CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈

မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီအသင်းဟာ ဒေါ့မွန်အသင်းဂန္ထဝင် ကစားသမား မာကိုရူးစ်ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ 

အယ်လ်အေဂလက်ဇီအသင်းဟာ မာကိုရူးစ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေ ပြီး ဒီနွေရာသီမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေကြောင်း ဖာဘီရီဇီယိုရိုမန်နိုက ဖော်ပြထားတာပါ။ 

အယ်လ်အေဂလက်ဇီအသင်းဟာ မာကိုရူးစ်ရဲ့ စာချုပ်အသေးစိတ်ကို ဆွေးနွေးညှိနှိုင်းနေပြီး မကြာခင်မှာ မာကိုရူးစ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

အသက် ၃၅ နှစ်အရွယ်ရှိ မာကိုရူးစ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ၁၂ နှစ်ကြာ ကစားခဲ့တဲ့ ကလပ်အသင်းကနေ ထွက်ခွာခဲ့တာပါ။ 

မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းက ထွက်ခွာပြီးနောက် အစောပိုင်းက မေဂျာလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ချာလော့၊ စိန့်လူးဝစ်အသင်းတို့နဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အယ်လ်အေဂလက်ဇီအသင်းက မာကိုရူးစ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်လာခဲ့တာပါ။ 

ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ကြိမ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ မာကိုရူးစ်ဟာ ဂျာမန် ကလပ်နဲ့အတူ ပိုကယ်ဖလားနဲ့ ဂျာမန်စူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ 

မာကိုရူးစ်ကိုတွေ့ရစဉ်

မာကိုရူးစ်ပြောင်းရွှေ့မယ့် အယ်လ်အေဂလက်ဇီအသင်းဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိထားပြီး အနောက်ပိုင်းဇုန် အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေတာပါ။ 

ဒါပေမယ့် အယ်လ်အေဂလက်ဇီအသင်းဟာ အဆင့် ၂ နေရာက လော့စ်အိန်ဂျလိစ်အသင်းထက် ၂ ပွဲ ပိုကစား ထားပြီး ရမှတ် ၂ မှတ်သာ အသာရထားတာကြောင့် အမှတ်ပေးဇယား ရပ်တည်မှုတွေ ပြန်ပြီးပြောင်းသွားနိုင်တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အယ်လ်အေဂလက်ဇီအသင်းဟာ အဆင့် ၁ နေရာမှာ ဆက်ပြီး ရပ်တည်နိုင်ဖို့အတွက် လာမယ့်ပွဲတွေ မှာ ရလဒ်ကောင်း ရရှိအောင် လုပ်ဆောင်ရမှာပါ။ 

အယ်လ်အေဂလက်ဇီအသင်းဟာ လာမယ့် မေဂျာလိဂ်ပွဲစဉ်အဖြစ် ဇူလိုင် ၂၀ ရက်မှာ ပေါ့တ်လန်းတင်ဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal