CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၆

ဒေါ့မွန်အသင်းကွင်းလယ်တိုက်စစ်ကစားသမားဟောင်း မာကိုရူးစ်ဟာ မေဂျာလိဂ်ကလပ် LA ဂလက်ဇီအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းကို မေဂျာလိဂ်ဖလားရယူပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့ပါတယ်။ 

မာကိုရူးစ်က “ကျနော်ဟာ ဘောလုံးကစားချင်ပြီး ကလပ်အသင်းသစ်မှာ အတွေ့အကြုံအသစ်တွေနဲ့ ပျော်ပျော် ရွှင်ရွှင်ဖြစ်ချင်ခဲ့တာပါ။ 

မေဂျာလိဂ်ဖလားကို LA ဂလက်ဇီအသင်းမရယူနိုင်ခဲ့တာက ၁၀ နှစ်ကြာရှိပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကျနော်တို့ချန်ပီယံဆုပြန်ပြီးရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေရှိတယ်လို့ထင်ပါတယ်။ 

အဲဒါ ကြောင့်လည်း ကျနော်ဒီကိုရောက်ရှိနေတာပါ”လို့ စာချုပ်ချုပ်အပြီးမှာ ပြောခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ မာကိုရူးစ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ၁၂ နှစ်ကြာကစားခဲ့တဲ့ ဒေါ့မွန်အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ 

မာကိုရူးစ်ဟာ ကလပ်အသင်းအချို့နဲ့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ LA ဂလက်ဇီအသင်းနဲ့ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာပါ။ 

မာကိုရူးစ်ဟာ LA ဂလက်ဇီအသင်းရဲ့ နာမည်ကြီး ကစားသမား ဟောင်းတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊စတီဗင်ဂျရတ်နဲ့ အီဘရာဟီမိုဗစ်တို့ရဲ့ ခြေရာအတိုင်းလိုက်နင်းနိုင်ဖို့ မျှော်လင့် နေတာဖြစ်ပါတယ်။ 

LA ဂလက်ဇီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပေမယ့် ရော်ဘီကိန်းတို့ပါဝင်တဲ့ အသင်းက ၂၀၁၄ ခုနှစ် ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးခဲ့ပြီးနောက်ပိုင်း ဆုဖလားနဲ့ ဝေးကွာခဲ့တာပါ။ 

LA ဂလက်ဇီ အသင်းရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ LAFC အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ဒီရာသီ LAFC အသင်းမှာ ဟူဂိုလိုရစ်နဲ့ ဂီရောဒ့်တို့ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။ 

လိဂ်ဖလားပြိုင်ပွဲယှဉ်ပြိုင်နေလို့ ရပ်ထားတဲ့ မေဂျာလိဂ်ပြိုင်ပွဲကို ဒီလအကုန်ပိုင်းမှာ ပြန်လည်စတင်မှာဖြစ်ပြီး LA ဂလက်ဇီအသင်းဟာ အနောက်ပိုင်းဇုန်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ 

LA ဂလက်ဇီ အသင်းဟာ LAFC အသင်းကို ၂ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပေမယ့် LAFC အသင်းက ပွဲကျန် ၂ ပွဲကစားဖို့ကျန်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် မာကိုရူးစ်က ဒီရာသီမှာ LA ဂလက်ဇီအသင်းနဲ့ မေဂျာလိဂ် ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

LA ဂလက်ဇီအသင်းဟာ သြဂုတ် ၂၄ ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် အက်လန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ မာကိုရူးစ်ဟာ LA ဂလက်ဇီအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source:BBC