CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄

ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ပေါင်သန်း ၆၀ နီးပါးနဲ့ ခေါ်ယူလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီလစ်ကို ပေါင် ၃၈.၅ သန်း၊ ထပ်တိုးပေးချေမှု ပေါင် ၄.၃ သန်းနဲ့ ၅ နှစ်စာချုပ်၊ မက်ဇ်ရာအူရီကို ပေါင် ၁၂.၈ သန်း၊ ထပ်တိုးပေးချေမှု ပေါင် ၄.၃ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

သူတို့နှစ်ဦးစလုံးဟာ စာချုပ်ကုန်ဆုံးချိန်တွေမှာ နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့်တွေ ရှိနေတာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လိုင်လီအသင်း နောက်ခံလူ ယိုရိုနဲ့ ဘိုလော့ဂ်နာအသင်း တိုက်စစ်မှူး ဇာ့ခ်ဇီတို့ကိုလည်း ခေါ်ယူထားပြီး အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၁၄၀ အထိ အသုံးပြုထား တာ ဖြစ်ပါတယ်။ 

ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ နှစ်ဦးစလုံးဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အေဂျက်စ်အသင်းမှာ အတူလက်တွဲ ခဲ့ကြတာဖြစ်ပြီး အခု ယူနိုက်တက်အသင်းမှာ ထပ်မံလက်တွဲ အလုပ်လုပ်ရတော့မှာပါ။ 

ယူနိုက်တက်အသင်းက ဒီလစ်ဟာ ကျောနံပါတ် ၄၊ မက်ဇ်ရာအူရီက ကျောနံပါတ် ၃ ဝတ်ဆင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒီလစ်နဲ့ မက်ဇ်ရာအူရီကို တွေ့ရစဉ် 

သူတို့ နှစ်ဦးစလုံးဟာ ဖူလ်ဟမ်အသင်းနဲ့ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတာပါ။ 

ဒီလစ်က “နည်းပြအဲရစ်တန်ဟတ်က ကျနော့် ကစားသမားဘဝရဲ့ အစောပိုင်းအဆင့်တွေကို ပုံဖော်ခဲ့တဲ့သူပါ။ အဲဒါကြောင့် သူဟာ ကျနော့်ဆီကနေ အကောင်းဆုံးတွေကို ဘယ်လို ရယူရမလဲဆိုတာ သိပါတယ်။ သူနဲ့ ထပ်ပြီး လက်တွဲအလုပ်လုပ်ဖို့ ကျနော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ယူနိုက်တက်အသင်းမှာ အောင်မြင်မှုတွေရအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်”လို့ ပြောခဲ့ပါတယ်။ 

မက်ဇ်ရာအူရီကလည်း “နည်းပြ အဲရစ်တန်ဟတ်နဲ့ ပြန်လည်လက်တွဲရမှာကို စိတ်လှုပ်ရှားမိပြီး သူဟာ ကျနော့် ကစားသမားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကကျတဲ့သူပါ။ သူဟာ ကစားသမားတွေဆီကနေ ဘာတွေ မျှော်လင့်လဲ ဆိုတာ ကျနော်သိပါတယ်။ အသင်းအောင်မြင်မှုရဖို့အတွက် အရာအားလုံးကို ကျနော်ပေးသွားမှာပါ”လို့ ပြောခဲ့တာ ပါ။

ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဝမ်ဘစ်ဆာကာကတော့ ဝက်စ်ဟမ်းအသင်းထံ ပေါင် ၁၅ သန်း နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

မန်ချက်စတာကလပ်ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ နောက်ထပ် ကစားသမားအချို့ကိုလည်း ထပ်ပြီး ရောင်းချသွားဖို့ရှိနေတာ ဖြစ်ပါတယ်။