CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၇

ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဇာ့ခ်ဇီက ပြီးပြည့်စုံတဲ့ သူ့ရဲ့ယူနိုက်တက် ပွဲဦးထွက်လို့ ပြောခဲ့ပါတယ်။

ဇာ့ခ်ဇီက “တကယ်ကို ပြီးပြည့်စုံခဲ့ပါတယ်။ Stretford End အရှေ့မှာ ဂိုးသွင်းပြီး နိုင်ပွဲရယူနိုင်တာထက် ပိုကောင်း တဲ့ အရာမရှိတော့ပါဘူး။ အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါ။ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ကျနော်တို့ နေ့တိုင်း ကြိုးစားနေပြီး ဒါက အကောင်းဆုံး ဖြစ်လာစေမှာပါ။ အခုအချိန်မှာ ဖိအားတွေ မခံစားရပါဘူး”လို့ ပြော ခဲ့တာပါ။ 

ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဇာ့ခ်ဇီဟာ လူစားလဲ ဝင်ရောက် လာပြီး ပွဲချိန် ၈၇ မိနစ်မှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

နွေရာသီ အပြောင်းအရွှေ့က ဘိုလော့ဂ်နာအသင်းကနေ ပေါင် ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဇာ့ခ်ဇီဟာ သူ့ရဲ့ ယူနိုက်တက်ပွဲဦးထွက်မှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ 

 ဇာ့ခ်ဇီကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြား ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုနဲ့ ပြိုင်ဘက်ဂိုးသမား လက်စွမ်းပြသမှုတွေကြောင့် ဂိုးပြတ်နိုင်ပွဲ မရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းဟာ အဆင်သင့် မဖြစ်သေးပေမယ့် ရာသီအစကို နိုင်ပွဲနဲ့ စတင်နိုင်တာက အမြဲတမ်း အရေးကြီးတယ်လို့ ပြောခဲ့တာပါ။ 

ဒါအပြင် အဲရစ်တန်ဟတ်က ဆန်ချိုဟာ ဒီပွဲမှာ ဝင်ကစားလို့ ရနိုင်ပေမယ့် ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်ဝတာ ကြောင့် သူ့ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ရတယ်လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ဒုတိယမြောက်ပွဲစဉ်အဖြစ် သြဂုတ် ၂၄ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN