- By CNI
- Category: အားကစား
- Hits: 341
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅
ဘာရိုးလ်အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အန်ကွန်ကူ အပါအဝင် ကစားသမား ၃ ဦးဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲစတင်ကစားဖို့ ထိုက်တန်တယ်လို့ နည်းပြ မာရက်စ်ကာက ပြောခဲ့ပါတယ်။
မာရက်စ်ကာက “နိုင်ပွဲအတွက် ပျော်ရွှင်သလို အန်ကွန်ကူ၊ နက်တိုနဲ့ ဂျာအိုဖီးလစ်တို့ အတွက်လည်း ပျော်ရွှင်ပါ တယ်။ သူတို့တွေဟာ ပရီးမီးယားလိဂ်မှာ ပွဲအစကတည်းက ပါဝင်ဖို့ ထိုက်တန်ပေမယ့် သူတို့ကစားခွင့် မရခဲ့ပါဘူး။ သူတို့ကို ကျနော်ကစားခွင့် မိနစ်တွေပေးတဲ့အချိန်မှာ သူတို့အခွင့်အရေး ရယူပုံတွေက အလွန်ကောင်းပါတယ်။ သူတို့အားလုံး အဆင်သင့်ဖြစ်နေတာက အရေးကြီးဆုံးအရာပါ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဘာရိုးလ်အသင်းနဲ့ ကစားခဲ့တာမှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ဒီပွဲမှာ ပွဲထွက်လူစာရင်းကို တစ်သင်းလုံးနီးပါး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ အန်ကွန်ကူ၊ ဂျာအိုဖီးလစ်၊ နက်တိုနဲ့ မူဒရစ်တို့ကို အသုံးပြုခဲ့တာပါ။
ချယ်လ်ဆီးအသင်းကိုတွေ့ရစဉ်
အန်ကွန်ကူက ဟက်ထရစ် သွင်းခဲ့ပြီး နက်တိုက ၁ ဂိုး သွင်းယူခဲ့သလို ဂျာအိုဖီးလစ်က ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အန်ကွန်ကူ၊ ဂျာအိုဖီးလစ်နဲ့ နက်တိုတို့ဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရဖို့အတွက် ဂျက်ဆန်၊ မာဒူကီ၊ ဆန်ချိုတို့နဲ့ ယှဉ်ပြိုင်နေရတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အန်ကွန်ကူနဲ့ ဂျက်ဆန်တို့ကို အတူတွဲ အသုံးပြုလို့ရပေမယ့် ခံစစ်ပိုင်းမှာ အခက်အခဲ ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း ရောင်းချမယ့် စာရင်းထဲပါဝင်ခဲ့တဲ့ နောက်ခံလူ ဘန်ချီဝဲလ်ဟာ ဘာရိုးလ်အသင်းနဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက် ကစားသွားခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် ပေးဂိုးမပေးရဘဲ နိုင်ပွဲရရှိနေပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 694
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး နည်းပြတစ်ဦးဖြစ် ပေမယ့် ဒီဖလားအတွက် စွမ်းအင်တွေကို ဖြုန်းတီးမှာမဟုတ်ဘူးလို့ ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “နောက်တစ်ဆင့်မှာလည်း ကျနော်ဒုတိယအသင်းနဲ့ ကစားသွားမှာပါ။ ကျနော်တို့ စွမ်းအင်တွေကို ဖြုန်းတီးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ပွဲစဉ်ဇယားတွေကို ကျနော်တို့ ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။ ကျနော်တို့ဟာ နောက်တစ်ဆင့်တက်ဖို့အတွက် ကစားခဲ့ပြီး ပြိုင်ပွဲကို ပစ်ပယ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နာရီ ၅၀ ကမှ ကျနော်တို့ ပွဲကစားထားခဲ့ရတာပါ။ ကျနော်ဟာ ဒီပြိုင်ပွဲကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် တို့နဲ့အတူ စွန့်စားမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်က ပွဲထွက် လူစာရင်းကို ၉ ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဝေါလ်ကာနဲ့ ဒိုကူတို့ ၂ ဦးကိုသာ ဆက်ပြီးအသုံးပြုခဲ့တာပါ။
မန်စီးတီးအသင်းကို တွေ့ရစဉ်
ဂွာဒီယိုလာဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံဆုကို ၄ ကြိမ် ရယူနိုင်ခဲ့ပေမယ့် ဒီပြိုင်ပွဲအပေါ် သူကွဲပြားစွာ ကြည့်ရှုရမယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
ဒါအပြင် အာဆင်နယ်အသင်းနဲ့ ပွဲမှာ ဒူးအရွတ် ဒဏ်ရာရရှိသွားခဲ့တဲ့ မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီဟာ ကာလရှည်ကြာ အနားယူရမယ်လို့ နည်းပြ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။
ရိုဒရီဟာ အစားထိုးလို့ မရတဲ့သူဖြစ်တဲ့အတွက် သူကာလရှည်ကြာ အနားယူရမယ့်အပေါ် အဖြေရှာရမယ်လို့လည်း စပိန်လူမျိုးနည်းပြက ပြောခဲ့တာပါ။
ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးနဲ့ စပိန်အသင်းအတွက် ပွဲပေါင်း ၆၃ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီး ရင် ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆလိုဗန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 2921
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄
အင်္ဂလန်ကစားသမားဟောင်း ဂျိုကိုးလ်က ယူနိုက်တက်အသင်းတောင်ပံကစားသမား အန်တိုနီကို ပရီးမီးယား လိဂ်ရဲ့ရုပ်ပိုင်းဆိုင်ရာကြောင့် ကစားဖို့အဆင်မပြေနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ဂျိုကိုးလ်က “အန်တိုနီက နယ်သာလန်လိဂ်မှာ ပြီးပြည့်စုံတဲ့ ကစားသမားလို့ ကျနော်ထင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ရုပ်ပိုင်းဆိုင်ရာက သူရုန်းကန်နေရတဲ့အရာပါ။ သူဟာ နည်းစနစ်ပိုင်းကောင်းမွန်သလို ကျွမ်းကျင်မှုလည်း ရှိပြီး ဘန်စလေအသင်းနဲ့ပွဲမှာ သူကောင်းမွန်စွာ ကစားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းအပေါ် သက်ရောက်မှုရှိနိုင်မယ်လို့ မမြင်မိကြောင်း” ပြောခဲ့တာပါ။
၂၀၂၁ ခုနှစ်က အေဂျက်စ်အသင်းကနေ ပေါင် ၈၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက် ကစား သမားဘ၀ တတိယမြောက်ရာသီကို ဖြတ်သန်းနေရပေမယ့် အသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။
အန်တိုနီဟာ ရက်ရှ်ဖိုဒ့်၊ဂါနာချိုနဲ့ အာမတ်တို့ရဲ့ အရန်အဖြစ်သာ ယူနိုက်တက်အသင်းမှာ ကစားနေရတာဖြစ်ပြီး ဒီရာသီအသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားရသေးတာပါ။
အန်တိုနီဟာ ဘန်စလေ အသင်း နဲ့ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းပါဝင်ပြီး ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ လူစားဝင် ၁ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဂျိုကိုးလ်က အန်တိုနီကို ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး သူ့ရဲ့ကစားသမားဘဝကို အကောင်း ဆုံးဖြစ်နိုင်မယ့် လိဂ်တွေထံ ပြောင်းရွှေ့ဖို့ ပြောခဲ့တာပါ။
အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုအချို့ရခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ဒီပွဲမှာလည်း အန်တိုနီဟာ အရန် ကစားသမား အဖြစ်သာ ပါဝင်ရဖွယ်ရှိနေတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ အန်တိုနီဟာ ယူနိုက်တက်အသင်းအတွက် ၈၄ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူ ထားကာ FA ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူထားတာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 639
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄
အာဆင်နယ်အသင်းဟာ ဘော်လ်တန်အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ အသက် ၁၆ နှစ်အရွယ်ရှိ ဂိုးသမား ဂျက်ပေါ်တာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ရာယာဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် နာကျင်နေခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရတာပါ။
စပိန်ဂိုးသမားဟာ ပွဲအပြီး အီးတီဟတ်ကွင်းကနေ ထွက်ခွာချိန်မှာ သူ့ရဲ့ညာဘက်ဒူးကို ပတ်တီးပတ်ထားတာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒေးဗစ်ရာယာရဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိပေမယ့် ဘောလ်တန်အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ အနားပေးခံရဖွယ်ရှိနေတာပါ။
ဒေးဗစ်ရာယာဟာ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါ ဝင်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဘုန်းမောက်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ နံပါတ်နှစ်ဂိုးသမား နက်တို ဟာ အာဆင်နယ်အသင်းထံ မပြောင်းရွှေ့ခင်က ဘုန်းမောက်အသင်းအတွက် ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင် ကစားခဲ့တာပါ။
ဂျက်ပေါ်တာကို တွေ့ရစဉ်
အဲဒါကြောင့် နက်တိုဟာ အာဆင်နယ်အသင်းအတွက် ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင်ကစားခွင့်ရမှာ မဟုတ်ပါ ဘူး။ အသက် ၁၈ နှစ်အရွယ်ရှိ ဂိုးသမားဖြစ်သူ ဆက်ဒ်ဖို့ဒ်ဟာ ကြံ့ခိုင်မှုပိုင်းကြောင့် နိုင်ငံတကာပွဲစဉ်တွေပြီး ကတည်းက အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်အသင်းဟာ အသက် ၁၆ နှစ်အရွယ်ရှိ ဂိုးသမား ဂျက်ပေါ်တာကို ဘော်လ်တန်အသင်းနဲ့ ပွဲစဉ်မှာ အသုံးပြုရဖွယ်ရှိနေတာပါ။
ဂျက်ပေါ်တာဟာ ပြီးခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ အရန်ကစားသမား စာရင်းထဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြ အာတီတာအနေနဲ့ ဒေးဗစ်ရာယာရဲ့ အခြေအနေပေါ် မူတည်ပြီးမှသာ ဂျက်ပေါ်တာကို ပွဲထွက် လူစာရင်းမှာ အသုံးပြုဖို့ရှိနေတာပါ။
ဂျက်ပေါ်တာဟာ ဇူလိုင်လကမှ အသက် ၁၆ နှစ် ပြည့်ခဲ့တာဖြစ်ပြီး အာဆင်နယ် ယူ-၁၈ အသင်းအတွက် ၆ ပွဲ ကစားခဲ့ကာ ယူ-၂၁ အသင်းအတွက် ၁ ပွဲ ပါဝင်ကစားထားပါတယ်။
အင်္ဂလန် ယူ-၁၆ အသင်းအတွက် ၄ ပွဲ ပါဝင်ကစားထားတဲ့ ဂျက်ပေါ်တာဟာ အင်္ဂလန် ယူ-၁၇ အသင်းရဲ့ လူစာရင်း မှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 1624
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄
ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ စပိန်အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ လက်ထိဘောအတွက် ပင်နယ်တီ ရရှိသင့်တယ်လို့ UEFA ဒိုင်လူကြီးများကော်မတီရဲ့ ပြောဆိုမှုတွေကို ထုတ်ပြန်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲအပေါ် ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ခဲ့တာမှာ လက်ထိဘောအတွက် ဂျာမနီအသင်းကို ပင်နယ်တီ ပေးသင့်တယ်လို့ ထောက်ပြမှုတွေရှိခဲ့တာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ပွဲစဉ်ရဲ့ ပထမပိုင်း အချိန်ပိုပြီးခါနီး မှာ ဂျာမနီအသင်း ကွင်းလယ်လူ မူစီယာလာရဲ့ ကန်သွင်းချက်ဟာ ဂိုးဧရိယာအတွင်းမှာ စပိန်အသင်းနောက်ခံလူ ကူကူရယ်လာရဲ့ လက်နဲ့ ထိခဲ့တာဖြစ်ပါတယ်။
ဂျာမနီကစားသမားတွေဟာ ဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာကို ပင်နယ်တီ တောင်းဆိုမှု တွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် အန်တိုနီတေလာက ကူကူရယ်လာဟာ သူ့ရဲ့လက်မောင်းကို ခန္ဓာကိုယ်နဲ့ နီးကပ်စွာထားရှိတယ်လို့ ပြောကာ ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီနဲ့စပိန်အသင်း ယှဉ်ပြိုင်နေစဉ်
အန်တိုနီတေလာရဲ့ ဆုံးဖြတ်ချက်ကို VAR ဒိုင်လူကြီး အက်ဒ်ဝဲလ်ကလည်း ထောက်ခံခဲ့တာကြောင့် ဂျာမနီ ကစားသမားတွေ အလွန်ဒေါသထွက်ခဲ့ကြတာပါ။
စပိန်အသင်းဟာ ဒီပွဲစဉ်ရဲ့အချိန်ပို ၁၁၉ မိနစ်မှာ ကွင်းလယ်လူ မယ်ရီနိုရဲ့ သွင်းဂိုးနဲ့ ဂျာမနီအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းနဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရရှိကာ ယူရို ၂၀၂၄ ပြိုင်ပွဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
UEFA ဒိုင်လူကြီးများကော်မတီက ကူကူရယ်လာရဲ့ လက်မောင်းဟာ ခန္ဓာကိုယ်နဲ့ နီးကပ်တယ်လို့ ထင်မြင်ခဲ့ခြင်း မရှိတာကြောင့် ဂျာမနီအသင်း ပင်နယ်တီ ရရှိသင့်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ ပင်နယ်တီ မရရှိခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အိမ်ရှင်အဖြစ် ကျင်းပတဲ့ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။
စပိန်အသင်းကတော့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင် ၄ ကြိမ်မြောက် ရယူနိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1513
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄
မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီဟာ အာဆင်နယ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြီးမားတဲ့ ဒူးဒဏ်ရာကို ခံစားခဲ့ရပြီးနောက် ရာသီအကုန်ထိ အနားယူရဖွယ်ရှိနေပါတယ်။
ရိုဒရီဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၆ မိနစ်မှာ အာဆင်နယ်အသင်း ကွင်းလယ်လူ ပါတေးနဲ့ ထိခိုက်မိခဲ့တာကနေ ညာဘက် ဒူးဒဏ်ရာ ရရှိသွားခဲ့တာပါ။
စပိန်ကွင်းလယ်လူဟာ ဒဏ်ရာကြောင့် ဆက်ကစားနိုင်တော့ခြင်း မရှိတဲ့အတွက် မန်စီးတီးအသင်းဟာ သူ့ရဲ့ နေရာမှာ ကွင်းလယ်လူ ကိုဗာဆစ်နဲ့ လူစားလဲလှယ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီဟာ ညာဘက်ဒူးအရွတ် ထိခိုက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် မန်စီးတီးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
ရိုဒရီဟာ ဒူးဒဏ်ရာကို ခွဲစိတ်မှုမခံယူခင် သူ့ရဲ့ဒဏ်ရာ အခြေအနေကို အထူးကုတွေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ဖို့ ဘာစီလိုနာကို ရောက်ရှိနေတယ်လို့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒဏ်ရာကြောင့် ရိုဒရီ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် ဒီရာသီ အကုန်ထိ အနားယူရမယ်လို့ ခန့်မှန်းထားကြတာပါ။
မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရိုဒရီဟာ သန်မာတဲ့သူ ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ရိုဒရီမတိုင်ခင် ကွင်းလယ်လူ ဒီဘရိုင်းကလည်း အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် အာဆင်နယ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်ခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ဒီဘရိုင်းဟာ ကာလရှည်ကြာ အနားယူရမှာ မဟုတ်ဘဲ မကြာခင်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့်ပွဲတွေမှာ အဓိကကွင်းလယ်လူ ၂ ဦး မပါဝင်ဘဲ ယှဉ်ပြိုင်ရတော့မှာပါ။
မန်စီးတီးအသင်းဟာ စက်တင်ဘာလ ၂၅ ရက်မှာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝက်ဖို့ဒ် အသင်းနဲ့ အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 976
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃
လီဗာပူးလ်အသင်း နောက်ခံလူ အာနိုးလ်က သူဟာ ဆုဖလားတွေရယူချင်ပြီး ဒါက အနာဂတ်ကို ဆုံးဖြတ်ချက် ချတာမှာ အဓိကအချက်တစ်ခု အနေနဲ့ ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အာနိုးလ်က “ကျနော် အရိုးသားဆုံး ပြောရမယ်ဆိုရင် အရေးကြီးဆုံးအရာက ဆုဖလားတွေ ရယူနိုင်ဖို့ပါ။ ကျနော် ဟာ ဆုဖလားတွေ ရယူနိုင်ဖို့ အမြဲတမ်း စိတ်အားထက်သန်နေပြီး ထိပ်တန်းအဆင့်မှာ ရှိချင်ပါတယ်။ ဒါက ဘယ်အရာမဆိုရဲ့ အဓိကအချက်လည်း ဖြစ်နိုင်ပါတယ်။ ကျနော် လီဗာပူးလ်မှာရှိတာ နှစ် ၂၀ ကြာပါပြီ။ စာချုပ် သက်တမ်းတိုးတာတွေက လူသိရှင်ကြား မဖြစ်ခဲ့သလို ဒီတစ်ကြိမ်လည်း ဖြစ်မှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
အာနိုးလ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးတော့မှာဖြစ်လို့ သူဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး ပရီးမီးယားလိဂ် ပြင်ပကလပ်အသင်းတွေနဲ့ စာချုပ်အကြိုချုပ်လို့ရမှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လာမယ့်နွေရာသီမှာ သူတို့ရဲ့ခံစစ်ပိုင်းကို ပိုကောင်းအောင် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် အာနိုးလ်ကို သူတို့ခေါ်ယူမယ့် ကစားသမား စာရင်းထဲမှာ ထည့်သွင်းထားတာပါ။
အာနိုးလ်ကိုတွေ့ရစဉ်
အာနိုးလ်နဲ့ ရီးရယ်လ်အသင်းတို့ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။
အာနိုးလ်ဟာ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ ထွက်ပေါ်နေချိန်မှာ ဆုဖလားတွေ ရယူနိုင်တာက သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ အဓိကအချက် ဖြစ်လာနိုင်တယ်လို့ လီဗာပူးလ်အသင်းကို သတိပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ အာနိုးလ်ကို စာချုပ်သစ်ချုပ်ပြီး ဆက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာပါ။
အာနိုးလ်ဟာ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီးနောက် လီဗာပူးလ်အသင်း အတွက် ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်သွားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ၃၁၆ ပွဲ ပါဝင်ကစားထားပြီး ၁၉ ဂိုးသွင်းယူကာ ၈၁ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1462
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃
သြစတြေးလျဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ နည်းပြဟောင်း အာနိုးလ်ရဲ့နေရာမှာ ပဲလေ့စ်အသင်း နောက်ခံလူဟောင်း တိုနီပိုပိုဗစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
သြစတြေးလျအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် ပွဲစဉ်တွေမှာ ဘာရိန်းအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး အင်ဒိုနီးရှားအသင်းနဲ့ ဂိုးမရှိသရေကျကာ ရလဒ်တွေ ဆိုးရွားနေခဲ့တာပါ။
အဲဒါကြောင့် သြစတြေးလျအသင်းကို ၆ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အာနိုးလ်ဟာ ပြီးခဲ့တဲ့အပတ်က နည်းပြရာထူး ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
သြစတြေးလျဘောလုံးအဖွဲ့ချုပ်ဟာ သူ့ရဲ့နေရာမှာ နိုင်ငံအသင်းအတွက် ၅၈ ပွဲ ပါဝင်ကစားခဲ့တဲ့ တိုနီပိုပိုဗစ်ကို နည်းပြသစ်အဖြစ် ၂ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့တာပါ။
တိုနီပိုပိုဗစ်က “ဒါက တာဝန်ယူမှု ကြီးကြီးမားမားနဲ့ ထမ်းဆောင်ရမယ့် အခန်းကဏ္ဍဖြစ်ပြီး အခွင့်အရေးရခဲ့တဲ့ အတွက်လည်း အလွန်ကျေးဇူးတင်ပါတယ်။ နိုင်ငံအသင်းကို နည်းပြအဖြစ် တာဝန်ယူရမှာက ကျနော်နဲ့ ကျနော့် မိသားစုအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ပါ။ နိုင်ငံအသင်းကို လမ်းညွှန်ပြသနိုင်ဖို့က အခွင့်ထူး ဖြစ်တာကြောင့် ကျနော် အကောင်းဆုံး စွမ်းဆောင်ပေးသွားမှာပါ”လို့ ပြောခဲ့ပါတယ်။
တိုနီပိုပိုဗစ်ကိုတွေ့ရစဉ်
တိုနီပိုပိုဗစ်ဟာ ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းမှာ ၅ ရာသီကြာ ကစားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ခွာခဲ့တာ ပါ။
တိုနီပိုပိုဗစ်ဟာ ပဲလေ့စ်အသင်းမှာ လက်ထောက်နည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး နည်းပြချုပ် အနေနဲ့တော့ သြစတြေးလျ၊ တူရကီနဲ့ ဂရိကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
တိုနီပိုပိုဗစ်ဟာ သြစတြေးလျကလပ် မယ်လ်ဘုန်းဗစ်ထရီအသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး မနှစ်က ရာသီအကုန်မှာ ထွက်ခွာခဲ့တာပါ။
သြစတြေးလျအသင်းဟာ အောက်တိုဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် ပွဲစဉ် တွေအဖြစ် တရုတ်၊ ဂျပန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး တိုနီပိုပိုဗစ်ဟာ ဒီပွဲတွေကို သူ့ရဲ့ သြစတြေးလျအသင်း နည်းပြဘဝ ပထမဆုံးပွဲစဉ်တွေအဖြစ် တာဝန်ယူကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1307
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃
ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန်ဟာ ဗီလာရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းပြင်ကို သယ်ထုတ်ခဲ့ရပြီး လပေါင်းများစွာကြာ အနားယူရဖွယ်ရှိတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က တာစတီဂျန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်တယ်လို့ အတည်ပြုခဲ့ပြီး RAC1 က ဂျာမနီဂိုးသမားဟာ ၈ လလောက်အထိအနားယူရနိုင်တယ်လို့ ပြောခဲ့တာကြောင့် ကစားသမားဟာ ရာသီ အကုန်အထိ အနားယူသွားရနိုင်တာပါ။ အသက် ၃၂ နှစ်အရွယ်ရှိ တာစတီဂျန်ဟာ ဘာစီလိုနာအသင်းက ဗီလာ ရီးရယ်လ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာကြောင့် ဆက်ကစားနိုင်တော့ ခြင်းမရှိတဲ့အတွက် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
ဟန်ဆီဖလစ်က “ဒဏ်ရာက ကျနော်တို့ကို ဝမ်းနည်းစေခဲ့ပါတယ်။ ကျနော်တို့ဟာ နိုင်ပွဲကြောင့် အလွန်ပျော်ရွှင် ခဲ့ပေမယ့် တာစတီဂျန်ရဲ့ဒဏ်ရာက ကြီးကြီးမားမားဖြစ်မယ်လို့ ထင်တဲ့အတွက် အဆုံးမှာ ဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အချက်အလက်တွေကို စောင့်ဆိုင်းရမှာပါ”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အာရူဟို၊ခရစ်တန်ဆန်၊ဘာနယ်လ်၊ဒီဂျောင်၊ဂါဗီ၊လိုပက်ဇ်နဲ့ အော်လ်မိုတို့ကို ဒဏ်ရာတွေ ကြောင့် အနားပေးထားရပြီး အခု တာစတီဂျန်ကိုပါ ဒီစာရင်းထဲထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ အဓိက ကစားသမားတွေရဲ့ဒဏ်ရာကြောင့် လူငယ်ကစားသမားတွေကို ဗီလာရီးရယ်လ် အသင်းနဲ့ပွဲမှာ အသုံးပြုခဲ့ရပေမယ့် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပွဲစဉ် ၆ ပွဲကစားအပြီး မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အဆင့် ၂ နေရာက ရီးရယ်လ်အသင်းကို ၄ မှတ်အသာရကာ အမှတ်ပေးဇယားကို ဦးဆောင် ထားပါတယ်။
ဘာစီလိုနာအသင်းဟာ ကြားရက်ထဲမှာ စပိန်လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 1792
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃
အာဆင်နယ်အသင်းနည်းပြ အာတီတာက မန်စီးတီးအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ထရိုဆာ့ဒ် ထုတ်ပယ် ခံရပြီးနောက် သူတို့ဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၀ လောက်ကို အနည်းဆုံး ကစားသမားတစ်ဦး ထုတ်ပယ် ခံရပြီး ကစားရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “အနီကတ်အတွက် မှတ်ချက်မပေးချင်တော့ပါဘူး။ ကျနော်အတိအကျကို မြင်တွေ့ခဲ့ရတာပါ။ ဒါက ဒုတိယအကြိမ်ပါပဲ။ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၀၀ လောက်ကို အနည်းဆုံး တစ်ဦးထုတ်ပယ်ခံရပြီး ကစားရဖို့ ကျနော် မျှော်လင့်နေပါတယ်။ ကွင်းထဲမှာဖြစ်ခဲ့တာတွေကို ဖြေရှင်းဖို့ကြိုးစားခဲ့တာမှာ ကြီးမားတဲ့ ပြဿနာတွေကို ကြုံတွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ဟာလန်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းအတွက် ကာလာဖီအိုရီနဲ့ ဂါဘရီရယ်လ်တို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ ပထမပိုင်း ပြီးခါနီးအချိန်မှာ အဝါကတ်ထိပြီးသားဖြစ်တဲ့ ထရိုဆာ့ဒ်ဟာ ဘာနာဒိုဆေးလ်ဗားကို ပြစ်ဒဏ် ကျူးလွန်ပြီး ဘောလုံးကို အဝေးကန်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီး အိုလီဗာက ထရိုဆာ့ဒ်ကို နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခဲ့ပြီး အာဆင်နယ်အသင်း နည်းပြ အာတီတာဟာ ဒီဖြစ်ရပ်ကို အလွန်ဒေါသထွက်နေခဲ့တာပါ။
အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘရိုက်တန် အသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဒီကလန်ရိုက် ထုတ်ပယ်ခံရ ပြီးနောက် ဒီလိုအဖြစ်အပျက်မျိုးကို ဒုတိယအကြိ မ်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းနဲ့ပွဲမှာ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး နာကျင်အချိန်ပိုမှာ ချေပဂိုးပေးခဲ့ရတာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက တစ်ဦးလျော့နဲ့ ကစားခဲ့ရပေမယ့် အသင်းရဲ့ ယှဉ်ပြိုင်ပုံက မယုံနိုင်စရာ ဖြစ်ခဲ့တယ်ဆိုပြီး အသင်းသားတွေကို ဂုဏ်ယူကြောင်းလည်း ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အသင်းကြီး ၃ သင်းနဲ့ အဝေးကွင်း ၃ ပွဲဆက်တိုက် ကစားခဲ့ရ ပေမယ့် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး မန်စီးတီးအသင်းက ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဘော်လ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN