- By CNI
- Category: အားကစား
- Hits: 758
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီးလစ်ဟာ အငှားကစားနေတဲ့ အေစီမီလန်အသင်းက သူ့ကို အပြီးသတ်ခေါ်ယူမှာ မဟုတ်တဲ့အတွက် နွေရာသီမှာ မိခင်ကလပ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လာရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ချယ်လ်ဆီးအသင်းကနေ အေစီမီလန်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဂျာအိုဖီးလစ်ဟာ အေစီမီလန်အသင်းအတွက် ပွဲဦးထွက် ပါဝင်ခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ဟာ အငှားစာချုပ်ထက် ကျော်လွန်ပြီး အေစီမီလန်အသင်းမှာ ဆက်ရှိချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောထားတာပါ။
ဒါပေမယ့် အေစီမီလန်အသင်းဟာ ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ဘူးလို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
ဂျာအိုဖီးလစ်ဟာ အေစီမီလန်အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားထားအပြီးမှာ ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားပါတယ်။

ဂျာအိုဖီးလစ်ကိုတွေ့ရစဉ်
ပေါ်တူဂီကစားသမားဟာ ချယ်လ်ဆီးအသင်းမှာလည်း သူ့ရဲ့အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် လာမယ့် နွေရာသီမှာ နောက်ထပ် အသင်းတစ်သင်းထံ အငှား ဒါမှမဟုတ် အပြီးသတ် ထွက်ခွာရဖွယ်ရှိနေတာပါ။
အေစီမီလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အတ္တလန်တာအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အေစီမီလန်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြကွန်ဆီကာအိုရဲ့ အနာဂတ်ဟာ လှုပ်ခတ်နေပြီး ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာပါ။
အီတလီစူပါဖလား ရရှိထားတဲ့ အေစီမီလန်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ကိုပါအီတာလီယာ ဖလား ကျန်ရှိနေသေးပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။
အေစီမီလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အင်တာမီလန်အသင်းနဲ့ တွေ့ဆုံနေပြီး ပထမအကျော့အဖြစ် ကစားခဲ့တဲ့ပွဲမှာ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 769
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
စပါးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး-၁ ဂိုးနဲ့အရေးနိမ့်ပြီး ဒီရာသီပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၈ ပွဲမြောက် ရှုံးပွဲကြုံတွေ့ပြီးနောက် ဒီအရေးနိမ့်မှုဟာ လက်ခံနိုင်စရာ မရှိဘူးလို့ နည်းပြပိုစတီကိုဂလူး က ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ကျနော်တို့ မရှုံးနိမ့်သင့်တဲ့ နေရာမှာ ရှုံးနိမ့်ခဲ့တဲ့ နောက်ထပ် ပွဲတစ်ပွဲပါ။ ကျနော်တို့ဟာ သွင်းဂိုး တွေကို လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရပါတယ်။ ဒီပွဲမှာ ကျနော်တို့ ကောင်းမွန်စွာကစားပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့တာ ကြောင့် အရေးနိမ့်ခဲ့တာဟာ ရှက်ဖို့ကောင်းပါတယ်။ ကျနော်တို့ဟာ ပွဲကိုအနိုင်ရဖို့ ထိုက်တန်တယ်လို့ ခံစားခဲ့ရတဲ့ အတွက် ဒီရှုံးနိမ့်မှုဟာ လက်မခံနိုင်တဲ့ရှုံးနိမ့်မှုပါ”လို့ ပြောခဲ့တာပါ။
စပါးအသင်းဟာ ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ပွဲအစ ၁၆ မိနစ်အတွင်းမှာ သွင်းဂိုး ၂ ဂိုးခွင့်ပြုခဲ့ရပြီး ပွဲပြီးခါနီးမှသာ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်တွေ အလွန်ဆိုးရွားနေပြီး အသင်းသမိုင်းမှာ အဆိုးရွားဆုံး ရာသီတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဆိုး ပိုင်ဆိုင်ဖို့ရှိနေတာပါ။

စပါးအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်း ယှဉ်ပြိုင်နေစဉ်
လန်ဒန်ကလပ်ဟာ ဒီပွဲရှုံးနိမ့်မှုကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၇ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။
စပါးအသင်းရဲ့ ပရိသတ်တွေဟာ ဒီပွဲရဲ့ပထမပိုင်းမှာ အသင်းကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
စပါးအသင်း နည်းပြပိုစတီကိုဂလူးက ပရိသတ်တွေဟာ သူတို့လိုပဲ စိတ်ပျက်ပြီး ဒေါသထွက်နေကြတယ်လို့ ပြောခဲ့တာပါ။
စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးနေပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေ ပြီး ချန်ပီယံဆုရယူကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိဖို့ ပစ်မှတ်ထားနေပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၃ နေရာကို တက်နိုင် ခဲ့ပြီး လာမယ့်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ FA ဖလား ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ရမှာပါ။
စပါးအသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 753
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ဟာ ချန်ပီယံရှစ်ပွဲစဉ် ၄၄ အဖြစ် ကစားခဲ့တဲ့ပွဲမှာ နိုင်ပွဲကိုယ်စီ ရယူနိုင် ခဲ့တဲ့အတွက် လာမယ့်ရာသီ ပရီးမီးယားလိဂ်ထံ တန်းပြန်တက်ခွင့် လက်မှတ်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက်အသင်းက စတုတ်စီးတီးအသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဘန်လေအသင်းက ရှက်ဖီးယူနိုက်တက်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ချန်ပီယံရှစ်ပွဲစဉ်ကစားဖို့ ၂ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ဟာ ရမှတ် ၉၄ မှတ်စီနဲ့ အမှတ်ပေးဇယားအဆင့် ၁ နဲ့ ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ဟာ အမှတ်ပေးဇယားအဆင့် ၃ နေရာက ရှက်ဖီးယူနိုက်တက်အသင်းကို ရမှတ် ၈ ဖြတ်ပြီး ဦးဆောင်ထားတာကြောင့် ပရီးမီးယားလိဂ်ထံ တန်းပြန်တက်နိုင်ခဲ့တာပါ။
လိဒ်စ်ယူနိုက်တက်အသင်းဟာ ၂ ရာသီအကြာမှ ပရီးမီးယားလိဂ်ထံ တန်းပြန်တက်နိုင်ခဲ့တာဖြစ်ပြီး မနှစ်က ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဘန်လေအသင်းကတော့ တစ်ရာသီအကြာမှာ တန်းပြန်တက် နိုင်ခဲ့ပါတယ်။

လိဒ်စ်အသင်းနဲ့ ဘန်လေအသင်းကို တွေ့ရစဉ်
ဘန်လေအသင်းနည်းပြ စကော့ပါကားက သူတို့ရဲ့ရာသီအစ ရည်မှန်းချက်နဲ့ ပစ်မှတ်က ပရီးမီးယားလိဂ်ထံ ပြန်သွားအောင် လုပ်ဖို့ဖြစ်ပြီး ဒါကိုလုပ်နိုင်ခဲ့တာကြောင့် အသင်းအတွက် အလွန်ဂုဏ်ယူမိတယ်လို့ ပြောခဲ့တာပါ။
စကော့ပါကားဟာ ဖူလ်ဟမ်နဲ့ ဘုန်းမောက်အသင်းတို့ကို ကိုင်တွယ်ခဲ့ချိန်ကလည်း ချန်ပီယံရှစ်ကနေ ပရီးမီးယား လိဂ်ထံ တန်းတက်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
ချန်ပီယံရှစ် အမှတ်ပေးဖလားကို လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ထဲက ဘယ်အသင်း ရယူနိုင်မလဲဆိုတာ လက်ကျန်ပွဲစဉ် ၂ ပွဲရလဒ်ပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပါ။
ရှက်ဖီးယူနိုက်တက်နဲ့ ဆန်းဒါးလန်းအသင်းတို့ဟာ ချန်ပီယံရှစ် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်ရဖို့ သေချာသွားခဲ့ပြီး လက်ကျန် ၂ နေရာအတွက် ဘရစ်စတိုးလ်၊ ကိုဗင်ထရီ၊ မယ်ဒယ်ဘရော့နဲ့ မီလ်ဝေါလ်အသင်းတို့ ယှဉ်ပြိုင်နေကြ တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 670
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့ အရေးနိမ့်ပြီး ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်ဆင်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံအဖြစ်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ထံ တန်းပြန်တက်လာခဲ့တဲ့ လက်စတာ အသင်းဟာ ရလဒ်ဆိုးတွေကြောင့် တစ်ရာသီအကြာမှာ တန်းပြန်ဆင်းခဲ့တာပါ။
လက်စတာအသင်းဟာ ၃ နှစ်အတွင်း ဒုတိယအကြိမ်မြောက် ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့တာဖြစ်ပါတယ်။
လက်စတာအသင်းဟာ ဒီရာသီ အစပိုင်းမှာကတည်းက ရလဒ်ဆိုးတွေကြောင့် နည်းပြစတိဗ်ကူးပါးကို ထုတ်ပယ် ပြီး နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
နစ္စတယ်ရွိုင်း လက်ထက်မှာလည်း လက်စတာအသင်းဟာ ရလဒ်တွေ ကောင်းမွန်လာခြင်းမရှိဘဲ အိမ်ကွင်း ၉ ပွဲ ဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့တာပါ။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ပွဲ ကစားအပြီးမှာ ရမှတ် ၁၈ မှတ်သာရရှိကာ ဆောက်သမ်တန် အသင်းနဲ့အတူ တန်းဆင်းလက်မှတ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ အစ်စဝှစ်ချ်အသင်းလည်း ပရီးမီးယားလိဂ်ကနေ တန်းဆင်း ဖို့ နီးစပ်နေတာပါ။
လက်စတာအသင်းကို အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ လာမယ့်ပွဲစဉ်မှာ အနိုင်ရလဒ်ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1004
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈
ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူကျော်ဖြတ်ပြီး ဥရောပပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ လိုင်ယွန်အသင်း နဲ့ပွဲစဉ်မှာ အချိန်ပိုအထိယှဉ်ပြိုင်ခဲ့ရပြီး ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လိုင်ယွန်အသင်းရဲ့ ချေပဂိုး ၂ ဂိုးကြောင့် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ ပထမအကျော့ ပွဲစဉ်ကလည်း ၂ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုးစီ သရေကျ နေခဲ့လို့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။

အချိန်ပိုမှာ ကစားသမား တစ်ဦးလျော့နဲ့ ယှဉ်ပြိုင်နေတဲ့ လိုင်ယွန်အသင်းက ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူခဲ့တာ ကြောင့် ယူနိုက်တက်အသင်း အခက်ကြုံတွေ့ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေနဲ့ အနိုင်ဂိုး ဆက်တိုက် သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ လိုင်ယွန်အသင်းကို ၅ ဂိုး-၄ ဂိုး၊ နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး-၆ ဂိုးနဲ့ အနိုင်ယူပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
စပါးအသင်းက ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဖရန့်ဖတ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင် ရခဲ့တာပါ။

ပထမအကျော့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ စပါးအသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
စပါးအသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဘိုဒိုဂီလင့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ချယ်လ်ဆီးအသင်းကတော့ ကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လီဂီယာဝါဆောအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ လီဂီယာဝါဆောအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထား တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်မှာ ယာဂါးဒန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဖီအိုရင်တီးနားနဲ့ ဘက်တစ်အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Source: BBC
#ချယ်လ်ဆီးအသင်း #စပါးအသင်း #ယူနိုက်တက်အသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar
- By CNI
- Category: အားကစား
- Hits: 1055
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ နိုင်ပွဲရယူထားတဲ့ အာဆင်နယ်နဲ့ အင်တာမီလန်အသင်း တို့ဟာ ဒုတိယအကျော့မှာ ရလဒ်ကောင်းတွေ ထပ်မံရယူပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ပွဲတွေမှာ အာဆင်နယ်အသင်းက ရီးရယ်လ် အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အင်တာမီလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ၂ ဂိုးစီသရေကျခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပထမအကျော့ကလည်း ရီးရယ်လ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့စလုံး အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပြန်တက်နိုင်ခဲ့ တာပါ။

အင်တာမီလန်အသင်းဟာ ပထမအကျော့တုန်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒါကြောင့် အင်တာမီလန်အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင် ခဲ့တာပါ။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ပီအက်စ်ဂျီနဲ့ အာဆင်နယ်၊ အင်တာမီလန်နဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 737
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၆
ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ပေမယ့် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ကြပါတယ်။
ဘာစီလိုနာအသင်းဟာ ဒေါ့မွန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ အက်စတွန်ဗီလာ အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
ဒါပေမယ့် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ၄ ဂိုး-ဂိုးမရှိနဲ့ ဒေါ့မွန်အသင်းကို အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ထဲမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ တာပါ။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် ရီးရယ်လ်နဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းက အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 627
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
ပရီးမီးယားလိဂ် နည်းပြဟောင်း တစ်ဦးဖြစ်တဲ့ ဆမ်အလာဒိုက်စ်က ၂ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ ဘောလုံး လောကထဲပြန်လာဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။
ဆမ်အလာဒိုက်စ်က “ကျနော်ဟာ ဘယ်သူ့ကိုမဆို အကူအညီပေးမှာပါ။ မန်နေဂျာတစ်ဦး အနေနဲ့လား ဒါမှမဟုတ် အခြားအခန်းကဏ္ဍနဲ့လားဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမယ့် ဒီအရာက ကြီးမားတဲ့ ပရောဂျက်တစ်ခု ဖြစ်ရပါမယ်။ ဘောလ်တန်မှာ ပြန်တွေ့ရမယ်လို့တော့ မထင်ပါဘူး။ သူတို့သာ ကျနော့် အကူအညီကို လိုချင်ရင် သူတို့လိုချင်တဲ့ အချိန်တိုင်း ဖုန်းခေါ်ဆိုနိုင်ပါတယ်”လို့ BBC ကိုပြောခဲ့တာပါ။
အသက် ၇၀ နှစ်အရွယ်ရှိ ဆမ်အလာဒိုက်စ်ဟာ ၂၀၂၂-၂၃ ရာသီကုန်ခါနီးမှာ လိဒ်စ်အသင်းကို ၄ ပွဲ ကိုင်တွယ် ပြီးနောက် နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ဆမ်အလာဒိုက်စ်ကိုတွေ့ရစဉ်
အင်္ဂလန်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတို့ အပါအဝင် ပရီးမီးယားလိဂ် ကလပ် အများအပြားကို ကိုင်တွယ်ခဲ့တဲ့ ဆမ်အလာဒိုက်စ်ဟာ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်နိုင်မယ့်လမ်းကို ရှာဖွေနေ တာပါ။
ဆမ်အလာဒိုက်စ်ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဘောလ်တန်အသင်းဟာ လိဂ်ဝမ်းအမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ဖို့အတွက် ပလေးအော့ဖ် ယှဉ်ပြိုင် ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ဆမ်အလာဒိုက်စ်ဟာ နည်းပြဘဝမှာ ပွဲပေါင်း ၁,၀၀၀ ကျော် ကိုင်တွယ်ခဲ့ပြီး ၃၈.၆ အနိုင်ရာခိုင်နှုန်း ရရှိထား တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 709
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
ကိုမိုအသင်းကွင်းလယ်လူ ဒယ်လီအလီဟာ အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည်ခေါ်ယူခံရမယ်လို့ ယုံကြည်နေ ပြီး သူ့ရဲ့၂၀၂၆ ကမ္ဘာ့ဖလား အိပ်မက်ကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒယ်လီအလီက “ကျနော်က အလွန်ရည်မှန်းချက်ကြီးမားတဲ့ သူတစ်ဦးဖြစ်သလို အရင်ကထက် ပိုပြီးဆာလောင် နေပါတယ်။ ကျနော့်ရဲ့ အနီးစပ်ဆုံး ရည်မှန်းချက် ပန်းတိုင်တစ်ခုက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူစာရင်းထဲ ပါဝင်ဖို့ဆိုတာ ရှင်းလင်းပါတယ်။ ဒါက ကျနော့်ရဲ့ ရည်မှန်းချက်အဖြစ် ရှိနေဆဲပါပဲ”လို့ ကိုမိုအသင်းရဲ့ မီဒီယာအဖွဲ့ကို ပြောခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားပေမယ့် ၂၀၁၉ ခုနှစ် နောက်ပိုင်း ပါဝင်ခွင့်မရရှိတော့တာ ဖြစ်ပါတယ်။
ဒယ်လီအလီဟာ ဒီနောက်ပိုင်း ကွင်းတွင်း၊ကွင်းပြင်မှာ ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရတာပါ။
ဒယ်လီအလီဟာ လက်ရှိအချိန်မှာ ကိုမိုအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ပြီးနောက် သူ့ရဲ့အပြုံးတွေကို ပြန်လည် ရှာဖွေနိုင်ခဲ့ပါတယ်။

ဒယ်လီအလီကို တွေ့ရစဉ်
ဒယ်လီအလီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးပွဲစဉ်အဖြစ် ပြီးခဲ့တဲ့လက အေစီမီလန်အသင်းနဲ့ စီးရီးအေပွဲစဉ်မှာ ကိုမိုအသင်း ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာပါ။
ဒါပေမယ့် ဒယ်လီအလီဟာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ကိုမိုအသင်း ကစားသမားဘဝအစကို ကောင်းမွန်စွာ မစတင်နိုင်ခဲ့ပါဘူး။
ဒယ်လီအလီဟာ လာမယ့် ကိုမိုအသင်းရဲ့ပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့ရင် အကောင်းဆုံး ခြေစွမ်းပြသပြီး နည်းပြ တူချယ်လ်ရဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဒယ်လီအလီအနေနဲ့ စပါးအသင်းမှာ ကစားခဲ့ချိန်တုန်းက ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကို ပြန်ပြသနိုင်ခဲ့ရင် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေး ရရှိနိုင်တာပါ။
ဒယ်လီအလီဟာ အင်္ဂလန်အသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၁၈-၁၉ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 679
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက်တိုးပြီး ၆၄ သင်းနဲ့ကျင်းပဖို့ တရားဝင် အဆိုပြုခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်တွေကို အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးနိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပပြီးနောက် စပိန်၊ မော်ရိုကိုနဲ့ ပေါ်တူဂီနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာပါ။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းနဲ့ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် ထပ်ပြီး တိုးပြီးကျင်းပဖို့ CONMEBOL က ဆန္ဒရှိနေတာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ဒီအဆိုပြုချက်ကို သုံးသပ်မှုတွေ ပြုလုပ်သွားဖို့ရှိနေတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် ၄၈ သင်းအထိ တိုးပြီးကျင်းပဖို့ကို ဖီဖာကွန်ဂရက်မှာ မဲခွဲခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဖီဖာရဲ့၇၅ ကြိမ်မြောက် ကွန်ဂရက်ကို မေလ ၁၅ ရက် ပါရာဂွေးနိုင်ငံမှာ ကျင်းပသွားဖို့ရှိနေပြီး ဒီကွန်ဂရက်မှာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ကို ဆွေးနွေးမှုတွေ ပြုလုပ်သွားနိုင်တာပါ။

ဒီအဆိုပြုမှုကို အတည်ပြုခဲ့မယ်ဆိုရင် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲပေါင်း ၁၂၈ ပွဲအထိ မြင်တွေ့ရဖို့ရှိနေတာ ဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ဆီဖာရင်ကတော့ ဒီအဆိုပြုမှုဟာ ဆိုးရွားတဲ့ အတွေးအခေါ် ဖြစ်တယ်လို့ အခုလအစောပိုင်းက ပြောထားတာပါ။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီး ၃ တိုက်မှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ဥရောပတိုက်က စပိန်နဲ့ပေါ်တူဂီ ၊အာဖရိကတိုက်က မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပ သွားမှာပါ။
၁၉၃၀ ခုနှစ်က စတင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တောင်အမေရိကတိုက်က အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့ဟာ အဖွင့်ပွဲစဉ် ၁ ပွဲစီကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
