
- By CNI
- Category: အားကစား
- Hits: 2262
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာကို အသင်းမှာ ၂၀၂၇ ခုနှစ်အထိရှိမယ့် ၃ နှစ် စာချုပ်သစ် ချုပ်ဆိုလိုက် ပါတယ်။
အာတီတာနဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် လန်ဒန်ကလပ် ဟာ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မတိုင်ခင်မှာ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
မန်စီးတီးအသင်းမှာ နည်းပြဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ အာတီတာဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ နည်းပြဟောင်း အူနှိုင်းအမ်မရီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး အာဆင်နယ်အသင်း နည်းပြသစ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
အာတီတာဟာ ၂၀၁၉-၂၀ ရာသီအကုန်မှာ အာဆင်နယ်အသင်းကို FA ဖလား ရယူပေးပြီး သူ့ရဲ့နည်းပြဘဝ ပထမဆုံးဆုဖလား ရယူနိုင်ခဲ့တာပါ။
အာတီတာဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာ ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီရာသီတွေမှာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ခြေချော်ခဲ့တာကြောင့် ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရတာပါ။
အာတီတာက “စာချုပ်သစ်အတွက် ကျနော် အလွန်ဂုဏ်ယူမိပြီး စိတ်လည်းလှုပ်ရှားသလို နောက်လာမယ့် အရာတွေကို စောင့်မျှော်နေပါတယ်။ ကောင်းမွန်တဲ့လူတွေနဲ့ နေ့တိုင်း အလုပ်လုပ်ရတာဟာ အလွန်ကံကောင်း တယ်လို့ခံစားရပြီး ကျနော်တို့ဟာ ရည်မှန်းချက်တွေရှိပါတယ်။ ကျနော်တို့ဟာ အလွန်စိတ်အားထက်သန်နေသလို စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေတယ်လို့လည်း ခံစားရကြောင်း”ပြောခဲ့ပါတယ်။
ကစားသမားဘဝမှာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၁၅၀ ပါဝင်ကစားခဲ့တဲ့ အာတီတာဟာ နည်းပြဘဝမှာ အာဆင်နယ်အသင်းကို ၂၃၅ ပွဲအထိ ကိုင်တွယ်ထားပြီး အနိုင် ၅၉.၁၅ ရာခိုင်နှုန်း အထိရှိတယ်လို့ သိရတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃ ပွဲကစားအပြီးမှာ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1114
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ပြင်သစ်လိဂ် တရားရေးကော်မရှင်က ပြင်သစ်တိုက်စစ်မှူး ဘတ်ပီ ရဖို့ရှိနေတဲ့ ပေါင်သန်း ၅၀ နီးပါးကို ပေးချေဖို့ ပီအက်စ်ဂျီအသင်းကို ပြောခဲ့ပေမယ့် ပြင်သစ်ကလပ်က ပေးချေဖို့ ငြင်းဆန်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ၇ နှစ်ကြာ ကစားခဲ့တဲ့ ကစားသမားဟောင်း ဘတ်ပီကို လုပ်ခလစာတွေနဲ့ အပိုဆုကြေးပေး ချေဖို့ ကျန်ရှိနေသေးပေမယ့် သူတို့ဟာ ဒီဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။
ဘတ်ပီဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ အလွတ်နဲ့ထွက်ခွာခဲ့ပြီးနောက် တင်းမာမှုတွေပိုပြီး ဖြစ်လာခဲ့ ပါတယ်။
ဘတ်ပီဟာ သူ့ရဲ့လုပ်ခလစာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ကော်မရှင်ကို ပါဝင်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေနဲ့ သူ့ရဲ့ကိုယ်စားလှယ်တို့ဟာ ဗုဒ္ဓဟူးနေ့က ပဲရစ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ ဘတ်ပီရဲ့ ကိုယ်စားလှယ်တွေက သူ့ရဲ့ကစားသမားဟာ ပီအက်စ်ဂျီအသင်းကနေ မရရှိသေးတဲ့ လုပ်ခလစာ ၃ လစာနဲ့ သစ္စာရှိကြေးတွေကို ကော်မရှင်ထံ တောင်းဆိုခဲ့တာပါ။
ပြင်သစ်လိဂ် တရားရေးကော်မရှင်က ဘတ်ပီထံ တစ်ပတ်အတွင်း ပေးချေဖို့ ပီအက်စ်ဂျီအသင်းကို ပြောခဲ့ပေမယ့် ပြင်သစ်ကလပ်ကတော့ ပေးချေမှာမဟုတ်ဘဲ တရားဥပဒေအရ ဆက်ပြီးသွားမယ်လို့ တုန့်ပြန်ထားတာ ဖြစ်ပါ တယ်။
ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီ အစပိုင်းကတည်းက စာချုပ်သက်တမ်း တစ်နှစ်တိုးဖို့ကို ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းနဲ့ အငြင်းပွားမှုတွေ စတင်ခဲ့တာပါ။
အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ရာသီကြိုခ ရီးစဉ်တွေကနေ ချန်လှပ်ပြီး ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ရောင်းချဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ဆွေးနွေးမှုတွေပြုလုပ်ပြီး သဘောတူညီမှု ရခဲ့တာကြောင့် ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြန်ကစားခဲ့ပေမယ့် စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်နဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားအပြီးမှာ ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 1885
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂
ယူနိုက်တက်အသင်းနဲ့ ဘရာဇီးလ်အသင်း ကစားသမားဟောင်း အန်ဒါဆန်ဟာ ကလေး ၂ ဦးအတွက် စရိတ်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် သူ့ရဲ့ဇာတိ ဘရာဇီးလ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
အန်ဒါဆန်ဟာ ကလေး ၂ ဦးအတွက် ယူရို ၄၈,၀၀၀ ပေးဖို့ ပျက်ကွက်ခဲ့တာလို့ GHZ မီဒီယာက ဖော်ပြထားတာပါ။
အန်ဒါဆန် အနေနဲ့ ဒီစရိတ် မပေးချေဘူးဆိုရင် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
အန်ဒါဆန်ရဲ့အမှုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အခုမှ အများသိအောင် ထုတ်ပြန်ခဲ့တာပါ။
ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်းဟာ ထောင်ဒဏ် ၁ လ ကျခံရမှာဖြစ်ပြီး နေ့ဘက် အပြင်ထွက် အလုပ်လုပ်ကာ ထောင်ထဲမှာ ညအိပ်ရမယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် အန်ဒါဆန် အနေနဲ့ ပေးချေရမယ့် ငွေကြေးပမာဏကို ပေးခဲ့မယ်ဆိုရင် သူ့အပေါ် စွဲဆိုထားတာကနေ လွတ်မြောက်သွားမှာပါ။
အန်ဒါဆန်ဟာ အရင်ကလည်း တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရသေးတဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။
အန်ဒါဆန်ကို တွေ့ရစဉ်
သူဟာ ၂၀၂၁ ခုနှစ်က တရားမဝင် အွန်လိုင်းငွေကြေးတွေနဲ့ ယူရို ၅.၆ သန်းတန်ကြေးရှိတဲ့ ငွေကြေးကို ခဝါချခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ အန်ဒါဆန်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၇ ကနေ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။
ဂရီမီယို၊ ပေါ်တိုအသင်းတွေမှာ ကစားခဲ့တဲ့ အန်ဒါဆန်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် ဖီအိုရင်တီးနား၊ အင်တာနေစီယွန်နယ်လ်၊ ကော်ရီတီဘာနဲ့ ဒီမာစပေါ်အသင်းတို့မှာ ကစားခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ ဘောလုံးသမားဘဝက အနားယူကြောင်း ကြေညာခဲ့တဲ့ အန်ဒါဆန်ဟာ ဘရာဇီးလ်လက်ရွေးစင် အသင်းအတွက် ၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၀၇ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 2158
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ဟာ ပြင်သစ်လီဂူး-၁ ကလပ် မာဆေးလ်အသင်းရဲ့ သြဂုတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပြင်သစ်ကလပ်ရဲ့ လီဂူး-၁ ပွဲစဉ် ၃ ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဘရက်စ်အသင်းနဲ့ပွဲမှာ ၂ ဂိုး၊ ရင်းမ်စ်အသင်းနဲ့ပွဲမှာ ၁ ဂိုးနဲ့ တူးလူးစ်အသင်းနဲ့ပွဲမှာ ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ဒီ ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်ထားတာပါ။
အဲဒါကြောင့် ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကိုတွေ့ရစဉ်
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အငှားကစားခဲ့တဲ့ ဂီတာဖေးအသင်းမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုတွေကို ရယူနိုင်ခဲ့တာပါ။
အခုအချိန်မှာလည်း ဂရင်းဝုဒ်ဟာ သူ့ရဲ့ မာဆေးလ်အသင်း ပွဲဦးထွက်မှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်က “မာဆေးလ်အတွက် ကစားပြီး အိမ်ကွင်းမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာဟာ ကျနော့်အတွက် အများကြီး အဓိပ္ပါယ်ရှိတယ်ဆိုတာ သိသာပါတယ်။ တစ်လတာ အကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ် ခံရတဲ့အပေါ်မှာ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဒီရာသီမှာ နောက်ထပ် အများကြီးတွေ ရယူနိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။
မာဆေးလ်အသင်းဟာ ဒီရာသီပြင်သစ်လိဂ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဒီအပတ်လိဂ်ပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1101
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ သြစတြီးယားအသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်ခန့် အနားယူရဖွယ်ရှိတယ်လို့ နော်ဝေအသင်း ဆရာဝန်က ပြောခဲ့ပါတယ်။
နော်ဝေအသင်း ဆရာဝန် အိုလာဆန့်က “ဒီလိုခြေချင်းဝတ် ဒဏ်ရာဟာ အနည်းဆုံး ၃ ပတ်ခန့် ကြာတက်သလို ပိုပြီးတော့လည်း ကြာရှည်သွားနိုင်ပါတယ်။ လန်ဒန်မှာ MRI စစ်ဆေးမှုကနေ အခုအချိန်ထိ ကျနော်တို့ ရရှိခဲ့တာက တော့ ခြေချင်းဝတ် အရိုးအက်သွားခြင်း မရှိဘူးဆိုတာပါ။ အိုဒီဂတ်ကတော့ သူအလွန် နာကျင်နေတဲ့အတွက် စိုးရိမ်နေပါတယ်”လို့ ပြောပါတယ်။
အိုဒီဂတ်အနေနဲ့ ၃ ပတ်ကြာ အနားယူရမယ်ဆိုရင် စပါးအသင်း၊ မန်စီးတီးအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် အပါအဝင် အသင်းရဲ့ ပွဲစဉ် ၅ ပွဲကို လွဲချော်နိုင်တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း အတွက်တော့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက် ယှဉ်ပြိုင်ရမယ့် အချိန်မှာ အိုဒီဂတ်ရဲ့ ဒဏ်ရာ သတင်းဟာ သူတို့အတွက် အလွန်စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ကွင်းလယ်လူသစ် မယ်ရီနိုကိုလည်း ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။
အိုဒီဂတ်ကို တွေ့ရစဉ်
ဒါအပြင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် စပါးအသင်းနဲ့ ပွဲစဉ်ကို ပွဲပယ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
နောက်ခံလူသစ် ကာလာဖီအိုရီကလည်း အီတလီအသင်းအတွက် နေးရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်း ပြင်သစ် အသင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ဖို့ မသေချာသေးတာပါ။
ဒါပေမယ့် တိုက်စစ်မှူး ဂျီးဆပ်စ်ကတော့ ဒဏ်ရာက ပြန်သက်သာလာပြီး အသင်းအတွက် မကြာခင်မှာ ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 2940
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ရင်းနှီးမြုပ်နှံမှုအပြီးမှာ အသင်းဟောင်း ယူနိုက်တက်အသင်းဟာ အရာအားလုံးကို ပြန်လည် တည်ဆောက်ဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ကျနော့် အမြင်အရတော့ ယူနိုက်တက်အသင်းဟာ အရာအားလုံးကို ပြန်တည်ဆောက်ဖို့လိုပါတယ်။ ကလပ်အသင်းအနေနဲ့လည်း ပြန်တည်ဆောက်ဖို့ အချိန်လိုပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် ရှိနေသေးပေမယ့် ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါကို သူတို့ နားလည်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း တွေ့ခဲ့ရပြီး အချို့အရာတွေ ပြောင်းလဲ လာခဲ့လို့ ကျနော်ပျော်ရွှင်ပါတယ်။ အနာဂတ်တောက်ပမယ်ဆိုတာ ကျနော်ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။
ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ဟာ အခုနှစ် အစောပိုင်းက ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်း ကို ဝယ်ယူပြီးနောက် အသင်းကို ပြောင်းလဲမှုအချို့ စတင်ပြုလုပ်နေခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုက အသင်းအနေနဲ့ ထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့ဆိုရင် စိတ်ရှည်ဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီးနောက် ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့တာကို နောင်တမရဘူးလို့ပြောခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်ကိုလည်း ဝေဖန်ခဲ့ပါတယ်။
ရော်နယ်ဒိုက “ယူနိုက်တက်အသင်း နည်းပြတစ်ဦးအနေနဲ့ ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားရဖို့ တိုက်ပွဲဝင်နိုင်မှာ မဟုတ်ဘူးဆိုပြီး ပြောလို့မရပါဘူး။ ဒီလိုရယူနိုင်ဖို့အတွက် အလားအလာ မရှိရင်တောင် အခုလို ပြောလို့မရပါဘူး။ ကျနော်တို့ ကြိုးစားရမယ်ဆိုပြီး ပြောရမှာပါ။ ကျနော်ဟာ ယူနိုက်တက်အသင်းကို ချစ်တဲ့ အတွက် အကောင်းဆုံးဖြစ်ဖို့ကိုသာ ဆန္ဒပြုချင်တယ်”လို့ ပြောပါတယ်။
ဒါအပြင် ရော်နယ်ဒိုက အသင်းဖော်ဟောင်း နစ္စတယ်ရွိုင်း ယူနိုက်တက်အသင်းထံ လက်ထောက်နည်းပြအဖြစ် ပြန်ရောက်လာခဲ့တဲ့အပေါ် ကြိုဆိုကြောင်းလည်း ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အစပိုင်းမှာ ရလဒ်တွေဆိုးနေပြီး ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ကာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 2193
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁
ဆားဘီးယားအသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ စပိန်အသင်း ကွင်းလယ်လူ အော်လ်မိုဟာ ဂျီရိုနာ အသင်းနဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အော်လ်မိုဟာ ဆားဘီးယားအသင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ဘာစီလိုနာအသင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ သူ့ကိုအနားပေးပြီး ဆွစ်ဇာလန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်မကစားစေဖို့ ဆုံးဖြတ်ခဲ့တာပါ။
စပိန်သတင်းစာ မာကာက အော်လ်မိုရဲ့ ဒဏ်ရာဟာ စိုးရိမ်စရာသာရှိခဲ့ပြီး ဒဏ်ရာအခြေအနေကို ဆုံးဖြတ်ဖို့ ဆေးစစ်မှု ခံယူခဲ့ခြင်းတောင် မရှိဘူးလို့ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ဘာစီလိုနာအသင်းအတွက် သတင်းကောင်းဖြစ်ခဲ့ပြီး သူ့ကို ဂျီရိုနာအသင်းနဲ့ပွဲစဉ်မှာ အသုံးပြုလို့ ရရှိသွားပြီ ဖြစ်ပါတယ်။
အော်လ်မိုကိုတွေ့ရစဉ်
ဒီနွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အော်လ်မိုဟာ သူ့ကို ဘာစီလိုနာအသင်းက လာလီဂါ မှာ စာရင်းသွင်း မှတ်ပုံတင်နိုင်ခြင်းမရှိလို့ အဖွင့်ပွဲစဉ် ၂ ပွဲကို ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့် အော်လ်မိုဟာ ပါဝင်ကစားခွင့်ရခဲ့တဲ့ နောက်ထပ် ၂ ပွဲမှာ သွင်းဂိုး ၂ ဂိုးသွင်းပြီး ခြေစွမ်းပြသထားတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီနည်းပြ ဟန်ဆီဖလစ် လက်အောက်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး လာလီဂါပွဲစဉ် ၄ ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲ ရယူထားတာပါ။
ဘာစီလိုနာအသင်းဟာ ဒီ ၄ ပွဲမှာ ၁၃ ဂိုးသွင်းယူပြီး ၃ ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။
ဂျာမနီနည်းပြဟောင်း ဟန်ဆီဖလစ်ဟာ ဘာစီလိုနာအသင်းကို ဒီလိုရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့လို့ သြဂုတ်လအတွက် လာလီဂါတစ်လတာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 834
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁
မက္ကဆီကို ဝါရင့်ဂိုးသမား အိုချူအာက နိုင်ငံအသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တယ်လို့ ပြောလိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ အိုချူအာဟာ မက္ကဆီကိုအသင်းကို အဂွီရီနဲ့ မားကွက်ဇ်တို့ တာဝန်ယူပြီးကတည်းက ရွေးချယ်ခံရခြင်း မရှိတော့တာပါ။
၂၀၀၅ ခုနှစ်ကတည်းက မက္ကဆီကိုအသင်းအတွက် စတင်ပွဲထွက်ခဲ့တဲ့ အိုချူအာဟာ ပွဲပေါင်း ၁၅၀ အထိ ပါဝင် ကစားထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်အထိ ယှဉ်ပြိုင်ထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အိုချူအာဟာ မက္ကဆီကိုနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်မြောက်အဖြစ် ပါဝင်ယှဉ်ပြိုင်ချင်နေတာပါ။
အိုချူအာဟာ မက္ကဆီကို အသင်းနဲ့အတူ ကွန်ကာကပ်ဖ် ရွှေဖလား ချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးပါဘူး။
အိုချူအာကို တွေ့ရစဉ်
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်တိုင်း လက်စွမ်းပြသနိုင်ခဲ့တဲ့ အိုချူအာဟာ စီးရီးအေကလပ် ဆလာနီတာနာအသင်းက ထွက်ခွာပြီးနောက် ပေါ်တူဂီကလပ် AVS အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
အိုချူအာဟာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု အများအပြား ရှိခဲ့ပေမယ့် မက္ကဆီကို အသင်းဖော်တွေ ကစားခဲ့တဲ့ ပေါ်တူဂီလိဂ်ထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။
အိုချူအာဟာ AVS အသင်းရဲ့ ကစားသမားသစ်အဖြစ် မိတ်ဆက်ခံရချိန်မှာ ကလပ်နဲ့ နိုင်ငံအသင်းကို ကူညီဖို့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တယ်လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။
အိုချူအာရဲ့အသင်းသစ် AVS အသင်းဟာ ဒီရာသီ ပေါ်တူဂီလိဂ် ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာပါ။
အိုချူအာက သူဟာ AVS အသင်းကို ရလဒ်ကောင်းတွေရအောင် ကူညီပေးချင်ပြီး အမြန်ဆုံး ပွဲထွက် ပါဝင်ချင် နေပြီလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 1154
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁
စပါးနဲ့ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်အမျိုးသားအသင်းနည်းပြသစ်အဖြစ် ခန့်အပ် ခြင်းခံခဲ့ရပါတယ်။
ပိုချက်တီနိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုကနေ ထွက်ခဲ့ရပြီးနောက် ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဘာဟယ်လ်တာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး အမေရိကန်အမျိုးသားအသင်းနည်းပြသစ်အဖြစ် တာဝန်ယူ ရမှာပါ။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ပိုချက်တီနိုကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်စေမယ့် ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ် ကြောင်းကို နယူးဇီလန်အသင်းနဲ့ ခြေစမ်းပွဲမတိုင်ခင် ကြေညာခဲ့တာပါ။
ပိုချက်တီနိုက “အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ဆုံးဖြတ်ချက်က ကျနော့်အတွက် ဘောလုံးအကြောင်းတင် မဟုတ်ဘဲ ဒီအသင်းနဲ့ ဒီနိုင်ငံရဲ့လျှောက်လှမ်းနေတဲ့ ခရီးအတွက်ပါ။ ဒီနေရာက သမိုင်းဝင်အောင်မြင်မှုရရှိဖို့ စွမ်းအင်တွေ၊စိတ်အားထက်သန်မှုတွေက ကျနော့်ကို လှုံ့ဆော်ပေးတဲ့အရာတွေပါ။ အရည်အချင်းနဲ့ အလား အလာအပြည့်ရှိတဲ့ ကစားသမားအစုအဖွဲ့ကို မြင်တွေ့ခဲ့ရပြီး တစ်နိုင်ငံလုံးဂုဏ်ယူနိုင်တဲ့ ထူးခြားတဲ့အရာကို အတူတူတည်ဆောက်သွားမယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊မက္ကဆီကိုနိုင်ငံတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ အောင်မြင်မှုရယူနိုင်ဖို့အတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ပစ်မှတ်ထားနေတာပါ။
အဲဒါကြောင့် နာမည်ကြီးနည်းပြတွေကို ရှာဖွေခဲ့ပြီး ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ကိုပါ အမေရိက ဖလားပြိုင်ပွဲနဲ့ ခြေစမ်းပွဲတွေမှာ ရလဒ်တွေဆိုးခဲ့တာကြောင့် ပိုချက်တီနိုဟာ ရလဒ်ကောင်းတွေရရှိအောင် ကိုင်တွယ်ပေးရတော့မှာပါ။
အမေရိကန်အသင်းဟာ အောက်တိုဘာထဲမှာ ပနားမား၊မက္ကဆီကိုအသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပြီး ပိုချက်တီနိုဟာ ဒီပွဲတွေကို သူ့ရဲ့အမေရိကန်အသင်းနည်းပြဘ၀ ပထမဆုံးပွဲစဉ်တွေအဖြစ် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ အင်္ဂလန်အသင်းက ဖင်လန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ လက်ရွေးစင်ကစားသမားဘဝ ပွဲပေါင်း ၁၀၀ ပြည့်ခဲ့ပြီး အသင်းရရှိခဲ့တဲ့ ၂ ဂိုးစလုံးကို သွင်းယူနိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းနဲ့ ဖင်လန်အသင်းတို့ရဲ့ နေးရှင်းလိဂ်ပွဲ မစတင်ခင်မှာ ဟာရီကိန်းဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ကပေးတဲ့ ရာပြည့်အထိမ်းအမှတ် ရွှေရောင်ဦးထုပ်ကို လက်ခံရရှိခဲ့ပြီး ရွှေရောင်ဖိနပ်ကို ဝတ်ဆင်ကာ အသင်း အတွက် ခြေစွမ်းပြသပြီး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။
ဟာရီကိန်းဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် အင်္ဂလန်အသင်းအတွက် ကစားထားတဲ့ ပွဲပေါင်း ၁၀၀ မှာ စံချိန်တင် ၆၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူးဟာ အင်္ဂလန်အသင်းအတွက် ပွဲ ၁၀၀ ပြည့်မှာ ဂိုးသွင်းယူနိုင်တဲ့ တတိယ မြောက် ကစားသမားလည်း ဖြစ်လာခဲ့တာပါ။
အရင်က ဒီလိုမှတ်တမ်း ရယူနိုင်ခဲ့တဲ့ သူတွေကတော့ ဝိန်းရွန်နီနဲ့ ဘော်ဘီချာလ်တန်တို့ ဖြစ်ပါတယ်။
ဟာရီကိန်းကို တွေ့ရစဉ်
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်း မပြသနိုင်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် ဒီသွင်းဂိုးတွေနဲ့ ဝေဖန်သူတွေကို နှုတ်ဆိတ်စေခဲ့တာပါ။
ဟာရီကိန်းက “ဒါက ကျနော့်အတွက် အလွန်ဂုဏ်ယူစရာ ကောင်းတဲ့ညပါ။ ကျနော်ဟာ ဂိုးတွေသွင်းပြီး အသင်းကို ကူညီချင်ပါတယ်။ သံသယဝင်တဲ့ လူတိုင်းကို မှားယွင်းကြောင်း သက်သေပြသဖို့အတွက် ပိုပြီးဆာလောင်လာ ပါတယ်။ သွင်းဂိုးတွေနဲ့အတူ အနာဂတ်အတွက် အလွန်စိတ်လှုပ်ရှားမိတယ်”လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဖင်လန်အသင်းကို အနိုင်ရခဲ့တာကြောင့် ယာယီနည်းပြ လီကာစလေလက်ထက် ကစားခဲ့တဲ့ ၂ ပွဲစလုံးကို ရာနှုန်းပြည့် နိုင်ပွဲရယူနိုင်ခဲ့ပြီး ပေးဂိုးလည်း ပေးရခြင်း မရှိသေးတာပါ။
အင်္ဂလန်အသင်းဟာ လာမယ့် အောက်တိုဘာလထဲမှာ နောက်ထပ် နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် ဂရိ၊ ဖင်လန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA