
- By CNI
- Category: အားကစား
- Hits: 1621
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈
ဆော်ပေါ်လိုအသင်းနဲ့ ကိုပါလီဘာတေးဒိုးစ်ပွဲစဉ်မှာ ကွင်းထဲလဲကျခဲ့တဲ့ နေစီယွန်နယ်အသင်း နောက်ခံလူ အစ်ဇ်ကွီရာဒိုဟာ နှလုံးခုန်မမှန်တဲ့ ဝေဒနာကို ခံစားရပြီးနောက် ရက်အနည်းငယ်အကြာမှာ ကွယ်လွန်သွား ခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ဥရုဂွေးကစားသမားဟာ သြဂုတ် ၂၂ ရက်က ဘရာဇီးလ်မှာ ကျင်းပခဲ့တဲ့ ကိုပါလီဘာတေးဒိုးစ် ၁၆ သင်းအဆင့် ပွဲစဉ်ရဲ့ ပွဲချိန် ၈၄ မိနစ်မှာ သတိလစ်ပြီး ကွင်းထဲလဲကျသွားခဲ့တာပါ။
အဲဒါကြောင့် သူ့ကို Albert Einstein ဆေးရုံအထူးကြပ်မတ် ကုသဆောင်ကို ပို့ဆောင်ခဲ့ရပါတယ်။
အစ်ဇ်ကွီရာဒိုဟာ ဒီအဖြစ်အပျက် ပြီးကတည်းက ဆေးကုသမှု ခံယူခဲ့ရပေမယ့် အင်္ဂါနေ့ညက ဦးနှောက်သေပြီး ကွယ်လွန်သွားခဲ့တယ်လို့ ဆေးရုံက ပြောခဲ့တာပါ။
နေစီယွန်နယ်အသင်းဟာ နောက်ခံလူ အစ်ဇ်ကွီရာဒို ကွယ်လွန်သွားခဲ့တဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲရ တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့သလို ဆော်ပေါ်လိုအသင်းကလည်း ဘောလုံးလောကအတွက် ဝမ်းနည်းစရာ ကောင်းတဲ့ နေ့တစ်နေ့လို့ အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
အစ်ဇ်ကွီရာဒိုကို တွေ့ရစဉ်
အစ်ဇ်ကွီရာဒိုရဲ့ အဖြစ်အပျက် ဖြစ်ပြီးကတည်းက ဥရုဂွေးဟာ ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အားလုံးကို ရပ်ဆိုင်းထားခဲ့တာပါ။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)အကြီးအကဲနဲ့ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်တို့ဟာ အစ်ဇ်ကွီရာဒို ကွယ်လွန်သွားခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြပါတယ်။
အစ်ဇ်ကွီရာဒိုဟာ ဥရုဂွေးကလပ်တွေဖြစ်တဲ့ ကာရို၊ ပီနာရိုလ်၊ လီဗာပူးလ်အသင်းတွေမှာလည်း ကစားခဲ့ပြီး နေစီယွန်နယ်၊ လီဗာပူးလ်အသင်းတို့နဲ့ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1981
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၈
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာက သူ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲကတစ်ခုလို့ ဥရောပရွှေဖိနပ်ဆုရယူအပြီးမှာ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဟာ ကျနော့်ဘဝမှာပြုလုပ်ခဲ့တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။ အခုထိ အချိန်တိုင်းကို ကျနော်ပျော်ရွှင်နေပါတယ်။ ကျနော်ဟာ ပြီးခဲ့တဲ့ရာသီက စတင်ခဲ့တဲ့ပုံစံအတိုင်းပဲ သွားချင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ကျနော်တို့ ဆုဖလားတွေရယူနိုင်ဖို့ပါ။ အသင်းနဲ့အတူ ကျနော်တို့ အောင်မြင်မှုတွေရယူချင်တယ်” လို့ ပြောခဲ့တာပါ။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပထမဆုံးကစားတဲ့ရာသီမှာ ဥရောပရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး ကလပ်ရဲ့ပြတိုက်မှာကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဒီဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလားမရယူနိုင်ခဲ့ပေမယ့် စပါးအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရခြင်းမရှိသလို ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းခဲ့တာကို အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုလို့ ပြောခဲ့တာပါ။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါကပြိုင်ပွဲမှာ ၃၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး စတုဂတ်အသင်း တိုက်စစ်မှူးဟောင်း ဂူရာဆေး ၂၈ ဂိုးနဲ့ ဘတ်ပီ၊ဟာလန်း ၂၇ ဂိုးတို့ကို အသာရပြီး ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံဖြစ်ခဲ့တဲ့ လေဗာကူဆင်အသင်းနဲ့ အမှတ်အများအပြားပြတ်ပြီး တတိယနေရာမှာ ရပ်တည်ခဲ့တာကြောင့် ဒီရာသီမှာ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ အောင်မြင်မှုပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ကွန်ပနီလက်ထက် ပိုကယ်ဖလားနဲ့ ဘွန်ဒက်လီဂါပွဲစဉ်တွေမှာ နိုင်ပွဲ ရယူ နိုင်ခဲ့ပြီး ဟာရီကိန်းဟာ ဒီ ၂ ပွဲမှာ ၁ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 1228
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈
ဗယ်လက်ကာနိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အော်လ်မိုက သူ့ရဲ့အိပ်မက်ပွဲဦးထွက်လို့ ပြောခဲ့ပါတယ်။
အော်လ်မိုက “ပွဲအနိုင်ရရှိခဲ့တာကြောင့် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဒါက ကျနော့်အတွက် အိပ်မက်ပွဲဦးထွက် ပါ။ ဘာစီလိုနာကို ပြန်လာခွင့်ရခဲ့တာက ကျနော့်အတွက် အိပ်မက်ပါပဲ။ စာရင်းသွင်း မှတ်ပုံတင်တာကို အသင်းက ပြေလည်အောင် လုပ်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်ဟာ ပွဲကစားခွင့်ရမယ့်ပွဲအတွက် အဆင်သင့် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော် ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါခဲ့တာကြောင့် ကျနော် ပျော်ရွှင်တယ်”လို့ ESPN ကို ပြောခဲ့တာပါ။
ဒီနွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်ရောက်လာခဲ့တဲ့ အော်လ်မိုဟာ အသင်းက သူ့ကို စာရင်းသွင်း မှတ်ပုံတင်နိုင်ခြင်းမရှိလို့ လာလီဂါအဖွင့်ပွဲစဉ် ၂ ပွဲကို ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အော်လ်မိုကို ဗယ်လက်ကာနိုအသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ စာရင်းသွင်း မှတ်ပုံတင်နိုင်ခဲ့တာကြောင့် သူဟာ ဒီပွဲကို ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင် ခဲ့တာပါ။
အော်လ်မိုဟာ ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမားဖြစ်ပေမယ့် အသင်းကြီးအတွက် ပါဝင်ကစားခွင့် ရခဲ့ခြင်းမရှိဘဲ အသက် ၁၆ နှစ်အရွယ်မှာ ဒိုင်နမိုဇာဂရက်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဒီနွေရာသီမှာတော့ အော်လ်မိုဟာ ဘာစီလိုနာအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး ပွဲဦးထွက်ပါဝင်ခွင့်ရဖို့ကို စောင့်ဆိုင်းခဲ့ရပေမယ့် ပါဝင်ချိန်မှာ အသင်းအတွက် အရေးပါတဲ့သူဖြစ်ခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အော်လ်မိုရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါ တယ်။
ဘာစီလိုနာအသင်းဟာ အော်လ်မိုရဲ့ သွင်းဂိုးကြောင့် ဒီရာသီအစ လာလီဂါပွဲစဉ် ၃ ပွဲစလုံး နိုင်ပွဲရယူနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ၂၀၁၈-၁၉ ရာသီက နည်းပြဟောင်း ဗယ်လ်ဗာဒီ လက်ထက် နောက်ပိုင်း ဒီမှတ်တမ်း ကောင်း တစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်းရဲ့လူငယ်ကစားသမား ဘာနယ်လ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့ဒဏ်ရာ အခြေအနေအပေါ် စိုးရိမ်မိတယ်လို့ နည်းပြ ဟန်ဆီဖလစ်က ပြောခဲ့တာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 991
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဖေဟာအသင်းကို အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ သူ့ရဲ့ကစားသမားဘဝ ၈၉၉ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ ပါတယ်။
အယ်လ်နာဆာအသင်းက အယ်လ်ဖေဟာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒို ဟာ ပြစ်ဒဏ်ဘောကန်ချက်ကနေ လှပတဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ဒီဂိုးဟာ ရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၈၉၉ ဂိုးမြောက်ဂိုးဖြစ်ခဲ့ပြီး သွင်းဂိုး ၉၀၀ ပြည့်ဖို့ ၁ ဂိုးသာလိုတော့တာ ဖြစ်ပါတယ်။
ဒါအပြင် ဒီပွဲက ပြစ်ဒဏ်ဘောသွင်းဂိုးဟာ ရော်နယ်ဒိုအတွက် သူ့ရဲ့ကစားသမားဘဝမှာ သွင်းယူတဲ့ ၆၄ ဂိုးမြောက်ပြစ်ဒဏ် ဘောသွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။
အဲဒါကြောင့် ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားစာရင်းမှာ ဒေးဗစ်ဘက်ခမ်း၊ မက်ဆီတို့နဲ့ ၁ ဂိုးသာ ကွာတော့တာဖြစ်ပါတယ်။
ပြစ်ဒဏ်ဘောကနေ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားကတော့ ဘရာဇီးလ် ကစားသမား ဟောင်း ဂျုနင်ဟိုဖြစ်ပြီး ၇၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
အယ်လ်နာဆာအသင်းဟာ အယ်လ်ဖေဟာအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ဒီရာသီ ဆော်ဒီ ပရိုလိဂ် ၂ ပွဲ ကစားအပြီးမှာ ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ အပါအဝင် အယ်လ်နာဆာအသင်းအတွက် ကစားထားတဲ့ ၄ ပွဲမှာ ၄ ဂိုးသွင်းယူထားပြီး ၂ ဂိုး ဖန်တီးထားတာပါ။
ရော်နယ်ဒိုကတော့ သူဟာ အယ်လ်နာဆာအသင်းမှာ ကစားသမားဘဝကို အဆုံးသတ်နိုင်တယ်လို့ မကြာသေးခင်က အင်တာဗျူးမှာ ပြောထားခဲ့ပါတယ်။
ရော်နယ်ဒိုက “ကျနော်ဟာ မကြာခင် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်အတွင်းမှာ အနားယူမလားဆိုတာ မသိပါ ဘူး။ ဒါပေမယ့် အယ်လ်နာဆာမှာပဲ အနားယူဖို့က ဖြစ်နိုင်ပါတယ်။ ဒီကလပ်မှာ အလွန်ပျော်ရွှင်နေသလို ဒီနိုင်ငံမှာ နေရတာလည်း ကောင်းပါတယ်။ ဆော်ဒီမှာ ကစားရတာကို ပျော်ရွှင်နေပြီး ကျနော် ဆက်သွား ချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက ပွဲပေါင်း ၇၄ ပွဲ ပါဝင်ကစားထားပြီး ၆၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 3371
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇
အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ပြင်သစ်တောင်ပံကစားသမား ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ L'Equipe သတင်းမှာ ဖော်ပြထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုးမန်း အပါအဝင် ကလပ်ရဲ့ဝင်ငွေ အများအပြားရရှိတဲ့ ကစားသမား အများအပြား ကို ထွက်ခွာစေချင်နေတာကြောင့် ကိုးမန်းဟာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကိုးမန်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင် ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့် နေတာ ဖြစ်ပါတယ်။
ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၉ နှစ်ကြာ ရှိခဲ့ပေမယ့် ဒီနွေရာသီမှာ ကစားသမားသစ်အချို့ ရောက်ရှိ လာမှုကြောင့် ထွက်ခွာရဖို့ရှိခဲ့တာပါ။
ကိုးမန်းကို ခေါ်ယူဖို့ အာဆင်နယ်၊ မန်စီးတီး၊ ဘာစီလိုနာနဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းတို့က စိတ်ဝင်စားနေပြီး သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
ကိုးမန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ၃ နှစ် ကျန်ရှိနေသေးတာကြောင့် ဂျာမန်ကလပ်ဟာ သူ့ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ လက်လွှတ်ဖို့တော့ မရှိပါဘူး။
ကိုးမန်းကို တွေ့ရစဉ်
အငှားအပြောင်းအရွှေ့က ပိုပြီးဖြစ်နိုင်ပေမယ့် အပြောင်းအရွှေ့ လက်ကျန်ရက် အနည်းငယ်အတွင်းမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ထပ်ပြီးစောင့်ကြည့်ရဖို့ ရှိနေတာပါ။
၂၀၁၅ ခုနှစ်မှာ ကနဦးအငှားနဲ့ ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးမန်းဟာ ၂၀၁၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၂၉၆ ပွဲ ပါဝင်ကစားကာ ၆၄ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဆုဖလား အများအပြား ရယူထားတဲ့ ကိုးမန်းဟာ ဒီရာသီမှာ အသင်းအတွက် ၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူခဲ့တာပါ။
ကိုးမန်းအနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းကနေ မထွက်ခွာဖြစ်ခဲ့ရင် စက်တင်ဘာ ၁ ရက်မှာ ကစားမယ့် ဖရိုင်းဘတ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 963
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇
ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ သူ့ကိုယ်သူ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် နည်းပြ ဟန်ဆီဖလစ်က ဒီအခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
စပိန်သတင်းစာ Mundo Deportivo က ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်း ကစားသမား နီကိုဝီလီယံစ် ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် ဘယ်တောင်ပံ ကစားသမားသစ်တစ်ဦး ရှာဖွေနေတယ်လို့ ဖော်ပြထား တာပါ။
အဲဒါကြောင့် နေမာဟာ ဘာစီလိုနာအသင်းကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် နည်းပြ ဟန်ဆီဖလစ်က အသင်း အတွက် သူ့ကို စဉ်းစားခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
နေမာဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက အနားယူနေခဲ့ပြီး ကွင်းထဲပြန်ဝင်နိုင်ဖို့ နီးစပ်နေတာပါ။
သတင်းတွေမှာတော့ အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတဲ့ နေမာဟာ ဘယ်အချိန် ပြန်ကစားနိုင်မလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ဖော်ပြထားတာပါ။
နေမာကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် အေစီမီလန်အသင်းက ရာဖေးလ်လီယို နဲ့ ဂျူဗင်တပ်စ်အသင်းက ချီယေဆာတို့ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၃ ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ၆ ရာသီကြာ ကစားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားခဲ့ပြီးနောက် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတာပါ။
နေမာဟာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီး မကြာခင်မှာ အယ်လ်ဟီလယ်အသင်း အတွက် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 2690
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇
လီဗာပူးလ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ မပိတ်ခင်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ အီတလီတောင်ပံ ကစားသမား ချီယေဆာကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ချီယေဆာဟာ နည်းပြ သီယာဂိုမော့တာရဲ့ အစီအစဉ်မှာ မပါဝင်တာကြောင့် ဂျူဗင်တပ်စ်အသင်းက သူ့ကို ရောင်းချဖို့ လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အီတလီအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ချီယေဆာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေ အဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ မပါဝင်ခဲ့တဲ့ ချီယေဆာကို ခေါ်ယူဖို့ စဉ်းစားနေပြီး ကစားသမားကလည်း အန်ဖီးလ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ငြိမ်သက်နေပေမယ့် အပြောင်းအရွှေ့ပိတ်ဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် လှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဗလင်စီယာအသင်း ဂိုးသမား မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လုပ်ဆောင်လာခဲ့တာပါ။
ချီယေဆာကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေအဖြစ် ဆာလက်၊ နူနက်ဇ်၊ ဂျိုတာ၊ ဂတ်ပိုနဲ့ ဒီယက်ဇ်တို့ ရှိနေပေမယ့် နည်းပြ အာနီဆလော့က တိုက်စစ်ပိုင်းကို ထပ်ပြီးအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ချီယေဆာဟာ အပြောင်းအရွှေ့အတွက် ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ချီယေဆာဟာ ဂျူဗင်တပ်စ်အသင်းကို ဖီအိုရင်တီးနားအသင်းကနေ ၂၀၂၀ ခုနှစ်က ရောက်ရှိခဲ့ပြီး ပထမနှစ်ရာသီ အငှားကစားကာ ၂၀၂၂ ခုနှစ်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ချီယေဆာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၂ ဂိုး သွင်းယူနိုင်ကာ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ချီယေဆာဟာ အီတလီအသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူကာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 2102
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇
ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုက သူဟာ နိုင်ငံအသင်းက အနားယူမယ့် အစီအစဉ်ကို ဘယ်သူ့ကိုမှ ကြိုပြီးပြောသွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ကျနော်နိုင်ငံအသင်းက ထွက်ခွာခဲ့တဲ့အခါ ဘယ်သူ့ကိုမှ ကြိုပြီးပြောသွားမှာ မဟုတ်ပါဘူး။ ဒါဟာ ကျနော့်ရဲ့ အလိုအလျောက် ဆုံးဖြတ်ချက် ဖြစ်လာပါလိမ့်မယ်။ အခုအချိန်မှာ ကျနော် လိုချင်တာက လာမယ့်ပွဲ တွေမှာ နိုင်ငံအသင်းကို အကူအညီပေးနိုင်ဖို့ပါ။ ကျနော်တို့ဟာ နေးရှင်းလိဂ်ပွဲတွေ ကစားဖို့ရှိနေပြီး ဒီပွဲတွေမှာ ကျနော်တကယ် ပါဝင်ကစားချင်ပါတယ်”လို့ ပေါ်တူဂီရုပ်သံ NOW နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက လာမယ့် နေးရှင်းလိဂ် ပွဲစဉ်တွေအတွက် အသင်း လူစာရင်း မထုတ်ပြန်ခင်မှာ သူ့ရဲ့အနာဂတ် အစီအစဉ်တွေကို ပြောလာခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ဆက်လက် ပါဝင်ကစားချင်သေးတယ်လို့ ပြောခဲ့ပြီး သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ နိုင်ငံအသင်းအတွက် ပါဝင်ကစားချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုက သူဟာ ကစားသမားဘဝက အနားယူပြီးရင် နည်းပြလုပ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ပြောခဲ့ပါ တယ်။
ရော်နယ်ဒိုက “အခုအချိန်မှာ ကျနော်ဟာ နည်းပြအဖြစ် လုပ်ကိုင်မယ့်အကြောင်းကို စဉ်းစားထားခြင်း မရှိပါဘူး။ ကျနော့်ရဲ့စိတ်ထဲမှာ ဒီအကြောင်းကို ဘယ်တုန်းကမှ တွေးခဲ့ခြင်းမရှိပါဘူး။ ကျနော့်ရဲ့ အနာဂတ်ကိုလည်း ဒီလိုမျိုး ဖြတ်သန်းဖို့ မမြင်မိပါဘူး။ ဘောလုံးအပြင်မှာ တခြားအရာတွေ လုပ်နေတာကို မြင်နေရပေမယ့် အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘုရားသခင်ပဲ သိပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့် အနားယူဖို့အကြောင်းကို မပြောသေးဘဲ ဘောလုံးဆက်ကစားဖို့ကိုသာ စိတ်အားထက်သန်နေတာပါ။
ပေါ်တူဂီအသင်းဟာ လာမယ့် စက်တင်ဘာထဲမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် ခရိုအေးရှား၊ စကော့တလန် အသင်းတို့နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 2929
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၆
လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က သူဟာ အသင်းရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။
ဗန်ဒိုက်က “ကျနော် အေးအေးဆေးဆေး ဖြစ်နေပါတယ်။ ကျနော်ဟာ ဒီရာသီကို တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ချင်ပြီး လာမယ့်နှစ်မှာ ဘာတွေဖြစ်မလဲဆိုတာကို ကျနော်တို့ မြင်တွေ့ရမှာပါ။ အခုအချိန်မှာ ကျနော့်ရဲ့ အခြေအနေဟာ အပြောင်းအလဲ မရှိပေမယ့် စာချုပ်နဲ့ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေပါတယ်။ ဒီရာသီမှာ အသင်းနဲ့အတူ အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်တယ်”လို့ ဘရန်ဖို့ဒ်အသင်းနဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဗန်ဒိုက်ဟာ နည်းပြသစ် အာနီဆလော့လက်ထက်မှာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲ ၂ ပွဲစလုံး နိုင်ပွဲရရှိအောင် ဦးဆောင်ပေးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို မရရှိသေးတာကြောင့် ရာသီအကုန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာရဖွယ်ရှိနေတာပါ။
နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ကတော့ သူဟာ လက်ရှိအချိန်မှာ ဘောလုံးအပေါ်မှာ အပြည့်အဝ အာရုံစိုက်နေ တယ်လို့ ပြောခဲ့ပါတယ်။
ဗန်ဒိုက်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းအနေနဲ့ ဗန်ဒိုက်ကို စာချုပ်သစ် မချုပ်ဆိုနိုင်ရင် ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးကို ဆုံးရှုံးရမှာပါ။
ဒါပေမယ့် ရာသီအစပဲရှိသေးတာကြောင့် လီဗာပူးလ်အသင်းနဲ့ ဗန်ဒိုက်တို့ရဲ့ အခြေအနေဟာ အပြောင်းအလဲတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။
ဘရန်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲဟာ ဗန်ဒိုက်အတွက် အန်ဖီးလ်မှာ ကစားတဲ့ ပွဲပေါင်း ၁၀၀ ပြည့်တဲ့ပွဲစဉ်ဖြစ် တာပါ။
ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းအတွက် အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲပေါင်း ၁၀၀ မှာ ၈၂ ပွဲအနိုင်ရပြီး ၁၆ ပွဲသရေနဲ့ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး နိုင်ပွဲရရှိထားတဲ့ လီဗာပူးလ်အသင်းဟာ ဒီအပတ်လိဂ်ပွဲစဉ် မှာ ယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 2110
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၆
ရီးရယ်လ်အသင်းကွင်းလယ်လူဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ စပိန်လာလီဂါကလပ် ဗယ်လက်ကာနိုအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဗယ်လက်ကာနိုအသင်းနဲ့ ၁ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး စာချုပ် သက်တမ်းကုန်ဆုံးချိန်မှာ နောက်ထပ် ၁ နှစ်သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့်ရှိနေတာပါ။
ဂျိမ်းစ်ရိုဒရရီဂွက်ဇ် ဟာ ဗယ်လက်ကာနိုအသင်းနဲ့ စာချုပ်မချုပ်ခင် လာမယ့်ရက်ပိုင်းအတွင်း ဆေးစစ်မှုခံယူမှာဖြစ်ပါတယ်။
ဂျိမ်းစ်ရို ဒရီဂွက်ဇ်ဟာ ဆော်ပေါ်လိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးကတည်းက ဥရောပထံပြန်လာနိုင်ဖို့ ရည်မှန်းထားတယ် လို့ ပြောခဲ့တာပါ။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အစောပိုင်းက အသလက်တီကို၊လာဇီယိုအသင်းတို့နဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အပြောင်း အရွှေ့ဖြစ်မြောက်ခဲ့ခြင်းမရှိပါဘူး။
ကိုလံဘီယာကစားသမားဟာ အသင်းအချို့ရဲ့ချဉ်းကပ်မှုတွေကိုလည်း ခံခဲ့ရ ပေမယ့် ဗယ်လက်ကာနိုအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ကိုပါ အမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းကို ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာပါ။
အဲဗာတန်ကစားသမားဟောင်း ဒီပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ၁ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးကာ ၂၀၂၄ ကိုပါ အမေရိကဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းမှာ ကစားခဲ့ချိန် က လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဗယ်လက်ကာနိုအသင်းနဲ့အတူ စပိန်မြို့တော်ကို ပြန်လည်ရောက်ရှိလာတော့မှာပါ။
ဗယ်လက်ကာနိုအသင်းဟာ ဒီရာသီ စပိန်လာလီဂါပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ဗယ်လက်ကာနိုအသင်းဟာ ကြားရက်ထဲမှာ ဘာစီလိုနာအသင်းနဲ့ လာလီဂါပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို ဂျိမ်းစ်ရိုဒရီဂွက်ဇ် ပါဝင်နိုင်ဖွယ်မရှိသေးတာဖြစ်ပါတယ်။
Source:Goal