- By CNI
- Category: အားကစား
- Hits: 2553
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းက ဘိုဒိုဂီလင့်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း နည်းပြဘဝ ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပေမယ့် စိုးရိမ်မှုရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အာမိုရင်က “ကျနော် စိုးရိမ်မိပါတယ်။ ဘာကြောင့်လဲဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကို ကျနော်မသိပါဘူး။ လက်ရှိအချိန်မှာ ဘာမှထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ကွဲပြားခြားနားတဲ့ အရာတွေကို မြင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကစားသမားတွေကို ကျနော်မသိသလို အများကြီးလည်း အလုပ်အတူတွဲ မလုပ်ဖူးပါဘူး။ ပွဲကိုလည်း စိတ်လှုပ်ရှား နေသလို ပွဲထဲမှာလည်း ဘာတွေဖြစ်လာမလဲဆိုတာ မသိလို့ စိုးရိမ်ခဲ့မိပါတယ်”လို့ TNT Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဘိုဒိုဂီလင့်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။
နည်းပြသစ် အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်တဲ့ ဒုတိယမြောက်ပွဲမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဂါနာချိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘိုဒိုဂီုလင့်အသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။
ဒါပေမယ့် တိုက်စစ်မှူး ဟော့ဂျ်လန်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းပြီး ယူနိုက်တက်အသင်းကို နိုင်ပွဲရရှိ စေခဲ့တာပါ။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကို တွေ့ရစဉ်
အာမိုရင်ဟာ ဒီပွဲမှာ အစ်စဝှစ်ချ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ သူ့ရဲ့ပထမဆုံးပွဲစဉ်က ယူနိုက်တက်အသင်း ပွဲထွက် လူစာရင်းကို ၆ ဦးအထိ အပြောင်းအလဲပြုလုပ်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။
အာမိုရင်က ဘိုဒိုဂီလင့်အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ တိုးတက်လာမှုကို မြင်တွေ့ခဲ့ရပေမယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတွေကို အပြောင်းအလဲ ပြုလုပ်ဦးမယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်း ပရိသတ်တွေက သူ့အပေါ် အားပေးမှုတွေအတွက် ကျေနပ်နေပြီး သူတို့ကို စိတ်မပျက်အောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဘိုဒိုဂီလင့်အသင်းကို အနိုင်ရခဲ့ပြီးနောက် ယူရိုပါလိဂ်ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၁ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1844
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းဟာ ပြင်သစ်ကစားသမား အန်ကွန်ကူကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိတယ်လို့ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ပြီးခဲ့တဲ့ရက် အနည်းငယ်က ကျနော် အန်ကွန်ကူနဲ့ စကားပြောခဲ့ပါတယ်။ သူမပျော်ရွှင်ဘူးဆိုတဲ့ အကြောင်း မပြောခဲ့ပါဘူး။ သူဟာ ပွဲတွေ အများကြီး ကစားချင်တယ်ဆိုတာတော့ သေချာပါတယ်။ ကျနော်က သူ့ကို အသင်းမှာ ဆက်ရှိစေချင်သလို အသင်းဘက်ကလည်း သူ့ကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိပါတယ်။ ဇန်နဝါရီမှာ သူ့ကို ထွက်ခွာခွင့်ပြုဖို့ စိတ်ကူးမရှိပါဘူး”လို့ ပြောခဲ့တာပါ။
အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းမှာ ပွဲကစားချိန် နည်းပါးနေတာကြောင့် ထွက်ခွာချင်နေတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နွေရာသီက လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အန်ကွန်ကူဟာ ပွဲဦးထွက်ရာသီမှာ ဒဏ်ရာ တွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာပါ။
အန်ကွန်ကူဟာ ဒီရာသီမှာတေ့ာ့ ချယ်လ်ဆီးအသင်းအတွက် ပွဲအများအပြား ကစားနိုင်ဖို့ မျှော်လင့်နေခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ပွဲကစားခွင့်နည်းခဲ့ပြီး ဖလားပြိုင်ပွဲတွေမှာသာ ဦးစားပေး အသုံးပြုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အန်ကွန်ကူကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂျက်ဆန်ကိုသာ ပွဲထွက်လူစာရင်းမှာ အသုံးပြုတာကြောင့် အန်ကွန်ကူဟာ စိတ်ပျက်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။
ယူနိုက်တက်အသင်း အပါအဝင် အသင်းအချို့က အန်ကွန်ကူရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ချယ်လ်ဆီး အသင်းကို ကမ်းလှမ်းမှုပြုလုပ်ဖို့ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အန်ကွန်ကူ ထွက်ခွာမှာကို ငြင်းပယ်ပြီး အသင်းရဲ့ အစီအစဉ်မှာ သူပါဝင်တယ်လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားထားပြီး ၁၃ ဂိုး သွင်းယူထားတဲ့ အန်ကွန်ကူရဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 940
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ ခုနှစ်ရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို ၂၀၂၅ ခုနှစ် ရာသီအကုန်ထိရှိမယ့် ၁ နှစ် စာချုပ်သစ်ချုပ်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းကနေ ထွက်ခွာပြီးနောက် ၂၀၂၄ ခုနှစ် ရာသီ မစတင်ခင်မှာ အင်တာမိုင်ယာမီ အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။
ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီ အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၅ ဂိုးသွင်းယူကာ အသင်းကို မေဂျာလိဂ်ပြိုင်ပွဲမှာ စံချိန်တင်ရမှတ်နဲ့ Supporters’ Shield ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ ဆွာရက်ဇ်ကို စာချုပ်သစ်ချုပ်ပြီး ဆက်ထိန်းသိမ်းခဲ့တာပါ။

မက်ဆီနဲ့ ဆွာရက်ဇ်ကို တွေ့ရစဉ်
ဆွာရက်ဇ်က အင်တာမိုင်ယာမီအသင်းမှာ နောက်ထပ်တစ်နှစ် ဆက်ပြီးရှိရမှာ ဖြစ်တဲ့အတွက် ပျော်ရွှင်ပြီး လာမယ့်နှစ်မှာ ပရိသတ်တွေကို ပိုပြီးပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ စာချုပ်သစ် ကြေညာချိန်မှာ ပြောခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မကြာသေးခင်ကမှ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ မာတီနိုရဲ့နေရာမှာ အာဂျင်တီးနား ယူ-၂၀ အသင်းနည်းပြ မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
အဲဒါကြောင့် ဆွာရက်ဇ်ဟာ မက်ဆီနဲ့အတူ သူ့ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းဖြစ်တဲ့ မာရှေယာနိုနဲ့ အလုပ် အတူ ပြန်တွဲလုပ်ရမှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီး ဆွာရက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုပြီးနောက် အသင်းခေါင်းဆောင် မက်ဆီကိုလည်း နောက်ထပ် ၁ နှစ် စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် အသင်းသားတွေဟာ အားလပ်ရက် ရရှိနေပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ရာသီကြိုအတွက် ပြန်လည်ပူးပေါင်းရမှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ခုနှစ်ရာသီမှာ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ မေဂျာလိဂ်ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ၅ ခုအထိ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
- By CNI
- Category: အားကစား
- Hits: 1273
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈
လက်စတာအသင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းကို နည်းပြ သစ်အဖြစ်ခန့်အပ်မယ်လို့ ဘီဘီစီအပါအဝင် ဗြိတိန်မီဒီယာအများအပြားက ဖော်ပြထားပါတယ်။
အသက် ၄၈ နှစ်အရွယ်ရှိ နစ္စတယ်ရွိုင်းဟာ ချယ်လ်ဆီးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် လက်စတာ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ စတိဗ်ကူးပါးရဲ့နေရာမှာ နည်းပြသစ်အဖြစ် အစားထိုး ဝင်ရောက် ကိုင်တွယ်မှာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂ ပတ်အကြာမှာ ပရီးမီးယားလိဂ်ကို ပြန်လာပြီး နည်းပြချုပ်ရာထူးကို ရယူနိုင်တော့မှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့နွေရာသီက လက်ထောက်နည်းပြအဖြစ်နဲ့ ရောက်လာခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ထုတ်ပယ်ခံရအပြီးမှာ အသင်းကို ယာယီနည်းပြအဖြစ် ၄ ပွဲကိုင်တွယ် ခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ ယာယီနည်းပြအဖြစ်ယူနိုက်တက်အသင်းကို ၃ ပွဲနိုင်၊ ၁ ပွဲသရေရရှိအောင် ကိုင်တွယ် ပေးနိုင်ခဲ့ပြီးနောက် နည်းပြသစ် အာမိုရင်ရောက်ရှိလာချိန်မှာ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို အနိုင်ရလဒ်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ၃ ပွဲထဲမှာ ၂ ပွဲက လက်စတာအသင်းကို အနိုင်ရရှိခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို လက်ထောက်နည်းပြအဖြစ်နဲ့ မလာရောက်ခင်မှာ PSV အသင်းကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပါတယ်။
လက်စတာအသင်းဟာ ဒီရာသီ ပရီးမီးယား လိဂ်ပွဲစဉ် ၁၂ ပွဲကစားအပြီးမှာ အဆင့် ၁၆ နေရာရပ်တည်နေကာ တန်းဆင်းဇုန်နဲ့ ၁ မှတ်သာကွာဟနေတာပါ။ အဲဒါကြောင့် နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို တန်းဆင်းဇုန်နဲ့ ဝေးကွာအောင် ကိုင်တွယ်ပေးရတော့ မှာဖြစ်ပါတယ်။
လက်စတာအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နစ္စတယ်ရွိုင်းဟာ ဒီပွဲကို ကိုင်တွယ်နိုင်ဖွယ်မရှိသေးပါဘူး။
နစ္စတယ်ရွိုင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှသာ လက်စတာအသင်းကို နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်သွားဖို့ရှိနေတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1313
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈
လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အာနီဆလော့က အသင်းရဲ့ နှစ်ပေါင်းများစွာကြာ မက်ဒရစ်နာကျင်မှုကို အဆုံးသတ်နိုင်ခဲ့လို့ ဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။
အာနီဆလော့က “ချန်ပီယံလိဂ်ကို အကြိမ်ပေါင်းများစွာ ရယူထားတဲ့ အသင်းနဲ့ ကစားရတာဟာ ဘယ်လောက် ထူးခြားလဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ လီဗာပူးလ်အတွက်လည်း နှစ်ပေါင်းများစွာကြာ နာကျင်ခဲ့ရတာပါ။ ဒါက ကြီးမားတဲ့ ရက်သတ္တပတ်ဖြစ်ပြီး မြင်ရတာ အလွန်ကောင်းပါတယ်။ ဒီလိုပွဲကြီးပွဲကောင်းတွေကို အနိုင်ရတာက အမြဲတမ်းကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ၁၆ သင်းအဆင့်မှာ ရီးရယ်လ်နဲ့ ထပ်တွေ့ပြီး အနိုင်ယူနိုင်ခဲ့ရင် ပိုကြီးမားတဲ့ ကြေညာချက် ဖြစ်လာပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို မက်အလစ္စတာနဲ့ ဂတ်ပိုတို့က သွင်းယူခဲ့ကြပြီး ဘတ်ပီနဲ့ ဆာလက်တို့ ပင်နယ်တီလွဲချော်ခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းဟာ ရီးရယ်လ်အသင်းကို ၂၀၁၈ နဲ့ ၂၀၂၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေ အပါအဝင် နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၆ ကြိမ်စလုံး အနိုင်ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

လီဗာပူးလ်နဲ့ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
ဒီနိုင်ပွဲဟာ လီဗာပူးလ်အသင်းအတွက် ရီးရယ်လ်အသင်းကို ၂၀၀၉ ခုနှစ်နောက်ပိုင်း ၁၅ နှစ်အကြာမှ ပထမဆုံး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၅ ပွဲစလုံးကို ရာနှုန်းပြည့် နိုင်ပွဲရယူထားတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲတွေကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ နီးစပ် သွားခဲ့ပြီဖြစ်တာပါ။
ရီးရယ်လ်အသင်းကတော့ ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၃ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားကာ အဆင့် ၂၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရီးရယ်လ်အသင်း အနေနဲ့ နောက်တဆင့် တက်ရောက်နိုင်ဖို့အတွက် လက်ကျန် ၃ ပွဲစလုံး ရလဒ် ကောင်း ရယူနိုင်ဖို့ လိုအပ်နေပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက သူတို့နောက်တဆင့်ကို တက်ရောက် နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လီဗာပူးလ် အသင်းက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1291
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇
အာဆင်နယ်အသင်းဟာ လူငယ်ကြယ်ပွင့် နွမ်နရီကို အသင်းမှာ ကာလရှည်ကြာရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ နွမ်နရီဟာ အာဆင်နယ်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့သူဖြစ်ပြီး အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ အရေးပါတဲ့သူအဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။
အာဆင်နယ်အသင်းဟာ နွမ်နရီကို ဥရောပပြိုင်ဘက် အသင်းတွေရဲ့ စိတ်ဝင်စားမှု ခံရခြင်းကနေ ရှောင်ရှား ဖို့အတွက် ကာလရှည် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နွမ်နရီဟာ ဒီရာသီမှာ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းတွေကြောင့် ဥရောပကလပ်အသင်းအချို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာပါ။
နွမ်နရီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားပါတယ်။

နွမ်နရီကို တွေ့ရစဉ်
အသက် ၁၇ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းက နော်တင်ဟမ်ဖောရက်စ် အသင်းကို ၃ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံး ပရီးမီယားလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နွမ်နရီကို စာချုပ်သစ်အတွက် မကြာခင်မှာ သဘောတူညီမှု ရယူနိုင်ဖို့ မျှော်လင့်နေပြီး ကစားသမားကလည်း အသင်းမှာ ပျော်ရွှင်နေတာကြောင့် စာချုပ်သစ် အမြန်ဆုံးချုပ်ဆိုနိုင်ဖို့ ရှိနေပါတယ်။
နွမ်နရီဟာ အာဆင်နယ်အသင်းက စပို့တင်းလစ္စဘွန်းအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်အဖြစ် ပါဝင်ကစားသွားခဲ့တာပါ။
နွမ်နရီဟာ အင်္ဂလန်သက်တမ်းလိုက် အသင်းတွေမှာလည်း ခြေစွမ်းပြသနေပြီး လက်ရှိအချိန်မှာ အင်္ဂလန် ယူ-၁၉ အသင်းအတွက် ပါဝင်ကစားထားတဲ့ ၇ ပွဲမှာ ၆ ဂိုး သွင်းယူထားပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ နွမ်နရီကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပွဲကစားချိန် မိနစ်ပိုပြီးပေးနိုင်ဖို့ မျှော်လင့်ထားတာပါ။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နွမ်နရီဟာ လူစားဝင်အဖြစ်သာ ပါဝင်ရဖို့ရှိနေတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1225
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇
အာဂျင်တီးနား၊ လီဗာပူးလ်နဲ့ ဘာစီလိုနာအသင်း ကွင်းလယ်လူဟောင်း မာရှေယာနိုဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မာရှေယာနိုကို ၂၀၂၇ ခုနှစ် မေဂျာလိဂ်ရာသီ အကုန်ထိရှိမယ့် ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။
မာရှေယာနိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်နဲ့ အင်တာမိုင်ယာမီအသင်းကနေ ထွက်ခွာခဲ့တဲ့ နည်းပြ မာတီနိုရဲ့နေရာမှာ အစားထိုး ဝင်ရောက်ပြီး နည်းပြသစ်အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။
မာရှေယာနိုဟာ အင်တာမိုင်ယာမီအသင်းမှာ အာဂျင်တီးနားနဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းဖြစ်တဲ့ မက်ဆီနဲ့ ပြန်လည် လက်တွဲရတော့မှာပါ။
မာရှေယာနိုက “အင်တာမိုင်ယာမီလို ကလပ်တစ်ခုကို ဦးဆောင်ရမှာက ကျနော့်အတွက် ဂုဏ်ယူစရာဖြစ်ပြီး အခွင့်ထူးအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကျနော်ကြိုးစားသွားမယ်”လို့ ပြောခဲ့ပါတယ်။

မာရှေယာနိုကို တွေ့ရစဉ်
မာရှေယာနိုဟာ ဘာစီလိုနာသင်းနဲ့ လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ကစားသမား ဘဝမှာ ဆုဖလားပေါင်း ၂၁ ခုအထိ ရယူနိုင်ခဲ့တာပါ။
အာဂျင်တီးနားအသင်းအတွက် ပွဲပေါင်း ၁၄၇ ပွဲ ပါဝင်ကစားခဲ့တဲ့ မာရှေယာနိုဟာ ၂၀၂၀ ခုနှစ်မှာ ကစားသမား ဘဝကနေ အနားယူပြီးနောက် အာဂျင်တီးနား ယူ-၂၀ အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
မာရှေယာနိုဟာ ပြီးခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မာရှေယာနိုရဲ့ နည်းပြဘဝမှာ ပထမဆုံး ကလပ်ဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေ ရရှိအောင် ကိုင်တွယ်ပေးရတော့မှာပါ။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ခုနှစ်ရာသီမှာ ဖီဖာကလပ် ကမ္ဘာ့ဖလား၊ မေဂျာလိဂ်ပြိုင်ပွဲ အပါအဝင် ဖလားပြိုင်ပွဲ အချို့ကို ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 2241
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇
ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရော်နယ်ဒို၊ မက်ဆီတို့နဲ့အတူ သွင်းဂိုး ၁၀၀ ကျော်သွင်းယူနိုင်တဲ့ စာရင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းက ဘရက်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် သူ့ရဲ့ကစားသမားဘဝမှာ ချန်ပီယံလိဂ်သွင်းဂိုး ၁၀၁ ဂိုးအထိ ရှိလာခဲ့တာပါ။
အဲဒါကြောင့် ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၀၀ ကျော်တဲ့ တတိယမြောက် ကစားသမားအဖြစ် ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ အနောက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ၁၄၀ ဂိုးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၁၂၉ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

လီဝန်ဒေါစကီးကို တွေ့ရစဉ်
လီဝန်ဒေါစကီးက “ကျနော် အရမ်းကျေနပ်သလို အရမ်းလည်း ပျော်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီလို အထင်ကြီးစရာကောင်းတဲ့ ကိန်းဂဏန်းတွေ ကျနော် ရရှိမယ်ဆိုတာကို မယုံကြည်ဖူးပါဘူး။ ရော်နယ်ဒို၊ မက်ဆီတို့ နဲ့အတူ ဒီစာရင်းထဲကို ဝင်ရောက်ခွင့်ရတာဟာ အလွန်ကောင်းပါတယ်။ ကျနော့်အတွက် အရေးကြီးဆုံးက ပွဲတိုင်း ကို အနိုင်ရအောင် ကြိုးစားဖို့နဲ့ ကျနော့် ဂိုးသွင်းနိုင်ရင် ဒါက ပြီးပြည့်စုံတဲ့အဖြေပါ”လို့ Movistar ကို ပြောခဲ့ပါ တယ်။
အသက် ၃၆ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၉ ပွဲကစားထားတာမှာ ၂၂ ဂိုးအထိ သွင်းယူထားတာပါ။
ဘာစီလိုနာအသင်းဟာ ဘရက်စ်အသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိပုံစံကို ဆက်ထိန်းသိမ်းနိုင်ရင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မှာပါ။
လာလီဂါပြိုင်ပွဲမှာလည်း ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ် လိဂ်ပွဲစဉ်အဖြစ် လက်စ်ပါးမက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1819
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇
မန်စီးတီးအသင်းဟာ ဖီယင်နုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃ ဂိုးစီသရေကျပြီး နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နည်းပြ ဂွာဒီယိုလာက အသင်းအတွက် ခက်ခဲတဲ့ရာသီလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့အတွက် ခက်ခဲတဲ့ရာသီဖြစ်ပြီး အခြေအနေများစွာအတွက် ကျနော်တို့ ဒါကို လက်ခံ ရမှာပါ။ ကံမကောင်းစွာနဲ့ ပွဲကိုအဆုံးသတ်ခဲ့ရပြီး မှန်ကန်တဲ့အခိုက်အတန့်မှာ သူတို့ကို အပြစ်ပေးလို့မရခဲ့ပါဘူး။ အသင်းဟာ ဒီပွဲမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ တစ်ခုခုဖြစ်ပျက်နေချိန်မှာ ကျနော်တို့ဟာ လုံလောက်တဲ့ တောင့်တင်းမှုတွေမရှိခဲ့ပါဘူး။ ကျနော်တို့ဟာ ကြိုးစားပြီး အမှားတွေကိုရှောင်ရမယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဟာလန်းရဲ့သွင်းဂိုး၂ ဂိုး၊ဂွန်ဒိုဂန်ရဲ့သွင်းဂိုးနဲ့ ပွဲချိန်မိနစ် ၇၀ ကျော်အထိ ဖီယင်နု အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ ပွဲပြီးခါနီးတွေမှာ ဖီယင်နုအသင်းကို ချေပဂိုး ၃ ဂိုးဆက်တိုက်ပြန်ပေးခဲ့ရတာကြောင့် သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

မန်စီးတီး အသင်းဟာ ဖီယင်နုအသင်းနဲ့ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲစလုံးအရေးနိမ့်ခဲ့ပြီး ဒီပွဲမှာလည်း နိုင်ပွဲ မရခဲ့တဲ့အတွက် ၆ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဖီယင်နုအသင်းနဲ့ သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၅ နေရာအထိ ရောက်ရှိသွားခဲ့တာပါ။
မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ချင်တယ်ဆိုရင် ချန်ပီယံလိဂ်လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းရယူ နိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
ရလဒ်တွေဆိုးရွားနေတဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ အရေးနိမ့်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ် ၁၁ မှတ်အထိ ကွာဟသွားတော့မှာဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ သူတို့အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 2148
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆
လက်စတာအသင်းဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြ စတိဗ်ကူးပါးရဲ့ နေရာမှာ အစားထိုးဖို့အတွက် ပရီးမီးယားလိဂ် နည်းပြဟောင်းတွေဖြစ်တဲ့ ဂရေဟမ်ပေါ်တာ၊ ဒေးဗစ်မိုယက်စ်နဲ့ နစ္စတယ်ရွိုင်းတို့ကို စဉ်းစားနေပါတယ်။
လက်စတာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ပြီး အမှတ်ပေးဇယားအဆင့် ၁၆ နေရာအထိ ရောက်ရှိနေခဲ့တာကြောင့် နည်းပြ စတိဗ်ကူးပါးကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
စတိဗ်ကူးပါးဟာ ပြီးခဲ့တဲ့နွေရာသီကမှ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာသွားခဲ့တဲ့ မာရက်စ်ကာရဲ့ နေရာကို ဝင်ရောက်ပြီး လက်စတာအသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
စတိဗ်ကူးပါးဟာ လက်စတာအသင်းကို ပရီးမီးယားလိဂ် ၁၂ ပွဲ ကိုင်တွယ်ခဲ့တာမှာ နိုင်ပွဲ ၂ ပွဲသာ ရယူပေး နိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်း နည်းပြဟောင်း ပေါ်တာနဲ့ ယူနိုက်တက်အသင်း ယာယီနည်းပြဟောင်း နစ္စတယ်ရွိုင်းတို့ဟာ စတိဗ်ကူးပါးရဲ့ နေရာကို အစားထိုးဝင်ရောက်ပြီး လက်စတာအသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ ရေပန်း အစားဆုံး ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လက်စတာအသင်းကို တွေ့ရစဉ်
ဂရေဟမ်ပေါ်တာဟာ အရင်က လက်စတာအသင်းရဲ့ ချဉ်းကပ်မှု ၂ ကြိမ်စလုံးကို ငြင်းပယ်ထားခဲ့ပြီး နောက်ထပ် ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ဖွယ်ရှိနေတာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျကာ ရှုံးပွဲမရှိခဲ့ပေမယ့် နည်းပြသစ် အာမိုရင်ရောက်ရှိလာချိန်မှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ လက်ရှိအချိန်မှာ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ဖို့ စိတ်အားထက်သန်နေတာပါ။
ယူနိုက်တက်၊ အဲဗာတန်နဲ့ ဝက်စ်ဟမ်းအသင်း နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကလည်း လက်စတာအသင်း နည်းပြသစ် ဖြစ်လာနိုင်မယ့် သူတွေထဲက တစ်ဦးအဖြစ်ရှိနေပါတယ်။
လက်စတာအသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ဝက်စ်ဘရွမ်းအသင်းနည်းပြ ကော်ဘီရန်၊ မယ်ဒယ် ဘရော့အသင်းနည်းပြ ကာရစ်နဲ့ ကိုဗင်ထရီအသင်း နည်းပြဟောင်း မာခ့်ရော်ဘင်တို့လည်း ပါဝင်နေတာပါ။
လက်စတာအသင်းဟာ ဒီအပတ်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ နည်းပြသစ်ခန့်အပ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
