- By CNI
- Category: အားကစား
- Hits: 818
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇
နိုင်ဂျီးရီးယားနဲ့ အတ္တလန်တာအသင်း တိုက်စစ်မှူး လွတ်ခ်မန်းဟာ ၂၀၂၄ ခုနှစ်အတွက် အာဖရိကတစ်နှစ်တာ အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို ရရှိသွားခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ အတ္တလန်တာအသင်း ချန်ပီယံဆု ရရှိအောင် ဗိုလ်လုပွဲမှာ ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဒါအပြင် လွတ်ခ်မန်းဟာ ၂၀၂၄ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲ ရောက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းအတွက် ၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ရာသီက အတ္တလန်တာအသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၁၇ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီး နိုင်ခဲ့ကာ ဒီရာသီမှာ ၁၉ ပွဲ ကစားထားပြီး ၁၁ ဂိုးသွင်းယူထားတာပါ။
အဲဒါကြောင့်လည်း လွတ်ခ်မန်းဟာ မော်ရိုကိုအသင်းက ဟာကီမီ၊ တောင်အာဖရိကအသင်းက ရွန်ဝမ်ဝီလီယံစ်၊ အိုင်ဗရီကို့စ်အသင်းက အဒင်ဂါရာ၊ ဂီနီအသင်းက ဂူရာဆေးတို့ကို မဲအသာရပြီး အာဖရိကတစ်နှစ်တာ အကောင်း ဆုံး အမျိုးသားဘောလုံးသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

လွတ်ခ်မန်းကို တွေ့ရစဉ်
လွတ်ခ်မန်းက “ဒီဆုဟာ ကောင်းချီးတစ်ခုဖြစ်ပြီး အာဖရိကရဲ့ အကောင်းဆုံး ကစားသမားအဖြစ် အသိအမှတ်ပြု ခံရတာဟာ မယုံနိုင်စရာပါပဲ။ လွန်ခဲ့တဲ့ ၄ နှစ်က ကျနော့်ရဲ့ ကစားသမားဘဝဟာ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် အခုတော့ အာဖရိကရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဒီမှာရှိနေတာပါ”လို့ ဆုလက်ခံရယူအပြီးမှာ ပြောခဲ့ တာပါ။
အာဖရိကတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို အော်လန်ဒိုပရိုက်အသင်း တိုက်စစ်မှူး ဘန်ဒါက ရရှိသွားခဲ့ပါတယ်။
ဘန်ဒါဟာ ဒီဆုကိုရရှိတဲ့ ပထမဆုံး ဇမ်ဘီယာအမျိုးသမီး ဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
ဘန်ဒါဟာ အော်လန်ဒိုပရိုက်အသင်းအတွက် ခြေစွမ်းပြသပြီး ဆုဖလား ရယူပေးနိုင်ခဲ့တာကြောင့် မကြာသေးခင် က ဘီဘီစီရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 788
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ဘရာဇီးလ်တောင်ပံကစားသမား နေမာဟာ အင်တာမိုင်ယာမီအသင်းနဲ့ သတင်းတွေ ထွက်နေပေမယ့် သူကတော့ အယ်လ်ဟီလယ်အသင်းနဲ့အတူ ဖီဖာကလပ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။
နေမာက “ကျနော်ဟာ အယ်လ်ဟီလယ် အသင်းနဲ့အတူ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ချင်ပါတယ်။ ပြီး တော့ ၂၀၂၅ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းနဲ့ ကစားချင်ပါတယ်။ ဒါဟာ ကလပ်အသင်း အတွက် အလွန်အရေးကြီးပါတယ်။ ကမ္ဘာ့ဖလားဆိုတာ ကစားသမားတိုင်းအတွက် ရည်မှန်းချက်ပါပဲ။ အခုအချိန် ကတော့ ကလပ်အသင်းမှာ ပုံစံကောင်း ရအောင်လုပ်သွားမှာဖြစ်ပြီး ဒါကိုအာရုံစိုက်သွားမယ်”လို့ RMC Sport ကို အနာဂတ်နဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
၂၀၂၃ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာခဲ့တဲ့ နေမာဟာ ဒဏ်ရာတွေကြောင့် အယ်လ်ဟီလယ် အသင်းအတွက် ၇ ပွဲသာ ပါဝင်ကစားရသေးတာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်
နေမာဟာ ဒဏ်ရာတွေကြောင့် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။
ဒါပေမယ့် နေမာကတော့ အယ်လ်ဟီလယ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
နေမာဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ အပြည့်အဝ သက်သာအောင် အာရုံစိုက်နေပြီး ၂၀၂၅ ခုနှစ်၊ မတ်လမှာ ဘရာဇီးလ်အသင်းအတွက် ပြန်လည်ကိုယ်စားပြုနိုင်ဖို့ ရည်ရွယ်ထားတာပါ။
နေမာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူးအရွတ်ဒဏ်ရာ ရရှိပြီး ကတည်းက ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။
အသက် ၃၂ နှစ်အရွယ်ရှိ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၈ ပွဲ ကစားထားပြီး ၇၉ ဂိုးသွင်းယူကာ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
နေမာရဲ့ အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နေပြီး အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 735
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ဝုလ်ဗ်စ်အသင်းဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြဂယ်ရီအိုနေးလ်ရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ အယ်လ်ရှာဘတ် အသင်းနည်းပြ ဗစ်တာပါရဲရားနဲ့ ဆွေးနွေးမှုပြုလုပ်နေပါတယ်။
ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေတဲ့ ဝုလ်ဗ်စ်အသင်းဟာ နည်းပြသစ်ခန့်အပ်နိုင်ဖို့ အလျင်အမြန် ရှာဖွေ နေပြီး ဗစ်တာပါရဲရားကို နည်းပြသစ်အဖြစ် ခန့်အပ်မယ်ဆိုရင် အယ်လ်ရှာဘတ်အသင်းကို လျော်ကြေးအဖြစ် ပေါင် ၈၀၀,၀၀၀ ပေးရဖို့ ရှိနေတာပါ။
ဝုလ်ဗ်စ်အသင်းဟာ အခြားနည်းပြအချို့ကိုလည်း သူတို့ရဲ့နည်းပြသစ် စာရင်းထဲမှာ ထည့်သွင်းထားပြီး ဒီအထဲမှာ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းနည်းပြဟောင်း ဒေးဗစ်မိုယက်စ် လည်း ပါဝင်နေပါတယ်။
ဒါပေမယ့် ဗစ်တာပါရဲရားဟာ ဝုလ်ဗ်စ်အသင်းရဲ့ ဦးစားပေးဖြစ်တယ်လို့ ကလပ်သတင်း ရင်းမြစ်တွေက BBC Sport ကို ပြောခဲ့တာပါ။

ဗစ်တာပါရဲရားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကတည်းက အယ်လ်ရှာဘတ်အသင်းကို ကိုင်တွယ်ခဲ့ပြီး မနှစ်ကရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ အယ်ရှာဘတ် အသင်းဟာ အဆင့် ၆ နေရာမှာရပ်တည်နေတာပါ။
အသက် ၅၆ နှစ်အရွယ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ပေါ်တို အသင်းကို ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ပေါ်တူဂီအမှတ်ပေးဖလားရယူပေးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အိုလံပီယာကို့စ် အသင်းနဲ့ ဂရိလိဂ်ဖလားရရှိခဲ့ပါတယ်။
ဝုလ်ဗ်စ်အသင်းအနေနဲ့ ဗစ်တာပါရဲရားနဲ့ ဆွေးနွေးညှိနှိုင်းမှုအဆင်ပြေရင် ပေါ်တူဂီလူမျိုးနည်းပြဟာ လာမယ့် လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို စတင်ကိုင်တွယ်ရဖို့ရှိနေတာပါ။
ဝုလ်ဗ်စ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အစ်စဝှစ်ချ်အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြဂယ်ရီအိုနေးလ်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ဂယ်ရီအိုနေးလ်ရဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံးလည်း ဝုလ်ဗ်စ် အသင်းကနေ ထွက်ခွာခဲ့တာပါ။
ဝုလ်ဗ်စ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1013
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ချယ်လ်ဆီးအသင်းဟာ ဘရန်ဖို့ဒ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် အနိုင်ရရှိကာ အကောင်းဆုံးပုံစံတွေ ပြသနေပေမယ့် နည်းပြမာရက်စ်ကာက အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားစိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကျနော်တို့ဟာ ပိုကောင်းအောင်လုပ်ရမယ့် အရာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကျနော့်အတွက်ရော ကျနော်တို့အတွက်ရော အဆင်သင့် မဖြစ်သေးဘူးလို့ ပြောတာပါ။ ပရိသတ်တွေကတော့ ဆုဖလားအကြောင်းတွေးပြီး အိပ်မက်မက်လို့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေက လက်တွေ့ဆန်ဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ဦးဆောင် နေတဲ့ လီဗာပူးလ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၂ မှတ်လျော့ကာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ အဆင့် ၃ နေရာက အာဆင်နယ်အသင်းကို ၄ မှတ်၊ အဆင့် ၄ နေရာက နော်တင်ဟမ် ဖောရက်စ်အသင်းကို ၆ မှတ် အသာရထားတာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက သူတို့ ဆုဖလားစိန်ခေါ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ကို ထပ်ပြီး ပြောနေခဲ့ပါတယ်။
ဘရန်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်က ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားပြိုင်ပွဲထဲကို ရောက်ရှိနေပြီး သူတို့အလွန်ကောင်းတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဘရန်ဖို့ဒ်အသင်းဟာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘရန်ဖို့ဒ် အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1130
CNI International News
အန်ကာရာ၊ ဒီဇင်ဘာ ၁၆
ဆီးရီးယားနိုင်ငံက စစ်သင်တန်းများ လေ့ကျင့်သင်ကြားပေးရန် တောင်းဆိုခဲ့မည်ဆိုပါက တူရကီအနေဖြင့် စစ်သင်တန်းများ ကူညီသင်ကြားပေးရန် အသင့်ရှိကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာ (Yasar Guler) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နေတိုးအဖွဲ့ဝင်ဖြစ်သည့် တူရကီသည် ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားသမ္မတ ဘာရှာ အယ်အာဆတ် (Bashar al-Assad) ကို ရာထူးမှ ဖြုတ်ချခဲ့သည့် ဆီးရီးယားသူပုန်များကို ထောက်ပံ့ပေးခဲ့သည်။
အာဆတ် ပြုတ်ကျသွားမှုကြောင့် ၁၃ နှစ်ကြာ ဖြစ်ပွားသည့် ပြည်တွင်းစစ် အဆုံးသတ်သွားမှုနှင့်အတူ တူရကီက ဒမတ်စကတ် (Damascus) မြို့တော်ရှိ တူရကီသံရုံးကို ဒီဇင်ဘာ ၁၄ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သည်။
အာဆတ်ကို ဖြုတ်ချခဲ့သည့် အစိုးရအဖွဲ့သစ်က နိုင်ငံအတွင်းရှိ အစိုးရရုံးဌာနများ၊ ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများကို လေးစားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဂူလာက သတင်းထောက်များကို ပြောကြားခဲ့သည်။
"အစိုးရအဖွဲ့သစ် ဘာတွေ ဆက်လုပ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ဖို့ လိုအပ်ပြီး သူတို့ကို အခွင့်အရေး ပေးသင့်တယ်လို့ ကျနော်တို့ ယူဆထားပါတယ်" ဟု ဂူလာက ပြောသည်။

အာဆတ် ဖြုတ်ချခံလိုက်ရလို့ အောင်ပွဲခံနေကြစဉ်
တူရကီအနေဖြင့် ဆီးရီးယားအစိုးရအဖွဲ့သစ်နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မည် ဟုတ်၊ မဟုတ် မေးမြန်းခံရချိန် တွင် ဂူလာက တူရကီသည် ယခင်ကတည်းက နိုင်ငံအများအပြားနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ စစ်သင်တန်း လေ့ကျင့် သင်ကြားပေးသည့် သဘောတူညီချက်များရှိခဲ့ကြောင်း ဖြေကြားခဲ့သည်။
"တကယ်လို့ သူတို့ (ဆီးရီးယားအစိုးရအဖွဲ့သစ်) ဘက်က တောင်းဆိုလာမယ်ဆိုရင် တူရကီကလည်း လိုအပ်တဲ့ စစ်ရေး အထောက်အကူတွေ ပေးဖို့ အသင့်ပါပဲ" ဟု ဂူလာက ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်ကတည်းက တူရကီသည် ၎င်း၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုများကို အကြောင်းပြပြီး ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ နယ်မြေဒေသများတွင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။
ထို့ပြင် လက်ရှိတွင်လည်း တူရကီသည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ အဖရင် (Afrin) ၊ အာဇက် (Azez) နှင့် ဂျာရာဘလူစ် (Jarablus) မြို့များ အပါအဝင် မြို့အချို့တွင် ထောင်နှင့်ချီသည့် တူရကီစစ်သားများကို ဖြန့်ကြက်ချထားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: အားကစား
- Hits: 1063
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ယူနိုက်တက်အသင်းဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အာမိုရင်က ဒီနိုင်ပွဲဟာ အသင်းအတွက် ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “Fergie Time ဖြစ်ပြီး မယုံနိုင်လောက်စရာပါပဲ။ အလွန်ခက်ခဲတဲ့ပွဲ ဖြစ်ခဲ့ပေမယ့် ကျနော်တို့အဆုံးထိ ယုံကြည်မှုရှိခဲ့ပြီး ဒါက ကျနော်တို့နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့ပြီး လိုအပ်နေတဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့အတွက်ရော ကျနော်တို့ ပရိသတ်တွေအတွက်ပါ အရေးကြီးပါတယ်။ ကျနော်တို့အတွက် ကောင်းမွန်တဲ့နေ့တစ်နေ့ပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ပွဲချိန် ၈၇ မိနစ်အထိ မန်စီးတီးအသင်းရဲ့ ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရ ပေမယ့် ၈၈ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီကနေ ချေပဂိုး၊ ၈၉ မိနစ်မှာ အာမတ်က ယူနိုက်တက်အသင်း အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် ကိုင်တွယ်ခဲ့ချိန်က ပွဲပြီးခါနီးတွေမှာ သွင်းဂိုးတွေ သွင်းယူနိုင် ခဲ့တာကြောင့် Fergie Time ဆိုပြီး နာမည်ကျော်ကြားခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကလည်း မန်စီးတီးအသင်းနဲ့ပွဲမှာ သူတို့ Fergie Time မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တယ်လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ချေပဂိုးဖြစ်စေမယ့် ပင်နယ်တီ ရယူပေးခဲ့ပြီး အနိုင်ဂိုးလည်း သွင်းယူခဲ့တဲ့ အာမတ်ကို နည်းပြအာမိုရင်နဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့က ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ် အလွန်ဆိုးရွားနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၅ နေရာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းက ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1876
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်က တိုက်စစ်မှူး ဟာရီကိန်းဟာ အင်္ဂလန်အသင်း ခေါင်းဆောင်အဖြစ် ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “လက်ရှိအချိန်မှာ အပြောင်းအလဲအတွက် စဉ်းစားဖို့ မလိုအပ်ပါဘူး။ ဟာရီက အင်္ဂလန်အတွက် အမြဲတမ်း ထိပ်တန်း ခေါင်းဆောင်တစ်ဦးပါ။ ဒါကြောင့် အခုအချိန်မှာ ဒီအကြောင်းကို ဘာလို့ စဉ်းစားနေမှာလဲ။ ဟာရီ အပါအဝင် ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အသွေးတွေရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ အလုပ်လုပ် ရမှာဖြစ်လို့ ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။
တူချယ်လ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)မဲခွဲမှုကို တက်ရောက်ပြီးနောက် အင်္ဂလန်အသင်း ခေါင်းဆောင်ရာထူးနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေခဲ့တာပါ။
၂၀၁၈ ခုနှစ်ကတည်းက အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့တဲ့ ဟာရီကိန်းဟာ နည်းပြတူချယ်လ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ အတူတွဲ အလုပ်လုပ်ခဲ့ဖူးပါတယ်။

ဟာရီကိန်းနဲ့တူချယ်လ်ကို တွေ့ရစဉ်
ဟာရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် အဓိကပြိုင်ပွဲကြီး ၄ ခုမှာ ဦးဆောင်ထားခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ရဲ့ အုပ်စု K မှာ ဆားဘီးယား၊ အယ်လ်ဘေးနီးယား၊ လတ်ဗီးယား၊ အန်ဒိုရာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
ဒီအုပ်စုမှာ ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်းဟာ ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်မှာဖြစ်ပြီး ဒုတိယရတဲ့အသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ အင်္ဂလန်အသင်းကို နည်းပြသစ်အဖြစ် တရားဝင် စတင်ကိုင်တွယ်မယ့် တူချယ်လ် ဟာ မတ်မှာကစားမယ့် အယ်လ်ဘေးနီးယား၊ လတ်ဗီးယားအသင်းတို့နဲ့ ခြေစစ်ပွဲတွေမှာ အင်္ဂလန်အသင်းကို ပထမဆုံး ပွဲစဉ်တွေအဖြစ် စတင်တာဝန်ယူသွားမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1322
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘ ၁၄
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က မန်စီးတီးအသင်းဟာ ရလဒ်တွေ ဆိုးနေပေမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်အသင်းထက် ပိုကောင်းမွန်တဲ့ နေရာမှာရှိပြီး ရေပန်းအစားဆုံးလို့ ပြောခဲ့ပါတယ်။
အာမိုရင်က “အသင်းကြီးတွေဟာ အချိန်မရွေး တုန့်ပြန်နိုင်ပြီး ပွဲအပေါ် နားလည်မှု၊ ကစားပုံ၊ ယုံကြည်မှုတွေအရ သူတို့ဟာ ကျနော်တို့ထက် ပိုကောင်းတဲ့ နေရာတစ်ခုမှာ ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို အခိုက်အတန့် မျိုးမှာတောင် ကျနော်တို့ဟာ အသင်းအပေါ်မှာ အာရုံစိုက်စရာတွေ အများကြီးရှိပါတယ်။ ကျနော်တို့ဟာ ကြီးမား တဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ကျနော်ကတော့ ကျနော်တို့ရဲ့ ပြဿနာတွေကို ပိုပြီးအာရုံစိုက်ပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ၇ ပွဲအထိ အရေးနိမ့်ကာ ရလဒ်တွေ ဆက်တိုက်ဆိုးနေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကလည်း ရလဒ်ပိုင်း တည်ငြိမ်မှု မရှိသေးဘဲ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပယ်လ်ဇန်အသင်းကို အနောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့တာပါ။

အာမိုရင်နဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်
အာမိုရင်ဟာ ယူနိုက်တက်အသင်း နည်းပြဘဝ ပထမဆုံးကိုင်တွယ်ရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်အတွက် ပြင်ဆင်နေပြီး မန်စီးတီးအသင်းဟာ သူတို့ထက် အနိုင်ရဖို့ ပိုပြီးရေပန်းစားကြောင်း ပြောခဲ့ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ မထွက်ခွာခင် စပို့တင်းလစ္စဘွန်း အသင်းကို ကိုင်တွယ်ခဲ့ချိန် ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပြထားတာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်း နည်းပြမဖြစ်ခင်က မန်စီးတီးအသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေ ခံခဲ့ရပါတယ်။
အာမိုရင်ကတော့ ယူနိုက်တက်အသင်းဟာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ခဲ့တယ်လို့ မန်စီးတီး အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံရတဲ့အပေါ် တုန့်ပြန်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံး အရေးနိမ့်ခဲ့တာကြောင့် မန်စီးတီး အသင်းနဲ့ပွဲမှာ ရှုံးနိမ့်မှုကို ရပ်တန့်ပြီး နိုင်ပွဲပြန်လည် ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1089
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄
ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်က ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်က အပြုအမူတွေကြောင့် ကွင်းလယ်လူ လီမီနာကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
လီမီနာဟာ ဝုလ်ဗ်စ်အသင်းက ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဝက်စ်ဟမ်းအသင်း ခေါင်းဆောင် ဘိုဝင်နဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေရှိခဲ့တာပါ။
ဒါအပြင် လီမီနာဟာ ဝုလ်ဗ်စ်အသင်းဖော်တွေ၊ လက်ထောက်နည်းပြတို့နဲ့လည်း ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒါကြောင့် ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်ဟာ လီမီနာနဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် သူ့ကို အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာပါ။

လီမီနာကို တွေ့ရစဉ်
လီမီနာဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်က ဖြစ်ရပ်တွေအတွက် တောင်းပန်ခဲ့ပြီး နည်းပြဂယ်ရီအိုနေးလ်က ကွင်းလယ် ကစားသမားဟာ သူ့ရဲ့နေရာကို ဆုံးရှုံးမှာ မဟုတ်ဘူးလို့လည်း အတည်ပြုခဲ့ပါတယ်။
နည်းပြဂယ်ရီအိုနေးလ်က ဝုလ်ဗ်စ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို နောက်ခံလူ ဆီမီဒိုက တာဝန်ယူ သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဝုလ်ဗ်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပြီး ပွဲစဉ် ၁၅ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာပါ။
ဝုလ်ဗ်စ်အသင်းရဲ့ ရလဒ်တွေကြောင့် နည်းပြဂယ်ရီအိုနေးလ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ခံစားနေရပါတယ်။
ဝုလ်ဗ်စ်အသင်းဟာ ဒီဇင်ဘာ ၁၄ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင် ရမှာဖြစ်ပြီး ဒီပွဲမှာ နိုင်ပွဲရယူနိုင်ဖို့ နည်းပြဂယ်ရီအိုနေးလ်က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1741
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄
အဲဗာတန်အသင်း ကွင်းလယ်ကစားသမားဟောင်း လီတိုင်ဟာ အကျင့်ပျက် ခြစားမှုစွဲချက်နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရတယ်လို့ တရုတ်အစိုးရမီဒီယာက ဖော်ပြထားပါတယ်။
၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တရုတ်လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ လီတိုင်ဟာ လာဘ်ပေး လာဘ်ယူမှု ၂ မျိုးစလုံး ပြုလုပ်ခဲ့ပြီး ၂၀၁၅ ကနေ ၂၀၂၁ ခုနှစ်အတွင်း ပွဲတွေမှာ လုပ်ပွဲပြုလုပ်ခဲ့ကြောင်းကို ဝန်ခံခဲ့တာပါ။
တရုတ်နိုင်ငံမှာ အားကစားဆိုင်ရာ အကျင့်ပျက်ခြစားမှု နှိပ်နှင်းမှုအတွင်း နည်းပြနဲ့ ကစားသမား တစ်ဒါဇင်ကျော် ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဒီစီရင်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ လီတိုင်ဟာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဟာဘေးချိုင်းနားအသင်းကို သူ့ရဲ့နည်းပြဘဝ ပထမဆုံးကလပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

လီတိုင်ကို တွေ့ရစဉ်
နောက်ပိုင်းမှာ လီတိုင်ဟာ တရုတ်လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာပါ။
တရားရုံးက လီတိုင်ဟာ ၂၀၁၅ ကနေ တရုတ်အသင်း နည်းပြရာထူးကို အဆုံးသတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း လာဘ်ငွေ ဒေါ်လာ ၁၆ သန်းကျော်ကို လက်ခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လီတိုင်ဟာ ကစားသမားအချို့ကို မျက်နှာသာပေးပြီး ရွေးချယ်တာနဲ့ ပွဲတွေကို လုပ်ပွဲပြုလုပ်ခဲ့တာမှာ လာဘ်ပေး လာဘ်ယူ ပြုလုပ်ခဲ့တာပါ။
အခုနှစ် အစောပိုင်းက နိုင်ငံပိုင်မီဒီယာ CCTV က ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာ လီတိုင်ဟာ အရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့အတွက် တောင်းပန်ခဲ့ပါတယ်။
လီတိုင် မတိုင်ခင်က တရုတ်ဘောလုံးအကြီးအကဲ Chen Xuyuan ကို လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာပါ။
လီတိုင်ဟာ ပရီးမီးယားလိဂ် အဲဗာတန်အသင်းမှာ ပွဲပေါင်း ၄၀ ပါဝင်ကစားခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းမှာ ၁ ပွဲသာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail
