
- By CNI
- Category: အားကစား
- Hits: 887
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၆
ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီသစ် ဘွန်ဒက်လီဂါ အဖွင့်ပွဲစဉ်မှာ ဝုလ်ဖ်ဘတ်အသင်းကို အရှုံးကနေ အနိုင်ရ အောင် ကစားပြီးနောက် နည်းပြ ကွန်ပနီက အသင်းရဲ့စိတ်ဓါတ်ကို ချီးကျူးသွားခဲ့ပါတယ်။
ကွန်ပနီက “နည်းပြတစ်ဦးအနေနဲ့ ကျနော့်ရဲ့ ဘွန်ဒက်လီဂါ ပထမဆုံးပွဲကို ကျနော်ပျော်ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ အခွင့်အရေးတွေ မပေးခဲ့ပေမယ့် ဒုတိယပိုင်းအစက မကောင်းမွန်ခဲ့တဲ့အတွက် ၂ ဂိုးပေးခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ဓါတ်ပိုင်းက ကောင်းမွန်ခဲ့တာကြောင့် ပွဲကို အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။ အမှားတွေ ဖြစ်ခဲ့ပေမယ့် အသင်းဘယ်လို တုန့်ပြန်မလဲဆိုတာက အရေးကြီးပါတယ်။ ကျနော်တို့ဟာ ပြီးပြည့်စုံမှု မရှိပေမယ့် ဆက်သွားရမှာပါ”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ မူစီယာလာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစ မှာ ဝုလ်ဖ်ဘတ်အသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အနောက်က လိုက်ကစားခဲ့ရပြီး ချေပဂိုး ပြန်လည်ရယူကာ မိနစ် ၈၀ ကျော်မှာ ဂနာဘရီက အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းကိုတွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်းဟာ ပွဲအပြီးမှာ ဝုလ်ဖ်ဘတ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် ကွန်ပနီ အတွက် အဖွင့်လှခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ကင်မစ်ရှ်က ဒုတိယပိုင်းမှာ အသင်းရဲ့တုန့်ပြန်မှုဟာ ကောင်းမွန်ခဲ့သလို စိတ်ဓါတ်ကလည်း မှန်ကန်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါဖလားကို လက်လွှတ်ခဲ့ရပြီးနောက် ဒီရာသီမှာ ပြန်လည် ရယူနိုင်ဖို့ နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့သလို ကစားသမားသစ်တွေလည်း အားဖြည့်ခဲ့ပေမယ့် ပွဲဦးထွက်မှာ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါ ဒုတိတယမြောက်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဖရိုင်းဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1040
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၆
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လာလီဂါ ၂ ပွဲဆက်တိုက် ဘတ်ပီ သွင်းဂိုးမရရှိတဲ့အပေါ် စိုးရိမ်မှု မရှိဘဲ သူသွင်းဂိုးတွေ ရရှိလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ဘတ်ပီဟာ အံ့မခန်းဖွယ်ကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပြီး အလွန်မြန်ဆန်သလို ဘောလုံး မပါဘဲ လှုပ်ရှားမှုတွေက အလွန်ကောင်းပါတယ်။ သူဟာ ဒီပွဲမှာ အခွင့်အရေး ၃ ကြိမ်ရခဲ့ပြီး ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဘယ်နေရာမှာပဲ ကစားရပါစေ သူဟာ အမြဲတမ်း ဂိုးသွင်းယူနိုင်ပါတယ်။ သူဂိုးတွေ သွင်းယူပါလိမ့်မယ်” လို့ ပြောခဲ့တာပါ။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်းကို ၅ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ သူ့ရဲ့ပွဲဦးထွက် ဖြစ်တဲ့ အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ လာလီဂါပွဲစဉ် ၂ ပွဲစလုံး ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ဗယ်လာဒိုးလစ် အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၈၆ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
အန်ဆယ်လော့တီကတော့ သူ့ရဲ့တိုက်စစ်မှူး ဘတ်ပီ မကြာခင် သွင်းဂိုးတွေ ရယူနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဒီပွဲမှာ ဘတ်ပီရဲ့ နေရာ လူစားဝင်လာတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ နာကျင်အချိန်ပိုမှာ ရီးရယ်လ် အသင်း ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
အန်ဆယ်လော့တီက အန်းဒရစ်ဟာ သွင်းဂိုးနဲ့အတူ ကောင်းမွန်တဲ့ အလားအလာရှိပြီး သူ့ရဲ့အရည်အသွေးတွေကို ပြသနိုင်ခဲ့တယ်လို့ ချီးကျူးသွားခဲ့တာပါ။
လာလီဂါ လက်ရှိချန်ပီယံ ရီးရယ်လ်အသင်းဟာ အဖွင့်ပွဲစဉ်မှာ မာယော့ကာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယ မြောက်ပွဲစဉ်ဖြစ်တဲ့ ဗယ်လာဒိုးလစ်အသင်းနဲ့ပွဲစဉ်မှ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ ကာမာဗင်ဂါ တို့ကို ဒဏ်ရာတွေကြောင့် အနားပေးထားရတာပါ။
ရီးရယ်လ်အသင်းဟာ ကြားရက်ထဲမှာ လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါးမက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 2464
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၄
မာဆေးလ်အသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားတော့မှာ မဟုတ်ဘဲ ယူနိုက်တက်အသင်း နည်းပြဟောင်း မက္ကလာရင် ကိုင်တွယ်နေတဲ့ ဂျမေကာအသင်းအတွက် ပါဝင် ကစားပေးဖို့ ရှိနေပါတယ်။
ဂျမေကာဘောလုံးအဖွဲ့ချုပ်ဟာ ဂရင်းဝုဒ်ကို နိုင်ငံအသင်းအတွက် ပါဝင်ကစားနိုင်စေဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ်ထံ ချဉ်းကပ်ထားပြီး သူ့ရဲ့ စာရင်းမှတ်ပုံတင်ခြင်းကို လွှဲပြောင်းပေးဖို့ တောင်းဆိုထားတာပါ။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဂျမေကာဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့တာကြောင့် ဒီလုပ်ငန်းစဉ်ကို ဆက်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ၂၀၂၀ ခုနှစ်က အိုက်စလန်အသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ၁ ပွဲ ပါဝင်ကစားထားပေမယ့် အမျိုးသမီးတွေကို ဟိုတယ်ထဲ ဖိတ်ခေါ်ပြီး ကိုဗစ်ကွာရန်တင်း စည်းမျဉ်းကို ချိုးဖောက်ခဲ့တာပါ။
အဲဒါကြောင့် ဂရင်းဝုဒ်ဟာ အိမ်ပြန်ပို့ ခံရပြီးကတည်းက အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရခြင်း မရှိတော့ပါဘူး။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဒါအပြင် ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက် အများအပြားကြောင့် အင်္ဂလန်အသင်းမှာ ပါဝင်ကစားဖို့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။
ဂျမေကာဘောလုံးအဖွဲ့ချုပ်ဟာ ဂရင်းဝုဒ်ကို သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကနေ လွတ်မြောက်ပြီးကတည်း က ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် သူကတော့ အင်္ဂလန်အသင်းက သူ့ကိုပြန်လည်ခေါ်ယူဖို့ မျှော်လင့်ချက်နဲ့ ဒါကို ကနဦးပယ်ချခဲ့တာပါ။
ဒါပေမယ့် ဂျမေကာအသင်းဟာ ယူနိုက်တက်အသင်း လက်ထောက်နည်းပြဟောင်း မက္ကလာရင်ကို နည်းပြသစ် အဖြစ် ခန့်အပ်မှုဟာ ဂရင်းဝုဒ်အပေါ် သက်ရောက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဂျမေကာအသင်းဟာ စက်တင်ဘာထဲမှာ ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး ဒီပွဲတွေ အတွက် အသင်းလူစာရင်းမှာ ဂရင်းဝုဒ်ကို ရွေးချယ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
ဂျမေကာအသင်းဟာ စက်တင်ဘာ ၆ ရက်မှာ ကျူးဘား၊ ၁၀ ရက်မှာ ဟွန်ဒူးရပ်စ်အသင်းတို့နဲ့ ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 4422
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၄
အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုက အသင်းခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ်ပလေးအော့ဖ်ပွဲတွေ မစတင်ခင် အသင်းအတွက် ပြန်ကစားနိုင်မယ်လို့ ပြောခဲ့ပါတယ်။
မာတီနိုက “မက်ဆီလေ့ကျင့်ခန်း ပြန်ဆင်းမယ့် ခန့်မှန်းခြေရက်ကို ကျနော်ပြောလို့ မရပေမယ့် အရမ်းကြီး ဝေးလွန်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ပတ်သက်တဲ့ ဒဏ်ရာတွေကို နည်းလမ်းနှစ်မျိုးနဲ့ ကျော်ဖြတ်ရမှာဖြစ်ပြီး သူဟာ ဒီလုပ်ငန်းစဉ်ကို ဖြတ်သန်းနေတယ်လို့ ကျနောထင်ပါတယ်။ သူဟာ ပိုကောင်း သထက် ပိုကောင်းနေပါပြီ။ မက်ဆီအနေနဲ့ မေဂျာလိဂ် ပုံမှန်ရာသီမှာ ပြန်ကစားနိုင်ဖွယ်ရှိပါတယ်”လို့ ပြောခဲ့ တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ မက်ဆီဟာ ပြီးခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားရင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီဒဏ်ရာ ရပြီးကတည်းက အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိဘဲ အနားယူ နေရတာပါ။
မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ လက်ရှိအချိန်မှာ ဒဏ်ရာက အနည်းငယ် သက်သာနေပြီဖြစ်တဲ့အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ဖို့ရှိနေတာပါ။
အဲဒါကြောင့် အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုက မက်ဆီဟာ မေဂျာလိဂ် ပုံမှန်ရာသီရဲ့ လက်ကျန်ပွဲစဉ် တွေထဲမှာ အနည်းဆုံးတစ်ပွဲတော့ ပါဝင်ကစားနိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ မက်ဆီဟာ သြဂုတ် ၃၁ ရက်မှာ အင်တာမိုင်ယာမီ အသင်းအတွက် ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့တာပါ။
မက်ဆီဟာ ဇွန်လ ၁ ရက်ကတည်းက အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်မကစားနိုင်ခဲ့ပေမယ့် အသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားမှာ ဒုတိယနေရာက စင်စင်နာတီအသင်းထက် ၅ မှတ်အသာနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲ ပါဝင်ကစားထားပြီး ၁၄ ဂိုး သွင်းယူထား တာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 2629
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၄
နာပိုလီအသင်းဟာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိသွားပြီလို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ လူကာကူအတွက် ယူရိုသန်း ၃၀၊ အပိုဆုကြေးတွေ အပါအဝင် နောက်ထပ် ယူရို ၁၅ သန်းနဲ့ နာပိုလီအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တာပါ။
လူကာကူဟာ နာပိုလီအသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အင်တာမီလန်အသင်းမှာ အတူလက်တွဲခဲ့တဲ့ နည်းပြဟောင်း ကွန်တီနဲ့ ပြန်လည် လက်တွဲ အလုပ်လုပ်ရတော့မှာ ဖြစ်ပါတယ်။
ကွန်တီကလည်း လူကာကူနဲ့ ထပ်ပြီးလက်တွဲချင်တာကြောင့် နာပိုလီအသင်းကို စတင်ကိုင်တွယ်ချိန်ကတည်းက လူကာကူကို ခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုခဲ့တာပါ။
နာပိုလီအသင်းဟာ လူကာကူကို ခေါ်ယူဖို့သဘောတူညီပြီးနောက် တိုက်စစ်မှူး အိုဆင်ဟမ်ကို ရောင်းချဖို့ လုပ်ဆောင်နေကာ သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ မရရှိသေးတာဖြစ်ပါတယ်။
လူကာကူနဲ့ကွန်နီကို တွေ့ရစဉ်
အိုဆင်ဟမ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေကြတာပါ။
လူကာကူဟာ ပြီးခဲ့တဲ့နှစ်ရာသီက စီးရီးအေကလပ်တွေဖြစ်တဲ့ အင်တာမီလန်နဲ့ ရိုးမားအသင်းမှာ အငှားကစားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ လူကာကူဟာ အီတလီထိပ်တန်းလိဂ်မှာ ဂိုးသွင်းမှတ်တမ်းကောင်းမွန်ခဲ့ပြီး ၁၂၉ ပွဲကစားခဲ့တာမှာ ဂိုး ၇၀ သွင်းယူထားတာပါ။
ချယ်လ်ဆီးအသင်းကို ၂၀၂၁ ခုနှစ်က ပေါင် ၉၇.၅ သန်းနဲ့ အင်တာမီလန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ လန်ဒန်ကလပ်အတွက် ၄၄ ပွဲပါဝင်ကစားပြီး ၁၅ ဂိုးသွင်းယူကာ ၂၀၂၂ ခုနှစ်၊မေကတည်းက အသင်းအတွက် ပါဝင်ကစားခြင်းမရှိတော့တာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 3988
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၄
ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူးဟောင်း ဘတ်ပီ မရှိပေမယ့် သူတို့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ပြင်သစ်လီဂူး-၁ ပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လီဂူး-၁ အဖွင့်ပွဲစဉ်မှာ လီဟာဗရီအသင်းကို ၄ ဂိုးသွင်းယူခဲ့ပြီး ဒုတိယပွဲစဉ်ဖြစ်တဲ့ မောင့်ပယ်လီယာအသင်းနဲ့ပွဲစဉ်မှာ ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဘတ်ပီမရှိဘဲ ရာသီသစ်ကို စတင်ခဲ့ရပေမယ့် လီဂူး-၁ ပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံး နိုင်ပွဲရယူထားနိုင်တာဖြစ်ပါတယ်။
မောင့်ပယ်လီယာအသင်းနဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ဂိုးတွေကို ဘာကိုလာက ၂ ဂိုး၊အဆန်စီယို၊ဟာကီမီ၊ဇိုင်ရီအမ်မရီနဲ့ လီကန်အင်တို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။
ပီအက်စ်ဂျီအသင်း ယှဉ်ပြိုင်နေစဉ်
ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က “ ၂ ပွဲပဲရှိပေမယ့် ကျနော်မြင်တွေ့ခဲ့ရတဲ့ အရာတွေအတွက် ကျေနပ်မိပါတယ်။ ဒါက ရာသီသစ်မှာ ကျနော်တို့ရဲ့ပထမဆုံး အိမ်ကွင်းပွဲဖြစ်တာကြောင့် အလွန် ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ပေးချင်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ ၆ ဂိုးသွင်းခဲ့ပေမယ့် ၁၀ ဂိုးသွင်းယူနိုင်ခဲ့သင့်တာပါ။ ကစားသမားတွေရဲ့စွမ်းဆောင်ရည်က မယုံနိုင်လောက်အောင်ပါပဲ”လို့ DAZN ကို ပြောခဲ့ပါတယ်။
ဒီနွေရာသီ အပြောင်းအရွှေ့ကမှ ဘင်ဖီကာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ဂျာအိုနေးဗက်စ်ဟာ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ၂ ဂိုးဖန်တီးခဲ့ပါတယ်။
ဂျာအိုနေးဗက်စ်ဟာ အဖွင့်ပွဲစဉ်မှာလည်း ၂ ဂိုးဖန်တီးခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းအတွက် လိဂ်ပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၄ ဂိုးဖန်တီးထားတာပါ။
ပီအက်စ်ဂျီအသင်းဟာ နိုင်ပွဲကြောင့် ပြင်သစ်လီဂူး-၁ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး မောင့်ပယ်လီယာအသင်းကတော့ ၂ ပွဲကစားအပြီးမှာ ၁ မှတ်သာရရှိထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူး-၁ တတိယမြောက်ပွဲစဉ်အဖြစ် စက်တင်ဘာ ၁ ရက်မှာ လိုင်လီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 3133
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၃
အာဂျင်တီးနားကြယ်ပွင့် ဒိုင်ဘားလားဟာ ရိုးမားအသင်းမှာ ဆက်ရှိမယ်လို့ ပြောလိုက်ပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကတ်ဆီယာအသင်းထံ ပြောင်းရွှေ့မယ်လို့ ရက်သတ္တပတ် ပေါင်းများစွာ ထွက်ပေါ်နေတဲ့ သတင်းတွေကို အဆုံးသတ်ခဲ့ပါတယ်။
အယ်လ်ကတ်ဆီယာအသင်းဟာ ဒိုင်ဘားလားကို ယူရို ၇၅ သန်း တန်ကြေးရှိ ၃ နှစ် စာချုပ်ကမ်းလှမ်းခဲ့တာကို အာဂျင်တီးနားကစားသမားက ပယ်ချခဲ့တယ်လို့ သတင်းအများအပြားက ဖော်ပြထားတာပါ။
ဒိုင်ဘားလားဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး မရေမရာ ဖြစ်နေတဲ့အချိန် ရိုးမားအသင်းမှာ ဆက်ရှိမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒိုင်ဘားလားဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရိုးမားအသင်းကြီးနဲ့ သီးခြားစီ လေ့ကျင့်ခဲ့ရပြီး စီးရီးအေအဖွင့်ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းက ချန်ခံခဲ့ရတာပါ။
ရိုးမားနဲ့ ဒိုင်ဘားလားတို့ရဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပေမယ့် ကစားသမားအနေနဲ့ ဒီရာသီမှာ အသင်းအတွက် အနည်းဆုံး ၁၅ ပွဲ ပါဝင်ကစားမယ်ဆိုရင် အလိုအလျောက် စာချုပ်သက်တမ်းတိုးလို့ ရမှာဖြစ်ပါတယ်။
ဒါအပြင် ဒိုင်ဘားလားဟာ ယူရို ၇.၅ သန်းအပြင် အပိုဆုကြေး ယူရို ၂ သန်းကိုပါ ရရှိမှာပါ။
ဒိုင်ဘားလားကို တွေ့ရစဉ်
ဒိုင်ဘားလားဟာ ၂၀၂၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ရိုးမားအသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပြီး အသင်းအတွက် ပါဝင်ကစားထားတဲ့ ၇၈ ပွဲမှာ ၃၄ ဂိုးသွင်းယူကာ ၁၇ ဂိုးဖန်တီးထားပါတယ်။
ရိုးမားအသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့အပတ်က အသင်းရဲ့ လေ့ကျင့်ရေး ကွင်းအပြင်ဘက်မှာ ဒိုင်ဘားလားကို ပြောင်းရွှေ့ခွင့်မပြုဖို့ ကလပ်အသင်းကို ဆန္ဒပြတိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ရိုးမားအသင်းမှာ ဆက်ရှိမယ်လို့ ဒိုင်ဘားလား ပြောခဲ့ပြီးနောက်မှာလည်း သူ့ရဲ့အိမ်အပြင်ဘက်မှာ စုရုံးနေကြတဲ့ ပရိသတ်တွေဟာ ပျော်ရွှင်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီရာသီမှာ ဆော်ဒီပရိုလိဂ်ကို တန်းတက်လာခဲ့တဲ့ အယ်လ်ကတ်ဆီယာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ စကတည်းက ဒိုင်ဘားလားကို ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့တာပါ။
အယ်လ်ကတ်ဆီယာအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်း နောက်ခံလူဟောင်း နာချိုနဲ့ အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း အူဘာမီယန်းတို့ကို ခေါ်ယူထားတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 2744
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၃
ရီးရယ်လ်အသင်း ဂိုးသမား ကော့တွိုက်စ်က လက်ရှိဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ တီဒက်စ်ကို လက်ထက်မှာ သူဟာ နိုင်ငံအသင်းအတွက် မကစားတော့ဘူးလို့ ပြောလိုက်ပါတယ်။
ကော့တွိုက်စ်က “ကျနော်ဟာ ဒီနည်းပြရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဘယ်လ်ဂျီယံအသင်းထံ ပြန်မလာဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ဒီကိစ္စမှာ ကျနော့်ရဲ့တာဝန်ကို ကျနော်လက်ခံပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ပရိသတ်အချို့ကို စိတ်ပျက် စေမိခဲ့တဲ့အတွက် ကျနော် နောင်တရပါတယ်။ ဒါပေမယ့်လည်း ဒါက ဘယ်လ်ဂျီယံအတွက် အကောင်းဆုံး လုပ်ဆောင်မှုလို့ ကျနော် ယုံကြည်ပါတယ်။ အသင်းအတွက်လည်း သူတို့သွားချင်တဲ့ ပန်းတိုင်ကို လျှောက်လှမ်းနိုင် ဖို့ အာရုံစိုက်နိုင်ပါတယ်”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
ကော့တွိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာကြောင့် ရီးရယ်လ်အသင်းရဲ့ ပွဲစဉ် အများအပြားကို လွဲချော်ခဲ့ပေမယ့် ရာသီပြီးဆုံးခါနီးမှာ ပြန်ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသင်းအတွက် ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။
ကော့တွိုက်စ်ဟာ ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် လက်စွမ်းပြသ နိုင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာပါ။
ကော့တွိုက်စ်ဟာ သူ့ကို ဘယ်လ်ဂျီယံအသင်း ခေါင်းဆောင်အဖြစ် မရွေးချယ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှု တွေဖြစ်ကာ အက်စ်တိုးနီးယားအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ မတိုင်ခင် နိုင်ငံအသင်း လူစာရင်းက ထွက်ခွာခဲ့ပါ တယ်။
ကော့တွိုက်စ်ကိုတွေ့ရစဉ်
ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုက ကော့တွိုက်စ်ဟာ အသင်းအတွင်း လေးစားမှုမရှိဘဲ လေ့ကျင့်ရေး စခန်းကနေ ထွက်ခွာသွားခဲ့တယ်လို့ ပြောခဲ့ပေမယ့် ကော့တွိုက်စ်က ငြင်းဆန်ပြီး သူဟာ ဒူးဒဏ်ရာကြောင့် ထွက်ခွာခဲ့ရတာလို့ ပြောခဲ့တာပါ။
အဲဒါကြောင့် တီဒက်စ်ကိုနဲ့ ကော့တွိုက်စ်တို့အကြားမှာ အဆင်မပြေမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်က စတင်ပြီး ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင်ကစားခြင်း မရှိတော့တာပါ။
ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းကို အရေးနိမ့်ကာ ၁၆ သင်းအဆင့်က ထွက်ခွာခဲ့ရပြီး နည်းပြ တီဒက်စ်ကိုဟာ ဒီပြိုင်ပွဲမှာ ကတ်စတီးလ်ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုသွား ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ကော့တွိုက်စ်ဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၀၂ ပွဲ ပါဝင်ကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 6531
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၃
အယ်လ်နာဆာအသင်းဟာ အယ်လ်ရေ့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျပြီး ရာသီသစ် အဖွင့်ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အယ်လ်ရေ့ဒ်အသင်းကို ပင်နယ်တီ ပြန်ပေးခဲ့ရတာကြောင့် သရေကျခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒုတိယပိုင်းမှာ အယ်လ်နာဆာအသင်းအတွက် ဒုတိယဂိုး ထပ်ပြီးသွင်းခဲ့ပေမယ့် VAR က စစ်ဆေး အပြီးမှာ လူကျွံတယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်ခဲ့လို့ အယ်လ်နာဆာအသင်း နိုင်ပွဲနဲ့ ဝေးခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ သူ့ရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တာနဲ့ အယ်လ်နာဆာအသင်း နိုင်ပွဲပျောက်ခဲ့လို့ ပွဲအပြီးမှာ စိတ်ပျက်နေခဲ့တာပါ။
ရော်နယ်ဒိုဟာ အယ်လ်ရေ့ဒ်အသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဆော်ဒီပရိုလိဂ်ပွဲပေါင်း ၄၈ ပွဲမှာ သွင်းဂိုး ၅၀ ပြည့်သွားခဲ့ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိပြီးကတည်းက ပြိုင်ပွဲစုံ ၇၃ ပွဲမှာ ၆၇ ဂိုးအထိ သွင်းယူထားသလို ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၃၅ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်၊ ဆော်ဒီဘုရင့်ဖလား ပြိုင်ပွဲတွေမှာ အယ်လ်ဟီလယ် အသင်းကို အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒါအပြင် အယ်လ်နာဆာအသင်းဟာ မကြာသေးခင်က ဆော်ဒီစူပါဖလားဗိုလ်လုပွဲမှာ အယ်လ်ဟီလယ်အသင်းကို ထပ်ပြီး အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် ရော်နယ်ဒိုဟာ ရာသီသစ်မှာ အယ်လ်နာဆာအသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့ ပေမယ့် အသင်းဟာ ရာသီသစ် အဖွင့်ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် ဒုတိယမြောက်ပွဲစဉ်အဖြစ် သြဂုတ် ၂၇ ရက်မှာ အယ်လ်ဖေဟာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 2347
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၃
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဆာဗတ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့ တောင်ပံကစားသမား ကိုးလ်ပါလ်မာကို ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်မှာပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကိုးလ်က တစ်ခုခု ခံစားခဲ့ရပေမယ့် သူ့ကိုကြည့်ရတာ အဆင်ပြေပါတယ်။ ဆေးအဖွဲ့က သူ့ကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးသွားပါပြီ။ ဘာပြဿနာမှမရှိဖို့နဲ့ တနင်္ဂနွေနေ့ ကစားမယ့် ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ သူ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းက ဆာဗတ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ပလေးအော့ဖ် ပထမ အကျော့ပွဲစဉ်မှာ ကိုးလ်ပါလ်မာဟာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲအပြီးမှာ ဥမင်ထဲကို တန်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၇ မိနစ်မှ လူစားလဲ ဝင်ရောက်လာခဲ့ပေမယ့် ညာဘက် တံကောက်ကြော ဒဏ်ရာကို ဆုပ်ကိုင်ထားတာ မြင်တွေ့ခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းအတွက် စိုးရိမ်စရာရှိခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲမတိုင်ခင် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို အပြည့်အဝ ပါဝင်နိုင်ဖွယ် ရှိ/မရှိကို သောကြာနေ့မှာ စစ်ဆေးမှုခံယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲဦးထွက်ရာသီမှာ ၂၅ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် မကြာသေးခင်က PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာ လက်ထက် ပထမဆုံးနိုင်ပွဲအဖြစ် ဆာဗက်အသင်းကို အနိုင်ရခဲ့ပေ မယ့် အီတလီလူမျိုးနည်းပြကတော့ ကစားသမားတွေ အနေနဲ့ သူ့ရဲ့စနစ်ကို သင်ယူဖို့အတွက် အချိန်လိုအပ်သေး တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ သြဂုတ် ၂၅ ရက်မှာ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင် ၃၀ ရက်မှာ ဆာဗတ် အသင်းနဲ့ ကွန်းဖရန့်လိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail