CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀

ချယ်လ်ဆီးအသင်း ကစားသမားများသည် မိမိ၏ ကစားဟန်၊ နည်းစနစ်များနှင့် အသားကျရန်အတွက် ကြိုးပမ်း နေရဆဲဖြစ်သည်ဟု ချယ်လ်ဆီးအသင်း၏ နည်းပြသစ် အန်ဇိုမာရက်စ်ကာက ပြောသည်။

 ဆဲလ်တစ်အသင်းအား ၄ ဂိုး ၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အမေရိကန်နိုင်ငံ၌ ရာသီကြို ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားလျက်ရှိသည်။

အဆိုပါ ခြေစမ်းပွဲများအနက် ပထမဆုံးပွဲတွင် ဝရက်ဇ်ဟမ်းအသင်းနှင့် ၂ ဂိုး ၂ ဂိုးဖြင့် သရေကျခဲ့ပြီး ဒုတိယပွဲတွင် ဆဲလ်တစ်အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဘရန်ဒန်‌ရော်ဂျာ ကိုင်တွယ်နေသည့် ဆဲလ်တစ်အသင်းသည် ချယ်လ်ဆီးနှင့်ပွဲ မတိုင်မီက မန်စီးတီးအသင်းကို လည်း အနိုင်ရခဲ့ကြောင်း သိရသည်။

 အန်ဇို မာရက်စ်ကာ ကိုတွေ့ရစဥ်

ချယ်လ်ဆီးအသင်းသည် ဆဲလ်တစ်နှင့်ပွဲ၌ ‌ဘောလုံးပိုင်ဆိုင်မှု အသာစီး၊ ဂိုးကန်သွင်းခွင့် အသာစီး ရရှိခဲ့သော်လည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

မာရက်စ်ကာက "ကျနော့် ကစားမားတွေက ကျနော့်ရဲ့ ကစားဟန်၊ နည်းစနစ်တွေနဲ့ အသားကျဖို့ ကြိုးစားနေရ တုန်း ပါပဲ။ ကျနော်တို့ ဘောလုံးဆုံးရှုံးနေချိန်မှာ တိုးတက်မှုရှိဖို့လည်း လိုပါတယ်။ တစ်ခါတစ်ရံမှာ အနီးကပ် အပေးအယူ လုပ်ဖို့ လိုအပ်ချိန်နဲ့ အဝေးကိုပေးပြီး ကစားဖို့လိုအပ်ချိန်မှာ ဇဝေဇဝါ ဖြစ်နေတာကိုလည်း မြင်တွေ့ နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အသစ်တစ်ခုအတွက် ကြိုးစားနေချိန်မှာ ဒါဟာပုံမှန်ပါပဲ" ဟု ပြောသည်။

ထို့အပြင် ရလဒ်မှာ အရေးကြီးသော်လည်း အခြားသော အရာများနှင့် အကဲဖြတ်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ 

မာရက်စ်ကာက "ရလဒ်က အမြဲတမ်း အရေးကြီးပါတယ်။ ဒါပေမဲ့ ကျနော်တို့အတွက် ပွဲကို ဘက်ပေါင်းစုံက ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါတယ်။ ‌ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကျနော်တို့က ဝရက်ဇ်ဟမ်းထက် ၁၀ ဆလောက်ပို ကောင်းတယ်လို့ ထင်ပါတယ်။ ဒါအရေးကြီးပါတယ်။ ကျနော်တို့ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဖန်တီးမှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ရလဒ်ကို အမြဲအ‌‌ရေးကြီးတယ် ဆိုပေမဲ့ ဒီလို အခိုက်အတန့်မှာ တစ်ခြားအရာတွေနဲ့ လည်း ကျနော်တို့ကို အကဲဖြတ်ဖို့ လိုအပ်ပါတယ်" ဟု မာရက်စ်ကာက ပြောသည်။

ချယ်လ်ဆီးအသင်းနှင့် ဆဲလ်တစ်အသင်းတို့ ယှဥ်ပြိုင်နေစဥ်

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့တဲ့ရာသီတွင် ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ခဲ့သော်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အဆင့် ၆ ဖြင့်သာ ရပ်တည်ခဲ့သည်။

ကွန်းဖရန့်လိဂ် Play-off သာ ယှဥ်ပြိုင်ခွင့် ရသည့်အတွက် နည်းပြ ပိုချက်တီနိုကို ရာထူးမှ ထုတ်ပယ်ပြီး  လက်စတာအသင်းအား ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သည့် မာရက်စ်ကာအား အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မာရက်စ်ကာ လက်ထက်တွင်လည်း ချယ်လ်ဆီးအသင်းသည် ကစားသမားသစ် ၆  ဦး ခေါ်ယူထားပြီဖြစ်ပြီး တန်ဖိုးကြီး ထိပ်တန်းကစားသမားများတော့ ပါဝင်ခြင်း မရှိသေးပေ။

သို့သော်  ၎င်းတို့ပစ်မှတ်ထားခဲ့သည့် ကစားသမား ၈ ဦးထဲမှ ၆ ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း ခေါ်ယူရန် ကျန်ရှိနေသေးသော ကစားသမားနှစ်ဦးမှာ ဘီလ်ဘာအိုအသင်းမှ စပိန်တောင်ပံ ကစားသမား နီကိုဝီလီယံစ်နှင့် နယူးကာဆယ်အသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်တို့ ဖြစ်ကြောင်း သိရသည်။