- By CNI
- Category: အားကစား
- Hits: 2226
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ အောက်တိုဘာ ၈ ရက်က တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်၊ CEO ဘာရာဒါ၊ အားကစားဒါရိုက်တာ အက်ရှ်ဝေါ့၊ နည်းစနစ် ဒါရိုက်တာ ဝီလ်ကော့စ်တို့ဟာ INEOS ရုံးချုပ်မှာ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ၂ ရက်အကြာမှာ ကလပ်အသင်းအကြီးအကဲတွေရဲ့ တွေ့ဆုံမှုဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရလဒ်ကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေကလည်း ပိုပြီးများပြားလာခဲ့တာပါ။
ဒါပေမယ့် ကလပ်အသင်း အကြီးအကဲတွေရဲ့ တွေ့ဆုံမှုမှာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ် အပါအဝင် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဒီတွေ့ဆုံမှုကနေ ဆုံးဖြတ်ချက် မချနိုင်ပေမယ့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ရာသီအစဆိုးရွားတဲ့ ရလဒ်တွေကြောင့် သူတို့ဟာ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်နိုင်ဖွယ်ရှိနေဆဲလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။
ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်သာ ရယူထားနိုင်ပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေက စိတ်ပျက်စရာ ကောင်းနေပေမယ့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အသင်းအကြီးအကဲတွေဟာ သူ့ကိုအချိန် ထပ်ပြီးပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
တစ်ဖက်မှာတော့ ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့ရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့ အသင်းမရှိသေးတဲ့ တူချယ်လ်၊ အယ်လီဂရီတို့ကို ပစ်မှတ်ထားနေသလို လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းကို တာဝန်ပေးဖို့လည်း စဉ်းစားနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲရစ်တန်ဟတ်အနေနဲ့ အသင်းကို ဆက်ပြီးကိုင်တွယ်ခွင့် ရမယ်ဆိုရင် ဒီပွဲကို မဖြစ်မနေ နိုင်ပွဲရရှိအောင် ကိုင်တွယ်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 2499
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉
ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာဟာ ၂၀၂၃-၂၄ အတွက် အင်္ဂလန်အမျိုးသား တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ကိုးလ်ပါလ်မာဟာ ဒုတိယနဲ့ တတိယရခဲ့တဲ့ ဘယ်လင်ဂမ်နဲ့ ဆာကာတို့ကို မဲအသာရပြီး ဒီဆုကို ရရှိခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မောလ်တာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အင်္ဂလန်အသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ အင်္ဂလန်အသင်းအတွက် ၉ ပွဲ ပါဝင်ကစားထားပြီး ဘော့စနီးယား အသင်းနဲ့ ခြေစမ်းပွဲ၊ စပိန်အသင်းနဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲတွေမှာ ၁ ဂိုးစီသွင်းယူနိုင်ခဲ့တာပါ။
ဒါအပြင် ကိုးလ်ပါလ်မာဟာ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ နယ်သာလန်အသင်းနဲ့ပွဲမှာ အင်္ဂလန်အသင်း အတွက် အနိုင်ဂိုးဖြစ်စေမယ့် ဝက်ကင်စ်သွင်းယူတဲ့ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ကိုးလ်ပါလ်မာဟာ ၂၀၁၀ ခုနှစ်က အက်ရှ်လေကိုးလ် နောက်ပိုင်း အင်္ဂလန်အမျိုးသား တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုရရှိတဲ့ ပထမဆုံး ချယ်လ်ဆီးအသင်း ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဂန္ထဝင် လမ်းပတ်ကလည်း ဒီဆုကို ၂ ကြိမ် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာဟာ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ပြီးကတည်းက ခြေစွမ်းပြသနေပြီး တစ်ဦးချင်းဆု အများအပြားကိုလည်း ရယူနိုင်ခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့လက ယာယီနည်းပြ လီကာစလေလက်ထက် ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ် ၂ ပွဲ စလုံးကို ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ကိုးလ်ပါလ်မာဟာ ဂရိ၊ ဖင်လန်အသင်းတို့နဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပွဲထွက်လူစာရင်း ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1830
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈
အင်တာမိုင်ယာမီ အသင်းဖော်တွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမား(MVP)ဆုအတွက် ဆန်ခါတင်စာရင်းမှာ စင်စင်နာတီအသင်းက အေကိုစတာ၊ ကိုလံဘတ်စ်အသင်းက ဟာနန်ဒက်ဇ်၊ LA ဂလက်ဇီအသင်းက ရီကွီတို့နဲ့အတူ ပါဝင်နေခဲ့ပါတယ်။
မေဂျာလိဂ်ဟာ ဒီဆုအတွက် ဆန်ခါတင် ၃၄ ဦးစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီး ဆုအတွက် မဲပေးမှုကို အောက်တိုဘာ ၂၁ ရက်အထိ ဖွင့်ထားသွားမှာပါ။
အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီဟာ ဒီဆုရဲ့ ဆန်ခါတင်စာရင်းမှာ ဒုတိယအကြိမ်မြောက် ပါဝင်ခဲ့ပြီး မနှစ်ကတော့ ဒီဆုကိုရခဲ့ခြင်း မရှိပါဘူး။
မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ်ပွဲပေါင်း ၁၈ ပွဲသာ ကစားခဲ့ပေမယ့် ၁၇ ဂိုး သွင်းပြီး ၁၅ ဂိုး ဖန်တီးခဲ့တာကြောင့် ဒီဆုကို ရယူနိုင်မယ့်သူအဖြစ် ရေပန်းစားနေပါတယ်။
ဆွာရက်ဇ်ကလည်း သူ့ရဲ့ပွဲဦးထွက် ရာသီမှာ အင်တာမိုင်ယာမီ အသင်းအတွက် လိဂ်ပွဲ ၂၆ ပွဲ ကစားထားတာမှာ ၁၈ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးထားကာ ဆုရရှိဖို့ ရေပန်းစားနေတဲ့ သူတွေထဲမှာ ပါဝင်နေတာပါ။
မက်ဆီနဲ့ဆွာရက်ဇ်ကို တွေ့ရစဉ်
ဥရုဂွေးတိုက်စစ်မှူးဟောင်းဟာ အင်တာမိုင်ယာမီအသင်း Supporters' Shield ဆုဖလား ရယူနိုင်အောင် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆွာရက်ဇ်ဟာ MVP ဆုအပြင် မေဂျာလိဂ် မျက်နှာသစ်ဆုအတွက် အသင်းဖော် ရိုဂျက်စ်နဲ့အတူ ဆန်ခါတင်စာရင်း ထဲ ပါဝင်နေတာပါ။
အင်တာမိုင်ယာမီ ကစားသမားတွေဖြစ်တဲ့ ရီဒန်ဒိုနဲ့ ဂိုးမက်ဇ်တို့ဟာ မေဂျာလိဂ်လူငယ် အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နေသလို နောက်ခံလူ အယ်လ်ဘာကလည်း တစ်နှစ်တာ အကောင်းဆုံး နောက်ခံလူ စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါအပြင် အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုဟာ အကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်စာရင်းထဲ ပါဝင်နေပါတယ်။
ဒီဆုတွေကို မေဂျာလိဂ်ကလပ် ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ မီဒီယာအဖွဲ့ဝင်တွေရဲ့ မဲတွေနဲ့ ဆုံးဖြတ်သွား မှာပါ။
မေဂျာလိဂ်ဟာ ဆုရတဲ့သူတွေကို အောက်တိုဘာ ၂၈ ရက်မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1965
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈
ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်းကွင်းလယ်လူဟောင်း မက်ခီလီလီဟာ ဂရိကလပ် အက်စ်တီရက်စ်ထရီပိုလစ် အသင်းကို ၃ ပွဲသာ ကိုင်တွယ်အပြီးမှာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်တွေအတွင်းမှာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မက်ခီလီလီဟာ စက်တင်ဘာ ၁၄ ရက်က ဂရိကလပ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
မက်ခီလီလီဟာ အက်စ်တီရက်စ်ထရီပိုလီအသင်းကို ၃ ပွဲကိုင်တွယ်ခဲ့တာမှာ ၁ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဂရိကလပ်အသင်းဟာ ရလဒ်ကောင်းတွေ ရရှိခဲ့ပေမယ့် မက်ခီလီလီရဲ့ နုတ်ထွက်မှုဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ ရတာပါ။
မက်ခီလီလီကတော့ ဂရိကလပ်အသင်းဟာ ပေးထားတဲ့ကတိတွေကို ချိုးဖောက်ခဲ့တာကြောင့် သူ့မှာ ရွေးချယ်စရာ မရှိဘူးလို့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့အပေါ် ပြောခဲ့ပါတယ်။
မက်ခီလီလီက “ကျနော်ဟာ အလုပ်ကိုနှစ်သက်ပေမယ့် လူတွေဝင်ရောက်စွက်ဖက်တာကိုတော့ လက်မခံ နိုင်ပါဘူး။ သူတို့က အသင်းကို အပြည့်အဝထိန်းချုပ်ဖို့ ကျနော့်ကို ကတိပေးထားပါတယ်။ ဘယ်သူတွေက ကစားပြီး ဘယ်သူတွေက မကစားဘူးလဲဆိုတာ ကျနော့်ရဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်သင့်ပါတယ်။ ပြီးခဲ့တဲ့ပွဲတုန်း ကဆိုရင် အဓိက ကစားသမား ဘီလီကို အရန်ခုံမှာထားသင့်တယ်ဆိုပြီး ကျနော့်ကို ပြောခဲ့ပါတယ်။ သူက အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်ပေမယ့် သူတို့က မကစားစေချင်ကြဘူး”လို့ ပြောခဲ့တာပါ။
ကစားသမားဘဝမှာ အောင်မြင်မှုအများအပြားရခဲ့တဲ့ မက်ခီလီလီဟာ ၂၀၁၁ ခုနှစ်မှာ အနားယူပြီးနောက် နည်းပြ လောကထဲကို ဝင်ရောက်ကာ ပီအက်စ်ဂျီနဲ့ ဆွမ်ဆီးအသင်းမှာ လက်ထောက်နည်းပြ၊ဘက်စ်တီယာ၊ယူပန်နဲ့ အက်စ်တီရက်စ်ထရီပိုလစ်အသင်းတွေမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 4467
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈
ရီးရယ်လ်အသင်းကြယ်ပွင့် ဘတ်ပီဟာ ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲတွေမှာ နိုင်ငံအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့အတွက် ပြင်သစ်အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ရီးရယ်လ်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပြီး ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့တာကြောင့် ပရိသတ်တွေက သူ့ကိုဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့လက ကြွက်သားဒဏ်ရာ ရရှိခဲ့ပေမယ့် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့သလို ဗီလာရီးရယ်လ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ရီးရယ်လ်အသင်းရဲ့ ပွဲထွက်လူစာရင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီဟာ ပြင်ဆင်ချိန် နည်းပါးခဲ့ပြီး ပွဲအနည်းငယ်သာ ကစားခဲ့ရတဲ့အတွက် နိုင်ငံအသင်း လူစာရင်းကနေ ထွက်ခွာခဲ့တာလို့ ပြောခဲ့တာပါ။
ဘတ်ပီကို တွေ့ရစဉ်
ပြင်သစ်ပရိသတ်တွေကတော့ ဘတ်ပီဟာ နိုင်ငံအသင်းရဲ့ စီနီယာ ကစားသမားဖြစ်သလို အသင်းခေါင်းဆောင် လည်း ဖြစ်ပေမယ့် နိုင်ငံအသင်းထက် ရီးရယ်လ်အသင်းကို ဦးစားပေး ရွေးချယ်ခဲ့တဲ့အပေါ် စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။
ပြင်သစ်ကစားသမားဟောင်း ဘော့ဆစ်က ဘတ်ပီအနေနဲ့ ဒဏ်ရာရင် ကလပ်အသင်းအတွက်လည်း မကစား ရဘူးလို့ ဝေဖန်မှုပြုလုပ်ခဲ့တာပါ။
လက်ရှိ ပြင်သစ်အသင်း လူစာရင်းမှာ ဘတ်ပီလည်း မပါဝင်သလို ဂရစ်ဇ်မန်းကလည်း အနားယူခဲ့တာကြောင့် ပြင်သစ်အသင်းအတွက် လူစာရင်းရွေးချယ်မှုမှာ အခက်တွေ့နိုင်တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ပြင်သစ်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဘတ်ပီဟာ ၈၆ ပွဲ ကစားထားပြီး ၄၈ ဂိုးသွင်းယူကာ နိုင်ငံအသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၁ နေးရှင်းလိဂ် ဖလားတို့ကို ရယူထားနိုင်ခဲ့တာပါ။
ပြင်သစ်အသင်းဟာ လာမယ့် နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် အစ္စရေး၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 3714
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈
ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဟာရီကိန်းရဲ့အခြေအနေကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ကစားသမားဟာ နိုင်ငံအသင်းရဲ့ နေးရှင်းလိဂ်ပွဲတွေကို ပါဝင်ကစားနိုင်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက ပြောခဲ့ပါတယ်။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့တာပါ။
ဟာရီကိန်းဟာ ဒဏ်ရာရခဲ့ပေမယ့် အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ဒဏ်ရာကို FA ဆေးအဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ဆေးမှုတွေအရ ဟာရီကိန်းဟာ ထိခိုက်ဒဏ်ရာ မရှိတဲ့အတွက် အင်္ဂလန်အသင်းအတွက် ပါဝင်ကစား ပေးနိုင်မှာပါ။
ဟာရီကိန်းကို တွေ့ရစဉ်
ဒါပေမယ့် ယူနိုက်တက်အသင်းက ကိုဘီမိုင်နူး၊ နော်တင်ဟမ်ဖောရက်စ်အသင်းက ဂစ်ဘ်ဝှိုက်စ်နဲ့ ဗီလာအသင်းက ကွန်ဆာတို့ကတော့ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ FA က ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ကစားသမား ၃ ဦး နုတ်ထွက်ခဲ့ပေမယ့် ယာယီနည်းပြ လီကာစလေက သူတို့ရဲ့ နေရာမှာ ဘယ်ကစားသမားကိုမှ အစားထိုးခေါ်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။
အင်္ဂလန်အသင်းဟာ လီကာစလေ လက်ထက် ကစားထားတဲ့ နေးရှင်းလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိထား တာပါ။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် အောက်တိုဘာ ၁၁ ရက်မှာ ဂရိအသင်းနဲ့ အိမ်ကွင်း၊ ၁၃ ရက်မှာ ဖင်လန်အသင်းနဲ့အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 2114
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းမှာ ဂိုးသမား အီဒါဆန် ဆက်ရှိခဲ့တာက သူတို့တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ဘယ်အသင်းကမှ ပေးချေနိုင်ခြင်း မရှိခဲ့တာကြောင့်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အီဒါဆန်အတွက် ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် သူတို့မှာ တန်ဖိုးရှိသလို ပြောင်းရွှေ့ကြေး ဈေးနှုန်းလည်း ရှိပါတယ်။ ဒီပြောင်းရွှေ့ကြေး မပေးနိုင်ဘူးဆိုရင် သူထွက်သွားလို့ မရပါဘူး။ ဒါက အမှန်တရား ပါပဲ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဂိုးသမား အီဒါဆန်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အယ်လ်နာဆာအသင်းနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့က စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အီဒါဆန်အတွက် မန်စီးတီးအသင်း လက်ခံနိုင်တဲ့ ကမ်းလှမ်းမှု ရောက်မလာခဲ့ဘူးလို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့တာပါ။
ဂွာဒီယိုလာနဲ့ အီဒါဆန်ကို တွေ့ရစဉ်
၂၀၁၇ ခုနှစ်က ဘင်ဖီကာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အီဒါဆန်ဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရရှိခဲ့တာဖြစ်ပါတယ်။
အီဒါဆန်ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ၂ ကြိမ်ပါဝင်ခဲ့ပြီး ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ် အတွင်း ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ၃ နှစ်ဆက်တိုက် ရရှိခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်ရှိ အီဒါဆန်ဟာ အသင်းဖော်ဂိုးသမား အော်တီဂါနဲ့ နေရာအတွက် ပြိုင်ဆိုင်မှုတွေရှိပေမယ့် မန်စီးတီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ် ဆက်ပြီးရှိနေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အီဒါဆန်ဟာ အသင်းအတွက် အရေးပါတဲ့သူဖြစ်သလို အော်တီဂါကလည်း ထူးခြားတဲ့ ကစားသမားဖြစ်တယ်လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတဲ့ အီဒါဆန်နဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လဆိုရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1197
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇
ရီးရယ်လ်အသင်းကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ဒဏ်ရာကြောင့် ပီရူး၊ချီလီအသင်းတို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေကို လွဲချော်မယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။
ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းက ဗီလာရီးရယ်လ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ လည်ပင်းဒဏ်ရာရရှိခဲ့တာပါ။
အဲဒါကြောင့် ဗီနီစီးယက်စ်ဟာ အနားယူရမှာဖြစ်လို့ ဘရာဇီးလ်ဘောလုံး အဖွဲ့ ချုပ်ဟာ သူ့ရဲ့နေရာမှာ ဖူလ်ဟမ်အသင်းကွင်းလယ်လူ ပါရဲရားကို အစားထိုးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ် အသင်းဟာ ဗီနီစီးယက်စ်မတိုင်ခင် ကစားသမား ၃ ဦးရဲ့နေရာမှာလည်း အစားထိုး ခေါ်ယူခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဘရီမာ၊လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်နဲ့ မင်နဲရိုးကစားသမား အေရာနာတို့ဟာ ဒဏ်ရာရခဲ့တာကြောင့် ဘရာဇီးလ်အသင်းဟာ သူတို့ရဲ့နေရာမှာ ပီအက်စ်ဂျီအသင်းက ဘီရယ်လ်ဒို၊ပါလ်မီးရက်စ်အသင်းက ဝီဗာတန်နဲ့ ဘိုတာဗိုဂိုအသင်းက တယ်လ်လက်စ်တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းအတွက်တော့ အရေးကြီးတဲ့ ခြေစစ်ပွဲတွေမှာ အဓိက ကစားသမားတွေကို ဒဏ်ရာကြောင့် ဆုံးရှုံးရတာဟာ ကြီးမားတဲ့ထိုးနှက်ချက်လို ဖြစ်ခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ၈ ပွဲ ကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အဆင့် ၆ နေရာက ဗင်နီဇွဲလား အသင်းနဲ့ ရမှတ်တူ၊အဆင့် ၇ နဲ့ ၈ နေရာက ပါရာဂွေး၊ဘိုလီးဗီးယားအသင်းနဲ့ ရမှတ် ၁ မှတ်သာ ကွာဟတာကြောင့် လာမယ့်ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင် အမေရိကဇုန်က ထိပ်ဆုံး ၆ သင်းတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ အသင်းက ပလေးအောဖ့်ယှဉ်ပြိုင်ရမှာပါ။
ဘရာဇီးလ်အသင်းဟာ ချီလီအသင်းနဲ့ အောက်တိုဘာ ၁၀ ရက် အဝေးကွင်း၊ပီရူးအသင်းနဲ့ အောက်တိုဘာ ၁၅ ရက် အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 2674
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇
ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို အဆုံးသတ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ကနဦး ၄ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကို အယူခံဝင်ပြီးနောက် အားကစားခုံရုံးက ၁၈ လလျှော့ချခဲ့တာပါ။
အဲဒါကြောင့် ပေါ့ဘာဟာ ၂၀၂၅ ခုနှစ်၊ ဇန်ဝါရီလမှာ လေ့ကျင့်မှုတွေ ပြန်လည်စတင်ပြီး မတ်မှာ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။
ဒါပေမယ့် ပေါ့ဘာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမယ့်စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ ရှိနေတာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းက သူ့ကို စာချုပ်ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ပြီးတာနဲ့ အသင်းသစ် ရှာဖွေဖို့ကို အာရုံစိုက်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကို ချစ်မြတ်နိုးပေမယ့် အသင်းသစ်နဲ့အတူ သူ့ရဲ့ကစားသမားဘဝကို ပြန်လည် စတင်တာက သူနဲ့ သူ့ရဲ့မိသားစုအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်နေတာပါ။
ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ ကာလရှည်ကြာ ဝေးကွာနေတဲ့ ပြင်သစ်အသင်းအတွက် ပြန်ကစားနိုင်ဖို့လည်း စိတ်အား ထက်သန် နေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းကတော့ လက်ရှိအချိန်ထိ ပေါ့ဘာရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး တုန့်ပြန်မှု မရှိသေးတာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ပထမအကြိမ် ကစားခဲ့တဲ့ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ခြေစွမ်းပြသကာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တာဖြ စ်ပါတယ်။
ဒါပေမယ့် ဒုတိယအကြိမ် ပြန်ကစားဖို့ ရောက်ရှိလာတဲ့ ၂၀၂၂ ခုနှစ်မှာတော့ ဒဏ်ရာတွေ၊ တားမြစ်ဆေး အရှုပ်တော်ပုံတွေကြောင့် ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၁၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးရင် မေဂျာလိဂ်ပြိုင်ပွဲမှာ သွားရောက် ကစားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 1514
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇
ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် အသင်းအနေနဲ့ ဂိုးအများအပြား သွင်းယူနိုင်ဖို့ လုပ်ဆောင်ရမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ဒီအချိန်မှာ ကျနော်တို့ဟာ သွင်းဂိုးတွေ နည်းပါးနေတယ်ဆိုတာကို သိပါတယ်။ ဒါက ကောင်းမွန်တဲ့ စတင်မှုမဟုတ်ပါဘူး။ အဲဒါကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အဆင့်တက်ပြီး လုပ်ဆောင်ရမှာပါ။ ဒါက ကျနော်တို့ တိုးတက်အောင် လုပ်ဆောင်ရမယ့်အရာပါ။ ကျနော်တို့ဟာ ၇ ပွဲ ကစားအပြီးမှာ ဂိုးဖန်တီးမှုတွေ အများကြီးရှိခဲ့ပြီး သွင်းဂိုးတွေ လာပါလိမ့်မယ်။ ကျနော်တို့ ကစားသမားတွေကို ယုံကြည်ပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ၁၉၈၉-၉၀ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီ စတင်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေတာပါ။
ယူနိုက်က်အသင်းနဲ့ အက်စတွန်ဗီလာ ယှဉ်ပြိုင်နေစဉ်
မန်ချက်စတာကလပ်ဟာ သွင်းဂိုးတွေနဲ့ နိုင်ပွဲတွေ ပျောက်ဆုံးနေပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ ပွဲအရေအတွက် ၄ ပွဲအထိ ရှိခဲ့တဲ့အပေါ် နည်းပြ အဲရစ်တန်ဟတ်က ကျေနပ်နေတာ ဖြစ်ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက်ကို ရောက်ရှိနေတဲ့ အချိန် ဒီပွဲကို ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က လာရောက်ကြည့်ရှုခဲ့တာပါ။
အဲရစ်တန်ဟတ်ကတော့ သူတို့ဟာ တူညီတဲ့ စာမျက်နှာပေါ်မှာ အတူရှိပြီး ဒါက ရေရှည်လုပ်ငန်းစဉ် ဖြစ်တဲ့အတွက် ဘာတွေ လုပ်ဆောင်နေလဲဆိုတာ သိတယ်လို့ တုန့်ပြန့်ထားပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နိုင်ငံတကာပွဲစဉ်အပြီး အောက်တိုဘာ ၁၉ ရက်မှာ ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN