CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၆

လီဗာပူးလ်အသင်း နည်းပြဖြစ်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ နည်းပြ အေမိုရင်မ်က လာမယ့်ရာသီ စပို့တင်းလစ္စဘွန်း အသင်းမှာ ဆက်ရှိမယ်လို့ အာမမခံနိုင်ကြောင်း ပြောလိုက်ပါတယ်။

အေမိုရင်မ်က “လာမယ့်ရာသီ စပို့တင်းမှာ ဆက်ရှိမယ်လို့ ကျနော် အာမမခံနိုင်ပါဘူး။ အခုအချိန်မှာ ကျနော်ဟာ စပို့တင်းအသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ အာရုံစိုက်နေပြီး နောက်မှသာ အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်။ ကျနော်ဟာ အနာဂတ်အကြောင်းကို အများကြီး မပြောချင်ဘဲ ဘင်ဖီကာအသင်းနဲ့ ကစားရမယ့်ပွဲစဉ်ကို အာရုံ စိုက်ထားပါတယ်”လို့ ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ အေမိုရင်မ်ဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလော့ပ် နေရာမှာ အစားထိုး ဝင်ရောက်ပြီး လီဗာပူးလ်အသင်း နည်းပြသစ် ဖြစ်လာနိုင်ဖို့ ရေပန်းစားနေတဲ့ သူတွေထဲက တစ်ဦးလည်း ဖြစ်ပါ တယ်။ 

လီဗာပူးလ်အသင်းဟာ ကစားသမားဟောင်း ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် စပိန် ကစားသမားဟောင်းက လေဗာကူဆင်အသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုခဲ့တာပါ။ 

 အေမိုရင်မ်ကို တွေ့ရစဉ်

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အေမိုရင်မ်အပြင် နည်းပြအချို့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်ကတည်းက စပို့တင်းလစ္စဘွန်းအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အေမိုရင်မ်နဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်အထိ သက်တမ်းရှိနေပါတယ်။ 

အေမိုရင်မ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စွဘွန်း အသင်းကို ပေါ်တူဂီလိဂ် အမှတ်ပေးဇယားမှာ တစ်ပွဲလျော့နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နိုင်အောင် ကိုင်တွယ်ထားသလို ပေါ်တူဂီဖလား ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးထားတာပါ။

အေမိုရင်မ်ဟာ စပို့တင်းလစ္စဘွန်း အသင်းကို ပေါ်တူဂီ အမှတ်ပေးဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၄ ခု ရယူပေးထားနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ဆုဖလားတွေ ထပ်မံရယူပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

Source: ESPN