
- By CNI
- Category: အားကစား
- Hits: 527
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁
မန်စီးတီးနဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုဟာ မုဒိမ်းမှုကြောင့် သူ့ရဲ့ဇာတိ ဘရာဇီးလ်နိုင်ငံမှာ ထောင်ဒဏ် ၉ နှစ် ကျခံရမယ်လို့ တရားရုံးက ပြောခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်ဘင်ဟိုဟာ ၂၀၁၃ ခုနှစ်က အယ်လ်ဘေးနီးယား အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုမှာ အပြစ်ရှိတယ်လို့ အီတလီတရားရုံးက ၂၀၁၇ ခုနှစ်က ဆုံးဖြတ်ခဲ့တာပါ။
ဒါပေမယ့် ရော်ဘင်ဟိုဟာ ဘရာဇီးလ်မှာ နေထိုင်နေတာကြောင့် ပြစ်ဒဏ်ကျခံရခြင်း မရှိခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ အီတလီအာဏာပိုင်တွေရဲ့ တောင်းဆိုမှုကြောင့် ရော်ဘင်ဟိုကို ဘရာဇီးလ်မှာ ပြစ်ဒဏ်ကျခံဖို့ ဘရာဇီးလ် တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ဒီစီရင်ချက်အတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ အယူခံဝင်မှုကို ဆိုင်းငံ့ထားတာကြောင့် ရော်ဘင်ဟို ဟာ ပြစ်ဒဏ်ကျခံရမှာ မဟုတ်သေးပါဘူး။
ရော်ဘင်ဟိုကို တွေ့ရစဉ်
ဘရာဇီးလ်လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၀၀ ပါဝင်ကစားခဲ့တဲ့ ရော်ဘင်ဟိုဟာ မုဒိမ်းမှုစွပ်စွဲခံရချိန်က အေစီမီလန်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။
ရော်ဘင်ဟိုဟာ အီတလီတရားရုံးက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ကို ၂၀၂၀ ခုနှစ်က အယူခံဝင်ခဲ့တာမှာ အရေးနိမ့်ခဲ့ပြီး နောက် ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာပါ။
အီတလီအစိုးရရှေ့နေတွေဟာ ရော်ဘင်ဟိုကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းမှာ ၂ ရာသီကြာ ကစားခဲ့တဲ့ ရော်ဘင်ဟိုက ဒီလိင်ဆက်ဆံမှုဟာ သဘောတူညီမှုကြောင့် ဖြစ်ခဲ့တာဖြစ်ပြီး မျှတမှုမရှိတဲ့ ပြစ်ဒဏ်ချခံခဲ့ရတယ်လို့ ပြောခဲ့တာပါ။
ရော်ဘင်ဟိုဟာ မန်စီးတီးအသင်းထံ မပြောင်းရွှေ့ခင် ရီးရယ်လ်အသင်းမှာ ၄ ရာသီကြာ ကစားခဲ့ပြီး လာလီဂါ ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဘရာဇီးလ် ကစားသမားဟောင်းဟာ မန်စီးတီးအသင်းမှာ ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် ၂ ရာသီကြာကစားပြီး အေစီမီလန်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ရော်ဘင်ဟိုဟာ အေစီမီလန်အသင်းက ထွက်ခွာပြီးနောက် ဂွမ်ကျိုး၊ အသလက်တီကိုမင်နဲရိုး၊ ဆီဗာစပေါ်၊ အစ္စတန်ဘူလ်အသင်းတွေထံ ပြောင်းရွှေ့ကာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 418
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁
ပေါ်တူဂီအသင်းနောက်ခံလူ ကန်ဆယ်လိုက အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ နိုင်ငံအသင်းမှာ အဓိကကျတဲ့သူ မဟုတ်တော့ဘဲ သူ့ရဲ့အကောင်းဆုံး အချိန်တွေ ကျန်ခဲ့ပြီလို့ ပြောခဲ့ပါတယ်။
ကန်ဆယ်လိုက “ရော်နယ်ဒိုဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး ဘောလွန်းဒီအောဆုအတွက် မက်ဆီနဲ့ ၁၅ နှစ်ကြာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးသမားတစ်ဦးရဲ့ အကောင်းဆုံးအချိန်က အသက် ၂၅ နှစ်ကနေ ၃၂ နှစ်ကြားပါ။ သူဟာ ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမားဖြစ်ပေမယ့် နိုင်ငံအသင်းဟာ သူ့အပေါ်မှာ လုံးဝ မှီခိုခြင်းမရှိတော့ဘူး”လို့ RTP ကို ပြောသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသက် ၃၉ နှစ် အရွယ်ရှိပြီဖြစ်ပေမယ့် ပေါ်တူဂီအသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသက် ၄၁ နှစ် အရွယ်ရှိ ပီပီနဲ့အတူ ဦးဆောင်ဖို့ ရှိနေတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၁၀ ဂိုးသွင်းပြီး နိုင်ငံအသင်းကို ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် ကန်ဆယ်လိုကတော့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ အစီအစဉ်တွေမှာ အဓိကကျတဲ့သူ မဟုတ်တော့ဘူးလို့ ပြောလာခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
၂၀၀၃ ခုနှစ်ကတည်းက ပေါ်တူဂီအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် ၂၀၅ ပွဲ ပါဝင်ကစားထားပြီး ၁၂၈ ဂိုးသွင်းယူကာ ကမ္ဘာ့ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း ယူရို ၂၀၁၆ ဆုဖလားနဲ့ ၂၀၁၈-၁၉ UEFA နေးရှင်းလိဂ်ဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုဟာ အသက်အရွယ်ကြောင့် နိုင်ငံအသင်းကနေ အနားယူဖို့ နီးစပ်လာပြီလည်းဖြစ်တာပါ။
အဲဒါကြောင့် ပေါ်တူဂီအသင်းဟာ လာမယ့်ခြေစမ်းပွဲတွေအတွက် ဂျိုတာဆေးလ်ဗားနဲ့ ကွန်ဆီကာအိုတို့လို လူငယ်ကြယ်ပွင့်တွေကို အသင်းလူစာရင်းထဲ ခေါ်ယူထားတာဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဆွီဒင်အသင်းနဲ့ ခြေစမ်းပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ဆလိုဗေးနီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ နိုင်ငံအသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 545
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၁
အင်္ဂလန်အသင်းကြီး လူစာရင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတဲ့ ယူနိုက်တက်အသင်းကြယ်ပွင့် ကိုဘီမိုင်နူးက နိုင်ငံအသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာပါဝင်ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။
ကိုဘီမိုင်နူးက “တကယ်ကို ရူးသွပ်ဖို့ကောင်းတဲ့ နေ့ရက်တွေဖြစ်ပြီး အသင်းကြီးမှာ ရှိနေရတာဟာ အံ့သြစရာ ကောင်းပါတယ်။ ကျနော်တုန်လှုပ်မိပြီး ပျော်လည်းပျော်ရွှင်ပါတယ်။ ယူရိုလူစာရင်းမှာ ပါဝင်နိုင်ဖို့က ကျနော့်ရဲ့ ရည်မှန်းချက်ပါပဲ။ ကြားထဲမှာတော့ အချိန်တွေ အများကြီးရှိနေတာကြောင့် ကလပ်ကိုပြန်ရောက်ရင် အကောင်း ဆုံးစွမ်းဆောင်ပြီး လုပ်စရာရှိတာတွေ လုပ်မယ်ဆိုရင် ယူရိုလူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောပါ တယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုဘီမိုင်နူးဟာ အစောပိုင်းက အင်္ဂလန် ယူ-၂၁ အသင်း လူစာရင်းမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ခြေစမ်းပွဲကစားမယ့် လူစာရင်းထဲ ကိုဘီမိုင်နူးကို ထည့်သွင်းလာခဲ့တာပါ။
ကိုဘီမိုင်နူးကို တွေ့ရစဉ်
အသက် ၁၈ နှစ်အရွယ်ရှိ ကိုဘီမိုင်နူးဟာ ဒီခြေစမ်းပွဲတွေမှာ အင်္ဂလန်အသင်းကြီး ကစားသမားဘဝ ပထမဆုံး ပွဲစဉ်အဖြစ် ပါဝင်ခွင့်ရလာဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အကယ်ဒမီ ထွက်ကစားသမားကတော့ နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန် အသင်းလူစာရင်းမှာ ရွေးချယ်ခံရပြီး ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ကိုဘီမိုင်နူးရဲ့ မိဘတွေဟာ ဂါနာလူမျိုးတွေ ဖြစ်ပေမယ့် သူကတော့ ငယ်ငယ်လေးကတည်းက အင်္ဂလန်အသင်း အတွက် ပါဝင်ကစားနိုင်ဖို့ အမြဲတမ်း အိပ်မက်ရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါအပြင် ကိုဘီမိုင်နူးက ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒင်ဟိုကို နှစ်သက်တယ်လို့လည်း ပြောခဲ့တာပါ။
ကိုဘီမိုင်နူးက “ဘရာဇီးလ်က အထင်ကရ အသင်းဖြစ်ပြီး သူတို့နဲ့ ကစားရမှာက အံ့သြစရာကောင်းပါတယ်။ ရော်နယ်ဒင်ဟိုဆိုရင် သူ့မျက်နှာမှာ အပြုံးတွေနဲ့ ဘောလုံးကစားခဲ့ပါတယ်။ အားလုံးက ရော်နယ်ဒင်ဟိုကို ချစ်တယ်လို့ ကျနော်ထင်ကြောင်း”ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ခြေစမ်းပွဲတွေအဖြစ် မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ဝင်ဘာလေ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀
လာမယ့်ရက်ပိုင်းအတွင်း ပြုံယမ်းမှာကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) ပွဲစဉ်အတွက် မြောက်ကိုရီးယားနိုင်ငံကို မသွားကြဖို့ ဘောလုံးပရိသတ်တွေကို ဂျပန်သတိပေးခဲ့ပါတယ်။
တိုကျိုနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်မှာ ကစားမယ့် မြောက်ကိုရီးယားနဲ့ ဂျပန်အသင်းပွဲကို တက်ရောက်ကြည့်ရှုတာ ရှောင်ကြဖို့ ပြည်သူတွေကို အလေးအနက် တောင်းဆိုခဲ့တာပါ။
ဒီပွဲဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံမှာ ကစားမယ့် ၂ သင်းစလုံးရဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပါတယ်။
ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့ဟာ တိုကျိုမှာ အရင်ကစားရမှာဖြစ်ပြီး ဒီပွဲပြီးမှ ပြုံယမ်းမှာ သွားရောက် ကစားရမှာပါ။
ဂျပန်ဟာ သူတို့နိုင်ငံသားတွေကို မြောက်ကိုရီးယားနိုင်ငံထံ မသွားဖို့ အကြံပြုထားပေမယ့် ဒီလိုပြုလုပ်ခြင်းမပြုဖို့ တားမြစ်ထားတာတော့ မရှိပါဘူး။
ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ သံတမန်ဆက်ဆံရေး မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား အလံကို တွေ့ရစဉ်
ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံကို ခရီးသွားဖို့ ကြိုးစားတဲ့ ပရိသတ်တွေ ဘယ်လောက်ရှိလဲဆိုတာ မသိရသေး သလို ဒီလိုသွားနိုင်ဖို့ဆိုရင် သူတို့တွေဟာ မြောက်ကိုရီးယား ဗီဇာလိုအပ်တာပါ။
မြောက်ကိုရီးယားအသင်းနဲ့ ပွဲအတွက် ဂျပန်အသင်းနဲ့အတူ အစိုးရအရာရှိ ၁၄ ဦး လိုက်ပါသွားမှာဖြစ်ပြီး မီဒီယာ အနည်းစုလည်း ပါဝင်မယ်လို့ NHK က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်အဖြစ် မြောက်ကိုရီးယားနဲ့ ဂျပန် အသင်းတို့ ကစားခဲ့တာမှာ မြောက်ကိုရီးယားနိုင်ငံမှာ မကျင်းပဘဲ ကြားကွင်းအဖြစ် ဆော်ဒီနိုင်ငံကို ပြောင်းရွှေ့ပြီး ကျင်းပခဲ့ရတာပါ။
အဲဒါကြောင့် အမျိုးသားပွဲစဉ်ကိုလည်း ကြားကွင်းပြောင်းရွှေ့ပြီး ကျင်းပနိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဂျပန်အသင်းက ပြုံယမ်းမှာ ကစားမယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နဲ့ မြောက်ကိုရီးယား အသင်းတို့ရဲ့ ခြေစစ်ပွဲအုပ်စုပွဲစဉ် ပထမအကျော့ကို မတ်လ ၂၁ ရက်မှာ ကျင်းပသွားမှာ ပါ။
၂ သင်းစလုံးဟာ ခြေစစ်ပွဲအုပ်စုပွဲစဉ် ၂ ပွဲ ကစားထားပြီး ဂျပန်အသင်းက ၂ ပွဲစလုံး အနိုင်ရကာ မြောက်ကိုရီးယား အသင်းက ၁ ပွဲနိုင် ၁ ပွဲရှုံးနိမ်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 435
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀
အေစီမီလန်အသင်းတိုက်စစ်မှူး ဂီရော့ဒ်ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ မေဂျာလိဂ်ကလပ် LAFC အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပြီး ကစားသမားကလည်း ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။
ဂီရော့ဒ်နဲ့ အေစီမီလန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာပါ။
ပြင်သစ်တိုက်စစ်မှူးဟာ အခြား မေဂျာလိဂ်ကလပ် အသင်းတွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် LAFC အသင်းထံ ပြောင်းရွှေ့ဖို့ကို ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပြီး သဘောတူညီမှု ရယူနိုင်ဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။
LAFC အသင်းဟာ ၂၀၂၄ မေဂျာလိဂ်ရာသီသစ် မစတင်ခင်က ဂီရော့ဒ်ရဲ့ ပြင်သစ်အသင်းဖော်ဟောင်း ဟူဂိုလိုရစ်ကို ခေါ်ယူထားတာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ဂီရော့ဒ်ဟာ အေစီမီလန်အသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပြီး ၂၀၂၁-၂၂ ရာသီက စီးရီးအေ ဖလား ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဂီရော့ဒ်ကို တွေ့ရစဉ်
ဂီရော့ဒ်ဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ခြေစွမ်းပြသနေပြီး စီးရီးအေ ၂၆ ပွဲ ကစားထားတာမှာ ၁၂ ဂိုး သွင်းယူပြီး ၈ ဂိုးဖန်တီးထားတာပါ။
ပြင်သစ်တိုက်စစ်မှူးဟာ အေစီမီလန်အသင်းထံ မပြောင်းရွှေ့ခင် ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ ပြင်သစ်ကလပ် အများအပြားမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
LAFC အသင်းဟာ နောက်ဆုံး ၂ ရာသီဆက်တိုက် MLS Cup ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီး ၂၀၂၂ ရာသီမှာ ချန်ပီယံဆု ကို ရယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ရာသီကတော့ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာပါ။
LAFC အသင်းဟာ ဒီရာသီ မေဂျာလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အနောက်ပိုင်းဇုန် အမှတ်ပေး ဇယားမှာ အဆင့် ၁၀ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
LAFC အသင်းဟာ မတ်လ ၂၃ ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် နက်ရှ်ဗီလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဂီရော့ဒ်ကတော့ လက်ရှိအချိန်မှာ ဂျာမနီ၊ ချီလီအသင်းတို့နဲ့ ခြေစမ်းပွဲကစားမယ့် ပြင်သစ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 422
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀
ရီးရယ်လ်အသင်းဂိုးသမား ကော့တွိုက်စ်ဟာ လေ့ကျင့်ရေးကွင်းမှာရရှိခဲ့တဲ့ ဒူးဒဏ်ရာအသစ်ကြောင့် ရာသီအကုန် ထိ အနားယူရဖွယ်ရှိနေပါတယ်။
ကော့တွိုက်စ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်က ဒူးအရွတ်ဒဏ်ရာရရှိခဲ့လို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး မကြာသေးခင်ကမှ ရီးရယ်လ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ကော့တွိုက်စ်ကို မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကော့တွိုက်စ်ဟာ ဒဏ်ရာထပ်ပြီး ရရှိသွားခဲ့လို့ ဒီရာသီ လက်ကျန်ပွဲစဉ်တွေမှာ ရီးရယ်လ်အသင်း အတွက် ပါဝင်နိုင်ဖွယ်မရှိတော့ပါဘူး။
ဘယ်လ်ဂျီယံ ဂိုးသမားဟာ ဒဏ်ရာကြောင့် လေ့ကျင့်ရေးကွင်းကနေ မျက်ရည်တွေနဲ့ ထွက်ခွာသွားခဲ့တယ်လို့ ESPN က ဖော်ပြထားတာပါ။
ကော့တွိုက်စ်ဟာ ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရဖွယ်ရှိလို့ ဘယ်လ်ဂျီယံအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကို လွဲချော်ဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
ကော့တွိုက်စ်ကို တွေ့ရစဉ်
ကော့တွိုက်စ်ကတော့ ဒဏ်ရာကြောင့် ဝမ်းနည်းမိပေမယ့် အရင်ကထက် ပိုပြီးသန်မာစွာနဲ့ ပြန်လာခဲ့မယ်လို့ ပြောထားခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီအစပိုင်းမှာ ကော့တွိုက်စ်ရဲ့ ဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းဂိုးသမား ကီပါကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ကီပါထက် အသင်းရဲ့ ဒုတိယဂိုးသမား လူနင်ရဲ့ လက်စွမ်းကို ပိုပြီးနှစ်သက်နေတာ ပါ။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ လူနင်ကိုသာ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့ပြီး အသင်းကလည်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် ၂ နေရာက ဘာစီလိုနာအသင်းကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။
ရီးရယ်လ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး မတ် ၃၁ ရက်မှာ ဘီလ်ဘာအိုအသင်းနဲ့ စပိန်လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 454
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဒီရာသီမှာ အသင်းနဲ့အတူ FA ဖလားရယူနိုင်ဖို့နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “လက်ကျန်ရာသီအတွက် ကျနော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းထဲဝင်ဖို့နဲ့ FA ဖလားကို ရယူနိုင်အောင် ကြိုးစားဖို့ပါ။ ရာသီအကုန်ထိ ဒီရည်မှန်းချက် ၂ ခုကို ရယူနိုင်ဖို့အတွက် ကျနော်တို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ FA ဖလားဟာ ကလပ်အတွက်ရော နိုင်ငံအတွက်ပါ ကြီးမားတဲ့ ဆုဖလားပါ။ ကျနော်တို့ ဗိုလ်လုပွဲကို တက်ချင်ပါတယ်။ ဒါဟာ ခက်ခဲမယ်ဆိုတာ သိပေမယ့် ဗိုလ်လုပွဲကို ရောက်ဖို့ အတွက် အရာအားလုံးကို လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်နေပြီး FA ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ်တာကြောင့် ရလဒ်တွေဟာ ကောင်းမွန်မှုမရှိခဲ့တာပါ။
ဘရူနိုကို တွေ့ရစဉ်
အဲဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့ ထွက်ခွာခဲ့ရသလို ကာရာဘောင်းဖလား ပြိုင်ပွဲမှာလည်း စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက်တော့ FA ဖလားဟာ ဒီရာသီမှာ ရယူနိုင်စရာ တစ်လုံးတည်းသော ဆုဖလားဖြစ်နေ တာကြောင့် ဘရူနိုဖာနန်ဒက်စ် အပါအဝင် တစ်သင်းလုံးက ဒီဆုဖလားကို အရယူချင်နေကြတာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၁၀ ပွဲ ကျန်ရှိနေသေးပေမယ့် အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၉ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ ခက်ခဲနိုင်ပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ အဆင့် ၄ အတွင်းဝင်ပြီး ရာသီအဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မတ် ၃၀ ရက်မှာ ဘရန်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး FA ဖလားပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကိုဗင်ထရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 459
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၉
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ မတ်လ ၂၁ ရက်မှာ ကစားမယ့် ဆွီဒင်အသင်းနဲ့ ခြေစမ်းပွဲအတွက် ပေါ်တူဂီအသင်း လူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။
ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်ဟာ ရော်နယ်ဒိုကို အသင်းရဲ့ ပဏာမလူစာရင်း ၃၂ ဦးထဲ ထည့်သွင်းခဲ့ပေမယ့် ဆွီဒင်အသင်းနဲ့ပွဲအတွက် ၂၄ ဦးစာရင်းမှာ အယ်လ်နာဆာ အသင်းခေါင်းဆောင် မပါဝင်တော့တာပါ။
ဆွီဒင်အသင်းနဲ့ပွဲမှာ ရော်နယ်ဒို အပြင် ဒါလော့၊ ကန်ဆယ်လို၊ ပါရဲရား၊ အော်တာဗီယို၊ ရူဘင်နာဗက်စ်၊ ဗီတင်ဟာနဲ့ ဂျာအိုဖီးလစ်တို့လည်း မပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့တွေဟာ ဆွီဒင်အသင်းနဲ့ ပွဲအပြီး ဆလိုဗေးနီးယားအသင်းနဲ့ ကစားမယ့်ပွဲအတွက် နိုင်ငံအသင်းထံ ပြန်ရောက်လာမယ်လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အာလီအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။
ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ ဆော်ဒီမှာ အပန်းဖြေ အနားယူနေတာကြောင့် ဆွီဒင်အသင်းနဲ့ ပွဲစဉ်ကို မပါဝင်နိုင်တာလို့ ESPN က ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရော်နယ်ဒိုဟာ ၂၃ ဂိုး သွင်းယူထားပြီး လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာပါ။
၂၀၀၃ ခုနှစ်မှာ ပေါ်တူဂီအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် ၂၀၅ ပွဲ ပါဝင်ကစားထားပြီး ၁၂၈ ဂိုး သွင်းယူကာ နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင် ထားပါတယ်။
ပေါ်တူဂီအသင်းဟာ မတ် ၂၆ ရက်မှာ ဆလိုဗေးနီးယားအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 344
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၉
ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် အနီကတ်ပြ ထုတ်ပယ် ခံရပြီးနောက် ၃ ပွဲ ပယ်ခံရဖွယ်ရှိနေပါတယ်။
ဇာဗီဟာ ဘာစီလိုနာအသင်းက အသလက်တီကိုအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာပါ။
စပိန်လူမျိုးနည်းပြဟာ ကန့်ကွက်မှုတွေကြောင့် ကနဦး အဝါကတ် ပြသခံခဲ့ရပေမယ့် ကွင်းဘေးစည်းမှာ ဆက်ပြီး ဒေါသထွက်နေတာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့ အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဇာဗီဟာ တိုက်ရိုက်အနီကတ်ကြောင့် ၂ ပွဲပယ် ပြစ်ဒဏ်ကျခံရမှာပါ။
ဒါပေမယ့် ဇာဗီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် အနီကတ်ပြသ ခံခဲ့ရတဲ့အတွက် လိဂ်က သူ့ကို နောက်ထပ် ၁ ပွဲ ထပ်တိုး ပွဲပယ်ပြစ်ဒဏ် ချမှတ်နိုင်တယ်လို့ Diario Sport က ဖော်ပြခဲ့ပါတယ်။
ဇာဗီကို တွေ့ရစဉ်
ဇာဗီအနေနဲ့ ၃ ပွဲပယ်ခံရမယ်ဆိုရင် ဧပြီ ၂၁ ရက်မှာ ကစားရမယ့် ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ ပွဲစဉ်ကို ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ရှုရတော့မှာပါ။ ဇာဗီဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ အဝါကတ် ၂၄ ကတ် ပြသခံခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီအကုန်မှာ နည်းပြရာထူးက ဇာဗီထွက်ခွာမယ်လို့ ကြေညာပြီးနောက်ပိုင်း ကစား ခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိထားပြီး စပိန်လာလီဂါ အမှတ်ပေးဇယားအဆင့် ၂ နေရာကို တက်နိုင်ခဲ့တာပါ။
ဒါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး မတ် ၃၀ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါးမက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘာစီလိုနာအသင်းဟာ ဒီပွဲအပြီး ဧပြီ ၁၀ ရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ပီအက်စ်ဂျီ အသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 350
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁၉
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တာကြောင့် ၄ မှတ် လျှော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၂၀၂၂-၂၃ ရာသီက ပေါင် ၆၁ သန်းအထိ အရှုံးပြခဲ့ပြီး ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ တစ်ရာသီပေါင် ၃၅ သန်းထက် ပိုပြီးအရှုံးပြခဲ့တာကြောင့် ရမှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ ရတာပါ။
အဲဒါကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၁၈ တန်းဆင်းဇုန်ထဲကို ကျရောက်သွား ခဲ့ပြီး လူတန်အသင်းက အဆင့် ၁၇ နေရာကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ် အသင်းကတော့ ဒီဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ တာပါ။
ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာက ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်လို့ အဲဗာတန်အသင်းကို ၁၀ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ပြီးနောက် ဒုတိယမြောက်အသင်းအဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းကို ရမှတ်လျှော့ပြစ် ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းကို တွေ့ရစဉ်
အဲဗာတန်အသင်းကတော့ ဒီရမှတ် လျှော့ပြစ်ဒဏ်ကို အယူခံဝင်ခဲ့တာမှာ ၁၀ မှတ်ကနေ ၆ မှတ်အထိ လျှော့ချပေး ခြင်း ခံခဲ့ရတာပါ။
နော်တင်ဟမ်ဖောရက်စ် အသင်းကလည်း သူတို့ကို ရမှတ်လျှော့တဲ့ ပြစ်ဒဏ်အပေါ် အယူခံဝင်သွားဖို့ ရှိနေပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၂၀၂၂ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့ပြီးနောက် နွေရာသီမှာ ဗြိတိန် စံချိန်တင် ကစားသမားသစ် ၂၂ ဦးအထိ ခေါ်ယူခဲ့ပြီး ၂၀၂၂-၂၃ ရာသီမှာ သူတို့ရဲ့ အသားတင် အပြောင်းအရွှေ့ သုံးစွဲမှုက ပေါင် ၁၄၂.၈ သန်းအထိရှိခဲ့တာပါ။
အဲဒါကြောင့် ပရီးမီးယားလိဂ်ဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ ဇန်နဝါရီက နော်တင်ဟမ်ဖောရက်စ် အသင်းကို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခြင်းခံခဲ့ရတဲ့ အသင်းထဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းအပြင် အဲဗာတန် အသင်းလည်း ပါဝင်ခဲ့တာပါ။
အဲဗာတန်အသင်းကတော့ ပရီးမီးယားလိဂ်က သူတို့ကို ဒုတိယအကြိမ်မြောက် ပြစ်ဒဏ်ချမှတ်မှာကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။
Source: BBC