CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂

လီဗာပူးလ်အသင်း နည်းပြသစ် ဖြစ်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ နည်းပြ အေမိုရင်မ်က စပို့တင်းလစ္စဘွန်း အသင်းအတွက် ဆုဖလားတွေ ရယူပေးနိုင်ဖို့ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။

အေမိုရင်မ်က “ကျနော်ဟာ စပို့တင်းအသင်းရဲ့ နည်းပြဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ကစားသမားတွေက သူတို့ ဘယ်လောက် အနိုင်ရယူချင်လဲဆိုတာသိသလို ကျနော်ကလည်း စပို့တင်းအသင်းအတွက် ဆုဖလားတွေ ရယူပေး ချင်ပါတယ်။ လူတိုင်းက ဆုဖလားတွေရယူနိုင်ဖို့ အာရုံစိုက်နေတယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလော့ပ်နေရာမှာ အစားထိုးဖို့ အသက် ၃၉ နှစ် အရွယ်ရှိ အေမိုရင်မ်ကို သူတို့ရဲ့ နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲထည့်သွင်းထားတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဦးစားပေး ကြိုးစားခဲ့ပေမယ့် ဇာဘီအလွန်ဆိုဟာ ဂျာမနီကလပ်မှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အေမိုရင်မ်နဲ့ ဘရိုက်တန် အသင်းနည်းပြ ဒီဇာဘီတို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အေမိုရင်မ်ကို တွေ့ရစဉ်

ဒီအချိန်မှာ စပို့တင်းလစ္စဘွန်းအသင်းဟာ နည်းပြ အေမိုရင်မ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် စီစဉ်ပြီးပြီလို့ သတင်းတွေ ထွက်လာခဲ့တာပါ။

အေမိုရင်မ်ကတော့ ဒါဟာ သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်ခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဟူဂိုဗီယာနာက ဒီသတင်းတွေက မဟုတ်တဲ့အတွက် စိတ်အေးအေးထားဖို့ ပြောခဲ့ကြောင်း မီဒီယာသမားတွေကို ဖြေခဲ့ပါတယ်။ 

အေမိုရင်မ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသေး တာပါ။

အေမိုရင်မ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ၂၀၂၀ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းဟာ ပေါ်တူဂီလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားသလို ပေါ်တူဂီဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ကို ရောက်ရှိနေပါတယ်။ 

အေမိုရင်မ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ ပေါ်တူဂီလိဂ်ဖလား အပါအဝင် ဆုဖလား ၄ ခု ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN