CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀

အိုလံပစ် အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ကို အရေးနိမ့်ခဲ့တဲ့ စပိန်တင်းနစ်သမား နာဒယ်လ်က ကစားသမားဘဝက အနားယူဖွယ် ရှိ/မရှိကို ဒီပြိုင်ပွဲအပြီး ဆုံးဖြတ်မယ်လို့ ပြောခဲ့ပါတယ်။

နာဒယ်လ်က “ဒီပြိုင်ပွဲအပြီးမှာ ကျနော့်ရဲ့ ခံစားချက်နဲ့ စိတ်ဆန္ဒပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေကို ချသွားမှာပါ။ ကျနော်ဟာ ပြိုင်ပွဲတွေ မယှဉ်ပြိုင်နိုင်ဘူးလို့ ခံစားရရင် ရပ်တန့်ဖို့ ဆုံးဖြတ်မှာပါ။ ကျနော်ဟာ နေ့တိုင်း အစွမ်းကုန် ကြိုးစားနေပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒဏ်ရာတွေ အများကြီး ခံစားခဲ့ရပါတယ်”လို့ ပြောပါတယ်။

နာဒယ်လ်ဟာ အိုလံပစ် အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲရဲ့ ဒုတိယအဆင့်မှာ ဂျိုကိုဗစ်ကို ၆-၁၊ ၆-၄ နဲ့ အရေး နိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အိုးပန်း ချန်ပီယံဆုကို ၁၄ ကြိမ်အထိ ရရှိထားတဲ့ နာဒယ်လ်ဟာ ဒီပွဲရှုံးနိမ့်မှုကြောင့် Roland Garros မှာ ယှဉ်ပြိုင်တဲ့ ပွဲပေါင်း ၁၁၈ ပွဲမှာ ၅ ပွဲမြောက် ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဒဏ်ရာ အများအပြားနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲ အများအပြားကို လွဲချော် ခဲ့ရတာ ဖြစ်ပါတယ်။

နာဒယ်လ်ကို တွေ့ရစဉ်

အသက် ၃၈ နှစ်အရွယ်ရှိ နာဒယ်လ်ဟာ တစ်ဦးချင်းပြိုင်ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် အမျိုးသားနှစ်ဦးတွဲ ပြိုင်ပွဲအဖြစ် စပိန်တင်းနစ်သမား အယ်လ်ကာရက်ဇ်နဲ့ တွဲဖက်ပြီးကစားဖို့ ကျန်ရှိနေသေးတာပါ။

နာဒယ်လ်က ဂျိုကိုဗစ်ဟာ ပိုကောင်းတဲ့ ကစားသမားဖြစ်ပြီး အဖြစ်မှန်ကို လက်ခံရမယ်လို့လည်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

နာဒယ်လ်နဲ့ ဂျိုကိုဗစ်တို့ ၂ ဦးပေါင်းဟာ ဂရမ်းဆလမ်း ချန်ပီယံဆုကို ၄၆ ကြိမ်အထိ ရရှိထားတာဖြစ်ပြီး နာဒယ်လ် ကွင်းထဲက မထွက်ခွာခင်မှာ ဂျိုကိုဗစ်က လက်ခုပ်တီး ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့တာပါ။ 

ဂျိုကိုဗစ်ဟာ အိုလံပစ်ပြိုင်ပွဲ တတိယအဆင့်မှာ ဂျာမနီတင်းနစ်သမား ဒိုမီနစ်ကိုဖာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Dailymail