
- By CNI
- Category: အားကစား
- Hits: 2317
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇
အီတလီကွင်းလယ်လူ လိုကာတယ်လီဟာ လွန်ခဲ့တဲ့ ၃ နှစ်က အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် နောင်တမရဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အာတီတာနဲ့ အာဆင်နယ်အသင်းကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။
လိုကာတယ်လီက “အာဆင်နယ်ထံ မပြောင်းခဲ့တဲ့အပေါ် ကျနော် နောင်တမရပါဘူး။ ကျနော်ဟာ ဘောလုံးပွဲတွေ ကြည့်ရတာကို နှစ်သက်ပြီး အာဆင်နယ်အသင်းပွဲတွေ ကြည့်ရတာကိုလည်း သဘောကျပါတယ်။ အာဆင်နယ် အသင်းနည်းပြ အာတီတာကိုလည်း ကျနော်လေးစားပါတယ်”လို့ Tuttosport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
လိုကာတယ်လီဟာ ဆက်ဆူအိုလိုအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့သလို အီတလီအသင်းကို ယူရို ၂၀၂၀ ဖလား ရရှိအောင် အကူအညီ ပေးနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။
ဒီအချိန်တုန်းက အာဆင်နယ်အသင်းဟာ လိုကာတယ်လီကို ခေါ်ယူချင်တာကြောင့် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ တာပါ။
လိုကာတယ်လီကို တွေ့ရစဉ်
ဒါပေမယ့် အာဆင်နယ်အသင်းဟာ လိုကာတယ်လီကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ကစားသမားက ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
လိုကာတယ်လီဟာ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းကနေ အခုအချိန်ထိ ကိုပါအီတာလီယာဖလားသာ ရယူထားနိုင်ခဲ့တာပါ။
အီတလီကွင်းလယ်လူဟာ ဂျူဗင်တပ်စ်အသင်း ပရိသတ်အဖြစ် ကြီးပြင်းလာခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းကို ရွေးချယ်တာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီနည်းပြသစ် သီယာဂိုမော့တာ လက်ထက်မှာ စီးရီးအေရာသီအစ အဖွင့်ပွဲစဉ် ၂ ပွဲ စလုံး အနိုင်ရခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးမရှိ သရေကျခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ဒီတစ်ပတ် စီးရီးအေပွဲစဉ်အဖြစ် ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1814
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇
ပရက်စတန်အသင်း တိုက်စစ်မှူး အိုစမာဂျစ်ဟာ လီဗာပူးလ်အသင်းကနေ ဘလက်ဘန်းအသင်းထံ အငှားနဲ့ လာရောက်ကစားနေတဲ့ နောက်ခံလူ အိုဝင်ဘက်ကို ကိုက်ခဲ့တာကြောင့် ၄ လအထိ ပွဲပယ်ခံရဖွယ်ရှိနေပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ကြမ်းတမ်းတဲ့ အပြုအမူ ပြုလုပ်ခဲ့တဲ့ အိုစမာဂျစ်ကို စွဲချက်တင်ထားပြီး စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး တုန့်ပြန်မှု ပြုလုပ်ဖို့ထုတ် ပြန်ထားတာပါ။
ပရက်စတန်နဲ့ ဘလက်ဘန်းအသင်းတို့ရဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ နှစ်ဖက်အသင်း ကစားသမားတွေ အချင်းများခဲ့ရာ အိုစမာဂျစ်က အိုဝင်ဘက်ကို ကိုက်ခဲ့တဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
အိုဝင်ဘက်ကလည်း ပရက်စတန်အသင်း ကစားသမား ဟိုလ်မက်စ်ကို ကန်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။
အိုဝင်ဘက်ဟာ သူအကိုက်ခံရတဲ့အပေါ် ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့ပေမယ့် အိုစမာဂျစ်ဟာ အဝါကတ်သာ ပြသခံခဲ့ရတာပါ။
အိုစမာဂျစ်က ပြိုင်ဘက်ကစားသမား အချင်းများနေစဉ်
အခုအချိန်မှာတော့ အိုစမာဂျစ်ဟာ ကြမ်းတမ်းတဲ့ အပြုအမှု ပြုလုပ်ခဲ့တယ်လို့ စွဲချက်တင်ခြင်းခံခဲ့ရပြီး ၄ လအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ The Sun က ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘလက်ဘန်းအသင်းနည်းပြ ယူစတက်စ်က အိုဝင်ဘက် အကိုက်ခံရတဲ့ ဖြစ်ရပ်အပေါ် ကွင်းလယ်ဒိုင်လူကြီး မမြင်တွေ့ခဲ့တာဟာ ရှက်ဖို့ကောင်းတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အိုဝင်ဘက်ကတော့ ဒီပွဲမှာထိခဲ့တဲ့ အနီကတ်ကြောင့် ဒီတစ်ပတ်ကစားမယ့် ကျူပီအာအသင်းနဲ့ပွဲစဉ်မှာ ဘလက်ဘန်းအသင်းအတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။
၂၀၁၃ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆွာရက်ဇ်က ချယ်လ်ဆီးအသင်း နောက်ခံလူ အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့တဲ့အတွက် ၁၀ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1517
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇
ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက အသက် ၁၇ နှစ် အရွယ်သာရှိသေးတဲ့ ဘာစီလိုနာအသင်းဖော် ယာမဲလ်ကို ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။
လီဝန်ဒေါစကီးက “ယာမဲလ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်။ အခုအချိန် မှာ ဒါကိုပြောဖို့က လွယ်ကူပြီး သူ့ကို ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားလို့ ကျနော်မြင်မိပါတယ်။ ဒါပေမယ့် သူက အခုမှ အသက် ၁၇ နှစ်ပဲ ရှိသေးတာပါ။ ဘောလုံးကစားသမားဘဝဟာ ရှည်ကြာပြီး တစ်ခါတစ်ရံ မှာ ဘယ်လိုစတင်ခဲ့လဲဆိုတာက အရေးမကြီးပါဘူး။ ဘယ်လိုပြီးဆုံးသွားမလဲဆိုတာနဲ့ လာမယ့်နှစ်တွေမှာ ဘယ်လို ဖြစ်မလာဆိုတာက ပိုပြီးအရေးကြီးပါတယ်”လို့ B/R Football ရဲ့မေးမြန်းမှုကို ဖြေခဲ့တာပါ။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ခွင့် ရပြီးကတည်းက ပြသနေတဲ့ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းတွေ ကို ဆက်ပြီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ယာမဲလ်ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းအတွက် ၅၉ ပွဲ ပါဝင်ကစားထားသလို စပိန်အသင်းအတွက် လည်း ၁၆ ပွဲအထိ ကစားထားပြီး ဖြစ်တာပါ။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းအတွက် ကစားထားတဲ့ ၅၉ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးထားကာ စပိန်အသင်းအတွက် ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးတဲ့ ယာမဲလ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်း ချန်ပီယံဆု ရယူနိုင်ခဲ့တာမှာ ယာမဲလ်ဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့သူပါ။
ယာမဲလ်ဟာ သူ့ရဲ့ပုံစံကို ဆက်ထိန်းထားပြီး ဒီရာသီ ဘာစီလိုနာအသင်းအတွက် ကစားထားတဲ့ ၈ ပွဲမှာ ၄ ဂိုး သွင်းပြီး ၅ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဘာစီလိုနာအသင်းဖော် လီဝန်ဒေါစကီးက ယာမဲလ်ဟာ သူကစားတဲ့ နေရာမှာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ပြသပြီးပြီလို့ ယုံကြည်နေတာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးကလည်း ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၈ ပွဲ ကစားအပြီးမှာ ၇ ဂိုး သွင်းယူကာ ၂ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ၇ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သာ ရှုံးပွဲကြုံတွေ့ထားတာပါ။
ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1300
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇
ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားက အသင်းဘက်ကသာ သူ့ကို ပြန်လာဖို့ တောင်းဆိုခဲ့မယ်ဆိုရင် ပြန်လာချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဆိုးလ်ရှားက “ယူနိုက်တက်ကသာ ကျနော့်ကို ပြန်လာစေချင်တယ်ဆိုရင် ကျနော် ခေါင်းညိတ်မှာပါ။ နည်းပြရှိပြီး သား အလုပ်တွေအကြောင်းကို ပြောရတာဟာ မှားယွင်းတယ်လို့ ခံစားရပေမယ့် ယူနိုက်တက်အသင်းဆိုရင်တော့ ပြန်သွားချင်တယ်လို့ပဲ ပြောရမှာပါ”လို့ Oslo Business Forum မှာပြုလုပ်ခဲ့တဲ့ အမေးအဖြေအစီအစဉ်မှာ ပြောခဲ့ တာပါ။
အသက် ၅၁ နှစ်အရွယ်ရှိ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ကတည်းကနေ အခုအချိန်ထိ ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ နည်းပြဟောင်း မော်ရင်ဟိုရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး အသင်းကို ၃ နှစ်နီးပါးကြာ ကိုင်တွယ်ခဲ့တာပါ။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တာမှာ ဆုဖလား အောင်မြင်မှု မရရှိခဲ့ဘဲ အမြင့်ဆုံးအောင်မြင်မှု အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်း နည်းပြလုပ်ခဲ့တုန်းက ဆိုးလ်ရှားကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှာ ရှုံးပွဲဆက်ပြီး ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ဆိုးလ်ရှားကို နည်းပြ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
လက်ရှိ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ဒီရာသီအသင်းကို ၈ ပွဲ ကိုင်တွယ်အပြီးမှာ နိုင်ပွဲ ၃ ပွဲသာ ရယူပေးထားတာကြောင့် ဖိအားအချို့ခံစားနေရချိန်မှာ ဆိုးလ်ရှားက အသင်းဟောင်းထံ ပြန်လာဖို့ကို ငြင်းဆန် ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာအပြီးမှာ နိုင်ငံအသင်း နည်းပြရာထူး အပါအဝင် ကမ်းလှမ်းမှု အများအပြားကို ရခဲ့ပေမယ့် ကိုင်တွယ်ခဲ့ခြင်းမရှိပါဘူး။
UEFA မှာ နည်းစနစ် လေ့လာသူအဖြစ် ဆောင်ရွက်နေတဲ့ ဆိုးလ်ရှားဟာ နော်ဝေလက်ရွေးစင်အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်ဖို့လည်း ဆန္ဒရှိနေတာပါ။
နော်ဝေအသင်းရဲ့ လက်ရှိနည်းပြ ဆိုလ်ဘက်ကန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ထွက်ခွာနိုင်တာကြောင့် ဆိုးလ်ရှားဟာ ဒီအချိန်မှာ နိုင်ငံအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ဖို့ ပျော်ရွှင်စွာ ဆွေးနွေးသွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 720
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆
ဒူးဒဏ်ရာကြောင့် ၁၂ လနီးပါးကြာ အနားယူခဲ့ရတဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် မကြာခင်မှာ ပြန်လာနိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ နည်းပြ ဂျော့ချ်ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။
ဂျော့ဂျီးဆပ်စ်က “နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့ လိဂ်အတွက် အရေးပါတဲ့ ကစားသမားပါ။ ဒါပေမယ့် သူပြန်လာနိုင်မယ့် ရက်အတိအကျကိုတော့ ကျနော်သတ်မှတ်လို့ မရပါဘူး။ ဇန်နဝါရီမှာ အခြေအနေကို ကျနော်တို့ စောင့်ကြည့်သွားရမှာပါ”လို့ ပြောခဲ့တာပါ။
နေမာဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လက ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့လာခဲ့ပြီး အယ်လ်ဟီလယ် အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားရသေးပေမယ့် ဘရာဇီးလ်အသင်းအတွက် နိုင်ငံပွဲစဉ် ဝင်ရောက် ကစားချိန်မှာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် နေမာဟာ ခွဲစိတ်မှုခံယူခဲ့ရပြီး ဇူလိုင်လမှာ လေ့ကျင့်မှုတွေ ပြန်လည်စတင်နိုင်ခဲ့တာပါ။
နေမာကို တွေ့ရစဉ်
နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် နည်းပြကတော့ ဒီမျှော်လင့်ချက်တွေကို လျော့နည်းစေခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီပရိုလိဂ် ပထမရာသီဝက်အတွက် ကစားသမားစာရင်း တင်သွင်းခဲ့တာမှာ နေမာကို ထည့်သွင်းခဲ့ခြင်း မရှိပေမယ့် ဒုတိယရာသီဝက်အတွက် စာရင်းသွင်းချိန်မှာ ထည့်သွင်းဖို့ရှိနေတာပါ။
နေမာအနေနဲ့ ကြံ့ခိုင်မှုပိုင်း ရာနှုန်းပြည့် ကောင်းမွန်လာမယ်ဆိုရင် နိုင်ငံခြားသား ကစားသမား အရေအတွက် ကန့်သတ်ထားခြင်းမရှိတဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ ကုန်ဆုံးမှာပါ။
ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီလိဂ် ပြိုင်ပွဲမှာလည်း ရလဒ်ကောင်း တွေရရှိနေပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1376
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆
ဘောလုံးဂန္ထဝင် ဇီဒန်းရဲ့ အကြီးဆုံးသားဖြစ်သူ အန်ဇိုဇီဒန်းဟာ ၁၆ လကြာ အသင်းလက်မဲ့ဖြစ်ပြီးနောက် အသက် ၂၉ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အန်ဇိုဇီဒန်းဟာ စပိန်တတိယတန်းကလပ် ဖူအန်လာဘရာဒါအသင်းကနေ ၂၀၂၂-၂၃ ရာသီအကုန်မှာ ထွက်ခွာ ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
အန်ဇိုဇီဒန်းဟာ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် ဘောလုံးနဲ့ ပတ်သက်ပြီး ငြီးငွေ့လာခဲ့တာ ကြောင့် သူ့မိသားစုရဲ့ ပံ့ပိုးမှုအပြည့်နဲ့ အနားယူဖို့ ဆုံးဖြတ်ချက် ချခဲ့တာလို့ စပိန်သတင်းစာ AS က ဖော်ပြထား ပါတယ်။
အန်ဇိုဇီဒန်းဟာ ရီးရယ်လ် အကယ်ဒမီမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ရီးရယ်လ် C နဲ့ B အသင်းတွေမှာ ပုံမှန်ကစားခွင့် ရရှိခဲ့ပါတယ်။
ဇီဒန်းဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ချိန်က ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ သားဖြစ်သူကို အသင်းကြီးအတွက် ပွဲဦးထွက်အဖြစ် အစ္စကိုရဲ့နေရာမှာ လူစားလဲ အသုံးပြုခဲ့တာပါ။
ဒါပေမယ့် အန်ဇိုဇီဒန်းဟာ ရီးရယ်လ်အသင်းကြီးအတွက် ၁ ပွဲသာ ကစားခွင့်ရခဲ့ပြီးနောက် စပိန်ကလပ် အလာဗက်စ်အသင်းထံ ရောင်းချခံခဲ့ရပါတယ်။
အန်ဇိုဇီဒန်းကို တွေ့ရစဉ်
နောက်ပိုင်းမှာ အန်ဇိုဇီဒန်းဟာ ဆွစ်ဇာလန်၊ ပေါ်တူဂီ ထိပ်တန်းကလပ် အသင်းတွေထံ ပြောင်းရွှေ့ခဲ့ပြီး ဒီအသင်း တွေကနေ စပိန်၊ ပြင်သစ် အောက်တန်းလိဂ်တွေကို ရောက်ရှိသွားခဲ့တာပါ။
အန်ဇိုဇီဒန်း အနားယူသွားပေမယ့် သူ့ရဲ့ညီ ၃ ဦးဟာ ဖခင်ရဲ့အမွေအနှစ်ကို ဆက်ထိန်းသိမ်းနိုင်ဖို့အတွက် ဘောလုံး လောကမှာ ဆက်ပြီးရှိနေတာ ဖြစ်ပါတယ်။
၂၀၁၈ က ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့ ဂိုးသမား လူကာဇီဒန်းဟာ ဂရန်နာဒါအသင်းမှာ ကစားနေတာပါ။
သီယိုဇီဒန်းက ဒီနွေရာသီမှာ ရီးရယ်လ်အသင်းကနေ ကော်ဒိုဘာအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး အယ်လ်ယာဇ်ဇီဒန်း ကတော့ ဘက်တစ်လူငယ်အသင်းမှာ ကစားနေပါတယ်။
ဇီဒန်းဟာ ဂျူဗင်တပ်စ်၊ ရီးရယ်လ်၊ ပြင်သစ်အသင်းတို့နဲ့အတူ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီး နည်းပြ အဖြစ် ရီးရယ်လ်အသင်းကို ကိုင်တွယ်ချိန်မှာလည်း လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ဆက်တိုက် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1817
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆
ဘာစီလိုနာအသင်းဟာ ဂီတာဖေးအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရတဲ့ စံချိန်မှတ်တမ်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂီတာဖေးအသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ လာလီဂါပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ၇ ပွဲ စလုံး နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ဒီရာသီ လာလီဂါပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က “ကျနော့်အတွက်တော့ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အကောင်းဆုံးနံပတ် ၉ ပါ။ သူဟာ ဂိုးအရှေ့မှာရော၊ ဧရိယာထဲမှာပါ ကောင်းမွန်စွာ အလုပ်လုပ်နေပါတယ်။ ဒီပွဲမှာ သူသွင်းယူခဲ့တဲ့ဂိုးက အလွန်ကောင်းမွန်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းကို တွေ့ရစဉ်
ဘာစီလိုနာအသင်း ကစားသမားတွေဟာ ဒီပွဲကစားဖို့ ကွင်းထဲကို ဝင်ရောက်လာချိန်မှာ ဒဏ်ရာကြောင့် ကာလ ရှည်ကြာ အနားယူရမယ့် ဂိုးသမား တာစတီဂျန်ကို အားပေးတဲ့စာသားပါ တီရှပ်တွေ ဝတ်ဆင်ခဲ့ကြတာပါ။
စပိန်ကလပ်ဟာ ဒီပွဲမှာ ပီနာကို ပွဲထွက် ဂိုးသမားအဖြစ် အသုံးပြုခဲ့ပြီး တာစတီဂျန်ရဲ့ နေရာကို အစားထိုးဖို့ အတွက် ဂျူဗင်တပ်စ်အသင်း ဂိုးသမားဟောင်း ဆက်ဇနီကို တစ်ရာသီ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိ ထားပါတယ်။
ဆက်ဇနီဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာအပြီးမှာ ကစားသမားဘဝကနေ အနားယူခဲ့ပေမယ့် ဘာစီလိုနာ အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2627
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က တွမ်တီးအသင်းနဲ့ သရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပြိုင်ဘက် အသင်းက နေရာတိုင်းအတွက် တိုက်ပွဲဝင်ခဲ့ပေမယ့် သူတို့ဘက်က ၁၀၀ ရာခိုင်နှုန်း ပေးခဲ့ခြင်းမရှိဘူးလို့ ပြောခဲ့ ပါတယ်။
အဲရစ်တန်ဟတ်က “ဒီပွဲမှာ တွမ်တီးအသင်းဟာ နေရာတိုင်းအတွက် တိုက်ပွဲဝင်ခဲ့ပြီး ကျနော်တို့ကတော့ ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ၉၉ ရာခိုင်နှုန်းက လုံလောက်မှု မရှိတဲ့အတွက် ၁၀၀ ရာခိုင်နှုန်းပေးရမှာပါ။ ကျနော်တို့ဟာ ဒုတိယဂိုးသွင်းပြီး ပွဲကိုအဆုံးသတ်ပစ်ရမှာပါ။ ဒီအတွက် သွင်းဂိုးတွေကို ရယူနိုင်ရမယ်ဆိုတာ ရှင်းပါတယ်။ အဆုံးသတ်ပိုင်းကို ပိုကောင်းအောင် လုပ်ရမှာဖြစ်ပြီး ဂိုးတွေသွင်းယူနိုင်ဖို့အတွက် ရှေ့တန်းမှာ လုံလောက်တဲ့ ကစားသမားတွေရှိပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ အသင်းဟောင်း တွမ်တီးအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အဲရစ်ဆန်က ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့အမှားကနေ တွမ်တီး အသင်းကို ချေပဂိုးပြန်ပေးခဲ့ရတာပါ။
ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းတွေပြသခဲ့ပြီး တွမ်တီးအသင်းက သူတို့ထက် ပိုပြီးလိုချင်ခဲ့တယ်လို့ အဲရစ်ဆန်က ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အဲရစ်ဆန်က “စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ကျနော်တို့ဟာ ပိုကောင်းတဲ့ရလဒ်ကို လိုချင်ပေမယ့် လုံလောက်မှု မရှိခဲ့ပါဘူး။ တွမ်တီးအသင်းကို ကြည့်ရတာက ကျနော်တို့ထက် ပိုပြီးလိုချင်တဲ့ပုံရခဲ့ပြီး ဒါက မှန်ကန်တဲ့အရာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဒီပွဲမှာ မရှုံးနိမ့်ခဲ့ပေမယ့် ရှုံးနိမ့်သလို ခံစားခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပြီးနောက် တွမ်တီးအသင်းနဲ့ပါ သရေကျခဲ့လို့ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲ ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 3023
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အလာဗက်စ်အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တိုက်စစ်မှူး ဘတ်ပီ ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။
အန်ဆယ်လော့တီက “ဘတ်ပီ အဆင်ပြေပါတယ်။ သူဟာ ကြွက်သား အနည်းငယ် တင်းမာသလို ခံစားခဲ့ရတာပါ။ အဲဒါကြောင့် ပြဿနာတွေ မရှိလာအောင် လူစားလဲပေးဖို့ သူတောင်းဆိုခဲ့တာပါ။ သူအဆင်ပြေပါတယ်”လို့ ပြောခဲ့တာပါ။
သတင်းတွေမှာ ဘတ်ပီဟာ အသေးစား ပေါင်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးစစ်မှုတွေ ခံယူရမယ်လို့ ဖော်ပြထား တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ရီးရယ်လ်အသင်းက အလာဗက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့ပြီး ပွဲချိန်မိနစ် ၈၀ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဘတ်ပီဟာ ရာသီအစ လာလီဂါပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဒါပေမယ့် ဘတ်ပီဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၄ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး သွင်းဂိုး ၅ ဂိုးအထိ ရယူနိုင်ခဲ့တာပါ။
အခုဆိုရင် ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားအပြီးမှာ ၇ ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ အလာဗက်စ်အသင်းကို အနိုင်ရခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် တိုက်နိုင်ပွဲရခဲ့ပြီး လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် အသလက်တီကိုအသင်းနဲ့ မက်ဒရစ်ဒါဘီ ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 742
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅
ကိုမိုအသင်းနောက်ခံလူ ဗာရန်းဟာ နောက်ဆုံးရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗာရန်းဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဗာရန်းဟာ ပြီးခဲ့တဲ့လက ဆမ်ဒိုးရီးယားအသင်းနဲ့ ကိုပါအီတာလီယာဖလားပွဲစဉ်မှာ ကိုမိုအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဗာရန်းဟာ ဒဏ်ရာကြောင့် ပွဲကစားချိန်မိနစ် ၂၀ ကျော်မှာ လူစားလဲခံခဲ့ရတာပါ။
ဆေးစစ်မှုတွေအရ ဗာရန်းဟာ ဒူးဒဏ်ရာရရှိခဲ့ပြီး ကာလရှည်ကြာ အနားယူရနိုင်တာကြောင့် နည်းပြ ဖာဘရီဂတ်စ် ဟာ သူ့ကို ကိုမိုအသင်းရဲ့ စီးရီးအေလူစာရင်းမှာ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဗာရန်းဟာ အသက် ၃၁ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ La Parisien က ဖော်ပြထားတာပါ။
ဗာရန်းကို တွေ့ရစဉ်
ဗာရန်းဟာ ထိပ်တန်းအဆင့်မှာ ၁၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူတဲ့ ဆုံးဖြတ်ချက် ကို မကြာခင်မှာ ကြေညာသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ပြင်သစ်လီဂူး-၁ ကလပ် လန်းစ်အသင်းရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဗာရန်းဟာ အသင်းကြီးမှာ တစ်ရာသီကြာ ကစားပြီးနောက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဗာရန်းဟာ ရီးရယ်လ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ပွဲပေါင်း ၃၆၀ ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် နွေရာသီမှာတော့ ဗာရန်းဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာ အများအပြားနဲ့ ရင်ဆိုင် ခဲ့ရပေမယ့် FA ဖလားနဲ့ ကာရာဘောင်းဖလား ရယူနိုင်ခဲ့တာပါ။
ဗာရန်းဟာ ပြင်သစ်အသင်းအတွက် ၉၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့ကာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံတကာ ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail