CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆

နာမည်ကျော်အဆိုတော် အက်ဒ်ရှီရန်ဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ် အစ်စဝှစ်ချ်အသင်းရဲ့ ရှယ်ယာ အနည်းစုကို ဝယ်ယူလိုက်ပါတယ်။ 

အစ်စဝှစ်ချ်အသင်းရဲ့ အမာခံပရိသတ်ဖြစ်တဲ့ အက်ဒ်ရှီရန်ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ အသင်းကို အင်္ကျီစပွန်ဆာ ပေးခဲ့တာပါ။ 

အခုအချိန်မှာတော့ အက်ဒ်ရှီရန်ဟာ အစ်စဝှစ်ချ်အသင်းရဲ့ အစုရှယ်ယာ ၁.၄ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တယ်လို့ ကလပ်အသင်းဘက်က အတည်ပြုခဲ့ပါတယ်။ 

အက်ဒ်ရှီရန်ဟာ အစ်စဝှစ်ချ်အသင်းရဲ့ အစုရှယ်ယာ အနည်းစုကို ဝယ်ယူခဲ့ပေမယ့် ကလပ်အသင်း ဘုတ်အဖွဲ့မှာ တော့ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

အက်ဒ်ရှီရန်က “ကျနော့် မွေးရပ်မြေ ဘောလုံးအသင်းရဲ့ အစုရှယ်ယာအနည်းငယ်ကို ဝယ်ယူနိုင်ခဲ့ကြောင်း ကြေညာရတဲ့အပေါ် အလွန်စိတ်လှုပ်ရှား နေပါတယ်။ ဘောလုံးပရိသတ်တွေတိုင်းအတွက် သူတို့အားပေးတဲ့ ကလပ်အသင်းရဲ့ ပိုင်ရှင်ဖြစ်ဖို့က အိပ်မက်ပါ။ ဒီလိုအခွင့်အရေး ပေးခဲ့တဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ အစ်စဝှစ်ချ်အသင်းရဲ့ ပရိသတ်ဖြစ်ရတာကို ကျနော်အလွန်ပျော်ရွှင်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် စိတ်လှုပ်ရှား နေတယ်”လို့ ပြောခဲ့တဲ့ ဗွီဒီယိုကို သူ့ရဲ့အင်စတာဂရမ်မှာ တင်ထားခဲ့တာပါ။

အက်ဒ်ရှီရန်ကို တွေ့ရစဉ်

ဂရမ်မီဆု ၄ ကြိမ်အထိ ရရှိခဲ့တဲ့ အက်ဒ်ရှီရန်ဟာ အစ်စဝှစ်ချ်အသင်းကို လိဂ်ဝမ်းပြိုင်ပွဲမှာ ရှိကတည်းက စပွန်ဆာ ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။ 

အစ်စဝှစ်ချ်အသင်း အကြီးအကဲကတော့ အသင်းအပေါ် အက်ဒ်ရှီရန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် ဝမ်းမြောက် ကြောင်း ပြောခဲ့ပါတယ်။ 

အစ်စဝှစ်ချ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်ခဲ့ပြီးနောက် အက်ဒ်ရှီရန်ဟာ အသင်းသားတွေနဲ့အတူ အောင်ပွဲမှုတွေပြုလုပ်ခဲ့တာပါ။ 

၂၂ နှစ်အကြာမှ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့တဲ့ အစ်စဝှစ်ချ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် သြဂုတ် ၁၇ ရက်မှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: DailyMail