CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀

ရီးရယ်လ်အသင်း တိုက်စစ်မှူးအသစ် ဘတ်ပီဟာ ပြင်သစ်ကလပ် ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ဝယ်ယူ ပြီးနောက် ပရော်ဖက်ရှင်နယ် ကလပ်အသင်းတစ်သင်းရဲ့ အများစုပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ဒီအရောင်းအဝယ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် Le Parisien က ဘတ်ပီဟာ ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ဝယ်ယူဖို့ ပေါင် ၁၇ သန်းအောက်သာ ပေးချေရမယ် လို့ ဖော်ပြထားတာပါ။ 

အန်တင်ကပ်တွန် ဆိုသူကတော့ ပေါင် ၄.၂ သန်း တန်ကြေးရှိတဲ့ အစုရှယ်ယာကို ဆက်ပြီး  ကိုင်ဆောင်ထားမှာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ အသားတင် လုပ်ခလစာ ပေါင် ၁၃ သန်းနဲ့ ကလပ်အသင်းရဲ့ ဝင်ငွေအကောင်းဆုံး သူ ဖြစ်လာခဲ့တာပါ။

ဘတ်ပီအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ရရှိတဲ့ လုပ်ခလစာထက် သိသိသာသာ လျော့နည်းသွားပေမယ့် ရီးရယ်လ် အသင်းမှာ လက်မှတ်ထိုးကြေး အပါအဝင် အခြားအရာတွေကနေ ဝင်ငွေတွေအများကြီး ထပ်ပြီးရရှိမှာ ဖြစ်ပါ တယ်။

ဘတ်ပီဟာ လူငယ်ကစားသမားဘဝက ကိန်းအသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် လီဂူး-၁ ကနေ ကိန်းအသင်း တန်းဆင်းသွားခဲ့တာကြောင့် သဘောတူညီမှု ပျက်ပြယ်သွားခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်

အဲဒါကြောင့် ဘတ်ပီဟာ မိုနာကိုအသင်းကို ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ကိန်းအသင်းဟာ လီဂူး-၂ မှာ ကစားနေပြီး မနှစ်ကရာသီက အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဘတ်ပီဟာ သူ့ရဲ့ ငယ်ဘဝ အိပ်မက်ဖြစ်တဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး လာမယ့် ဥရောပစူပါဖလားပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ဖို့ ရှိနေတာပါ။ 

ရီးရယ်လ်အသင်းဟာ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

ရီးရယ်လ်အသင်းဟာ သြဂုတ် ၁၄ ရက်မှာ ဥရောပစူပါဖလားပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal