CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂

အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ မတ်လအတွက် ဆော်ဒီပရိုလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်တိုင်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင် ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ် ဂိုးသွင်းယူခဲ့တာ အပါအဝင် မတ်လအတွင်းကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ၃ ပွဲမှာ ၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

အဲဒါကြောင့် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ရဲ့ မတ်လအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ပြီးကတည်းက တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ် အထိ ရယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၁၆ ကြိမ်အထိ ရယူထားနိုင်တယ်လို့ သိရပါတယ်။ 

 ရော်နယ်ဒိုနဲ့အသင်းဖော်တွေကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ်ပွဲပေါင်း ၂၃ ပွဲ ကစားထားတာမှာ ၂၆ ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိဖို့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင်ကစားထားတာ မှာ ၃၃ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးကာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေတာပါ။ 

အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁၂ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အယ်လ်နာဆာအသင်းဟာ ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့ ဆော်ဒီဘုရင့်ဖလားနဲ့ ဆော်ဒီစူပါဖလား ပြိုင်ပွဲတွေကိုသာ ပစ်မှတ်ထားရတော့မှာပါ။ 

အယ်လ်နာဆာအသင်းဟာ ဧပြီ ၂ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အက်ဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဧပြီ ၈ ရက်မှာတော့ ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်ဟီလယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal