဉ်အရင် ၁၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပေမယ့် အခုပွဲမှာတော့ ဦးဆောင်ဂိုး ၂ ဂိုးကို စောစီးစွာ ရရှိခဲ့တာကြောင့် ရီးရယ်လ်အသင်းကို အနိုင် ရရှိခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲကြောင့် လာလီဂါ အမှတ်ပေးဇယားအဆင့် ၁ နေရာကို လက်ရှိချန်ပီယံ ဘာစီလိုနာ အသင်းထံ ပြန်လွှဲပေးခဲ့ရပြီး အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့တာပါ။ အသလက်တီကို အသင်းကတော့ နိုင်ပွဲ ကြောင့် အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ စက်တင်ဘာ ၂၇ ရက်မှာ လက်စ်ပါးမတ်စ်အသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရယူကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 598
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ပြီးနောက် အသင်းပိုင်ရှင်တွေ စိတ်ပျက်နေကြတယ်လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာ ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ပိုင်ရှင်တွေက အသင်းကို စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အစီအစဉ်တွေကို ပံ့ပိုးပေးဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့လူစာရင်းဟာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် လိုအပ်နေတာ ကြောင့် သူတို့လိုအပ်တဲ့ အရာတွေကို ပေးရမှာပါ။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ပေမယ့် ဂိုးပေါက် တော့ လွဲချော်နေပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့်ပွဲမှာတော့ ကျနော်တို့ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ပါ တယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ ပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အပြင် နောက်ခံလူ ဂတ်စတို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ အဲ့ဒါကြောင့် ဝက်ကင်စ်က အက်စတွန်ဗီလာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီး ချယ်လ်ဆီးအသင်းကို ရှုံးပွဲကြုံတွေ့စေခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် အက်ဂ်ဘာလီကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုလက်ထက် ပရီးမီးယားလိဂ် ၆ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အနိုင်ရထား ပြီး ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာပါ။
ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဖိအားဒဏ်တွေကို စတင်ခံစားရနေရပြီ ဖြစ်ပါတယ်။
တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ပေါင် ၁ ဘီလီယံ ကျော် သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ပေးခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ပိုင်းတွေဟာ ပိုပြီးဆိုးရွား နေခဲ့တာပါ။
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် အက်ဂ်ဘာလီဟာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ပြီးနောက် ကစားသမား တွေနဲ့ တွေ့ဆုံဖို့အတွက် အဝတ်လဲခန်းထဲ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အက်ဂ်ဘာလီဟာ ကွင်းပြင်ပမှာရှိတဲ့ ပရိသတ်တွေရဲ့ မေးမြန်းမှုကို ဖြေဆိုလိုခြင်း မရှိတဲ့အတွက် ကားထဲ ပြေးဝင်သွားခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1046
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၄
စပါးအသင်းဟာ မြောက်လန်ဒန် ဒါဘီပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်အတွက် စမ်းသပ်မှုခံယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ နည်းပြ ပိုစတီကိုဂလူးက ပြောလိုက်ပါတယ်။
ပိုစတီကိုဂလူးက “ကျနော့်အမြင်အရ ကြည့်မယ်ဆိုရင် ခရီးစဉ်တစ်ခု စတင်နေတဲ့ ဘောလုံးအသင်းအတွက် ဒါက ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ထိပ်တန်းအသင်းတွေထဲက တစ်သင်းကို အဝေးကွင်းမှာ ကစားရတာထက် ပိုကြီးတဲ့ စမ်းသပ်မှုဆိုတာ မရှိတော့ပါဘူး။ လူအများအပြားက အာဆင်နယ်အသင်းနဲ့ ပွဲကို ကျနော်တို့ရဲ့ ပထမဆုံး စမ်းသပ်မှုအဖြစ် မြင်ကြပြီး ဒါကို ကျနော်လက်ခံပါတယ်။ ဒီပွဲက ကျနော်တို့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို အကြီးမားဆုံး ညွှန်ပြမှု ပေးပါလိမ့်မယ်။ ကျနော်တို့ ဒီပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ”လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ ပိုစတီကိုဂလူး လက်အောက်မှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပရီးမီးယားလိဂ် ၅ ပွဲ ကစားအပြီး မှာ ၄ ပွဲ အနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်း နည်းပြကို တွေ့ရစဉ်
စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်း ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့သွားတာအပြင် နည်းပြသစ် ပိုစတီကိုဂလူး အနေနဲ့ ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ရုန်းကန်ရနိုင်တာကြောင့် ရလဒ်ကောင်းတွေရဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ကြပါတယ်။
ဒါပေမယ့် စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူထားပြီး အကောင်းဆုံးပုံစံ တစ်ခုကို ပြသ ထားနိုင်ခဲ့တာပါ။
စပါးအသင်းဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာဆင်နယ်အိမ်ကွင်းမှာ လိဂ်နိုင်ပွဲ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၂ ပွဲစလုံးကိုတော့ အာဆင်နယ်အသင်းက စပါးအသင်းကို အနိုင်ရရှိခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက “ သူတို့မှာ စိန်ခေါ်မှုအသစ်တွေ၊ အခွင့်အလမ်း အသစ်တွေ ရှိပါတယ်။ သူတို့မှာ နည်းပြကောင်းတစ်ဦးရှိနေပြီး သူက ကလပ်ပတ်ဝန်းကျင်က အငွေ့အသက်တွေကို မတူညီတဲ့ပုံစံနဲ့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကျနော်သူ့ကို အလွန်သဘောကျပါတယ်။ ထိပ်တန်းနည်းပြတွေ၊ ပြိုင်ဆိုင်မှုတွေနဲ့ ပွဲတိုင်းက အလွန်ခက်ခဲပြီး ဒါတွေက လိဂ်ရဲ့အလှတွေပါ”လို့ ပြောခဲ့ပါတယ်။
Source: Besoccer
- By CNI
- Category: အားကစား
- Hits: 620
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃
အသင်းလက်မဲ့ဖြစ်နေတဲ့ လင်ဂတ်ဟာ စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အက်တီဖတ် အသင်းမှာ ၁ လကြာ လေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ ဆော်ဒီကလပ်က အတည်ပြုလိုက်ပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
လင်ဂတ်ဟာ အစောပိုင်းက ဝက်စ်ဟမ်းအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကမ်းလှမ်းမှု ပြုလုပ်ခြင်း မခံရတာကြောင့် အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေရင်း အယ်လ်အက်တီဖတ် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
စတီဗင်ဂျရတ်အနေနဲ့ အယ်လ်အက်တီဖတ်အသင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်မယ့် လင်ဂတ်ရဲ့ စွမ်းဆောင်ရည် တွေကို နှစ်သက်တယ်ဆိုရင် စာချုပ်ချုပ်ဆိုဖို့အတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လာနိုင်တယ်လို့ အပြောင်း အရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားတာပါ။
လင်ဂတ်ကို တွေ့ရစဉ်
အယ်လ်အက်တီဖတ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဝစ်ချ်နယ်လ်ဒန်း၊ ဂရေးနဲ့ ဒမ်ဘီလီတို့ကို ခေါ်ယူထားတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လင်ဂတ်ကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် အင်္ဂလန်ကစားသမားဟာ ဆော်ဒီကလပ်ရဲ့ ၅ ဦးမြောက် ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖြစ်လာမှာပါ။
လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆော်ဒီပရိုလိဂ်ကို သွားရောက် ကစားဖွယ်ရှိတယ်လို့ ပြောထားပါတယ်။
လင်ဂတ်က “ဆော်ဒီဟာ ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နေပြီး လာမယ့်နှစ် အနည်းငယ်အတွင်းမှာ သွားရ မယ့် နေရာတွေထဲက တစ်ခုဖြစ်လာမှာပါ။ ဒီနေရာဟာ ကျနော်စဉ်းစားရမယ့် အရာတစ်ခုဖြစ်ပေမယ့် ကျနော် မဆုံးဖြတ်ရသေးပါဘူး။ ကျနော်ဟာ ဆာလောင်နေဆဲဖြစ်ပြီး အောင်မြင်မှုတွေရဖို့ ကြိုးစားနေပါတယ်”လို့ ပြောခဲ့ တာပါ။
အယ်လ်အက်တီဖတ်အသင်းဟာ အခုနှစ်ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေ ပြီး ထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: Goal