- By CNI
- Category: အားကစား
- Hits: 612
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ဘီလ်ဘာအိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် နည်းပြအာမိုရင်က သူတို့ဗိုလ်လုပွဲကို တက်နိုင်ခြင်း မရှိသေးဘူးလို့ ကစားသမားတွေကို သတိပေးခဲ့ပါတယ်။
အာမိုရင်က “ဒါက အကောင်းဆုံးရလဒ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုရင် ဘယ်သူကမှ ဒီရလဒ်မျိုးကို မမျှော်လင့်ထားလို့ပါ။ အိုးထရက်ဖို့ဒ်မှာလည်း ဒီလိုတူညီတဲ့ ရလဒ်မျိုး ဖြစ်ပေါ်လာနိုင်လို့ ကျနော်တို့ ပြင်ဆင်ထား ဖို့ လိုပါတယ်။ အဝေးဂိုး စည်းမျဉ်းမရှိတာကြောင့် ဘာမဆို ပြောင်းလဲသွားနိုင်ပြီး ဒါက ကစားသမားတွေကို ကျနော် ပေးချင်တဲ့ မက်ဆေ့ချ်ပါ။ ဒီပွဲရဲ့အစပိုင်းမှာ ကျနော်တို့ ရုန်းကန်ခဲ့ရပေမယ့် သွင်းဂိုးနဲ့ အနီကတ်က ပွဲကို ပြောင်းလဲသွားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဘီလ်ဘာအိုအသင်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ် ၂၀ ကျော်အထိ ယူနိုက်တက်အသင်းဘက်ကို ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြား ဖန်တီးပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကတ်စီမီရိုရဲ့ ခေါင်းတိုက်သွင်းဂိုး၊ ပင်နယ်တီနဲ့ အနီကတ် ပြစ်ဒဏ်တွေက ဘီလ်ဘာအိုအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ဖို့ဖြစ်ခဲ့တာပါ။

ယူနိုက်တက်အသင်းနဲ့ ဘီလ်ဘာအိုအသင်း ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းအတွက် နောက်ထပ် သွင်းဂိုး ၂ ဂိုးကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်လုပွဲ တက်ဖို့ နီးစပ်သွားခဲ့ပေမယ့် နည်းပြအာမိုရင်က ဒုတိယအကျော့ပွဲစဉ်အတွက် ပြင်ဆင်ဖို့လိုအပ်တယ်လို့ သတိ ပေးခဲ့ပါတယ်။
ဘီလ်ဘာအိုအသင်းနည်းပြ ဗယ်လ်ဗာဒီက ယူနိုက်တက်အသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို ဂိုးဧရိယာထဲ ပြစ်ဒဏ် ကျူးလွန်တယ်ဆိုပြီး နောက်ခံလူ ဗီဗီယန်ကို တိုက်ရိုက်အနီကတ်ပြသကာ ပင်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်နေခဲ့တာပါ။
ဘီလ်ဘာအိုအသင်းနည်းပြ ဗယ်လ်ဗာဒီက ဒီဖြစ်ရပ်မတိုင်ခင်မှာ ယူနိုက်တက်အသင်း တောင်ပံကစားသမား ဂါနာချို ဘောလုံးကို လက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ဆက်ပြီး ကစားစေခဲ့တာကို ဝေဖန်မှုပြုလုပ်ခဲ့ပါ တယ်။
ယူနိုက်တက်နဲ့ ဘီလ်ဘာအိုအသင်းတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မေလ ၉ ရက် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 638
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁
အင်တာမိုင်ယာမီအသင်းဟာ ဗန်ကူးဗားအသင်းကို အရေးနိမ့်ကာ ကွန်ကာကပ်ဖ် ချန်ပီယံများ ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြမာရှေယာနိုက သူတို့ ဗိုလ်လုပွဲ မတက်နိုင်တဲ့အတွက် နာကျင်ရတယ်လို့ ပြောခဲ့ပါတယ်။
မာရှေယာနိုက “ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ပြီး အရင်က ကလပ်အသင်း တစ်ခါမှ မလုပ်ဖူးတဲ့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ဗိုလ်လုပွဲကို ရောက်ချင်တာကြောင့် နာကျင်ခဲ့ရပါတယ်။ ကျနော်တို့ဟာ အမှားလုပ်ခဲ့တာကြောင့် ပြိုင်ဘက်ရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ အခု အချိန်မှာ ကျနော်တို့ဟာ မေဂျာလိဂ်ပြိုင်ပွဲကို အာရုံစိုက်ရမှာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်းကို မတွေးပါဘူး”လို့ ပြောခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဗန်ကူးဗားအသင်းကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများ ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ပထမအကျော့ ပွဲစဉ်မှာလည်း ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားတဲ့အတွက် နှစ်ကျော့ ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။

မာရှေယာနိုကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း ကွန်ကာကပ်ဖ် ချန်ပီယံများ ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ကနေ ထွက်ခွာခဲ့ရတာကြောင့် ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဗန်ကူးဗားအသင်းကို နှစ်ကျော့စလုံး အရေးနိမ့်ခဲ့တာပါ။ ဗန်ကူးဗားအသင်းကတော့ ကွန်ကာကပ်ဖ် ချန်ပီယံများ ဖလားပြိုင်ပွဲဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့ပြီး မွန်ထရီရယ်လ်၊ တိုရွန်တိုအသင်းတို့ ပြီးနောက် ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတက်နိုင်တဲ့ တတိယမြောက် ကနေဒါအသင်း ဖြစ်လာခဲ့ပါတယ်။
ပြိုင်ပွဲစုံ ၂ ပွဲဆက် အရေးနိမ့်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့် မေဂျာလိဂ်ပွဲစဉ်အဖြစ် နယူးယော့ခ် ရက်ဘူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ မေဂျာလိဂ်ပွဲစဉ် ၉ ပွဲကစားအပြီးမှာ ရမှတ် ၁၈ မှတ်ရရှိထားတာ ဖြစ်ပါ တယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 710
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁
လေဗာကူဆင်အသင်းဟာ နည်းပြဇာဘီအလွန်ဆိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ယူနိုက်တက်အသင်း နည်းပြဟောင်း အဲရစ်တန်ဟတ်ကို နံပါတ်တစ်နည်းပြ ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဂျာမနီသတင်း တွေမှာ ဖော်ပြထားပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၉ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့လက်ထက်မှာ အသင်းကို ကာရာဘောင်းဖလားနဲ့ FA ဖလား ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတဲ့ နည်းပြ အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်းရဲ့ နည်းပြသစ် စာရင်းထဲမှာ ပါဝင်နေတယ်လို့ Kicker က ဖော်ပြ ထားတာပါ။
လေဗာကူဆင်အသင်းဟာ ရာသီကုန်ရင် ရီးရယ်လ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာဖွယ်ရှိနေတဲ့ နည်းပြ ဇာဘီအလွန်ဆိုရဲ့ နေရာမှာ အစားထိုးဖို့ အခုကတည်းက နည်းပြသစ်ရှာဖွေဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဂျာမန်သတင်း Kicker က လေဗာကူဆင်အသင်းဟာ ဘိုင်ယန်မြူးနစ် ဒုတိယအသင်းကို ၂ နှစ်ကြာ ကိုင်တွယ်ပြီး ဂျာမန်ဘာသာစကားကို ပြောနိုင်တဲ့ အဲရစ်တန်ဟတ်ကို သူတို့ရဲ့နည်းပြသစ် စာရင်းထဲမှာ နံပါတ်တစ်အဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြထားတာပါ။

အဲရစ်တန်ဟတ်နဲ့ ဇာဗီကို တွေ့ရစဉ်
ဘာစီလိုနာအသင်း နည်းပြဟောင်း ဇာဗီဟာ အဲရစ်တန်ဟတ်နဲ့အတူ လေဗာကူဆင်အသင်းရဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေပြီး ဂျာမန်ကလပ်က သူ့ကိုချဉ်းကပ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
စပိန်ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါနဲ့ ပိုကယ်ဖလားတို့ကို ရှုံးပွဲမရှိ ချန်ပီယံဆုရယူပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးထားတာပါ။
လေဗာကူဆင်အသင်းဟာ ဒီရာသီမှာတော့ ဆုဖလားလက်မဲ့နဲ့ ရာသီ အဆုံးသတ်ရဖို့ရှိနေပြီး ဘွန်ဒက်လီဂါပြိုင်ပွဲ မှာ အမှတ်ပေးဇယား အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။
ဘွန်ဒက်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ကျန် ၃ ပွဲမှာ ရမှတ် ၂ မှတ် ရယူနိုင်တာနဲ့ ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 656
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂျပန်ကလပ် ကာဝါဆာကီအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
အယ်လ်နာဆာအသင်း အာရှချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် အသင်းခေါင်းဆောင် ရော်နယ်ဒို ဟာ ဆော်ဒီကလပ်ကို ပြောင်းရွှေ့လာပြီးကတည်းက အဓိကဆုဖလားရဖို့ စောင့်ဆိုင်းနေရတာပါ။
ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် တိုင်ထိတာ အပါအဝင် သူ့ရဲ့ကန်ချက်ကို ကာဝါဆာကီ ကစားသမားတွေ ရှင်းထုတ်နိုင်ခဲ့တာကြောင့် သွင်းဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။
အယ်လ်နာဆာအသင်းဟာ ဘုရင့်ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်အသင်းနဲ့ ၈ မှတ်ကွာဟနေတာပါ။
အဲဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ နောက်ထပ် ဆုဖလား လက်မဲ့ရာသီကို ထပ်ဖြတ်သန်းရဖို့ ရှိနေတာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ပွဲအပြီးမှာ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ အယ်လ်နာဆာအသင်း ပရိသတ်တွေကို ကျေးဇူးတင် ကြောင်းနဲ့ အသင်းဖော်တွေရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုခဲ့ပါတယ်။
ရော်နယ်ဒိုက “တခါတရံမှာ အိပ်မက်တွေကို စောင့်ဆိုင်းရမှာပါ။ ကွင်းထဲမှာ ကျနော်တို့ပေးခဲ့တဲ့ အရာအားလုံး အတွက် ဒီအသင်းကို ကျနော် အလွန်ဂုဏ်ယူပါတယ်။ ခြေလှမ်းတိုင်းမှာ ကျနော်တို့ရဲ့ဘေးကနေ ရပ်တည်ပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုတွေက ကမ္ဘာကြီးကိုဆိုလိုတာပါ”လို့ X မှာ ရေးသားထားပါတယ်။
အယ်လ်နာဆာအသင်းကို အနိုင်ရခဲ့တဲ့ ကာဝါဆာကီအသင်းဟာ အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်အာလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အယ်လ်နာဆာအသင်းကတော့ ဆော်ဒီပရိုလိဂ်မှာ သူတို့ရဲ့ဆုဖလား မျှော်လင့်ချက်ကို ဆက်ပြီးထိန်းသိမ်းချင်ရင် မေလ ၇ ရက်မှာ ကစားမယ့် အယ်လ်အစ်တီဟတ် အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 596
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁
ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတို့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ယာမဲလ်ရဲ့ စွမ်းဆောင်ရည်ကို အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက ပွဲအပြီးမှာ ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။
အင်ဇာဂီက “ဘာစီလိုနာအသင်းမှာ ရပ်တန့်ဖို့ခက်ခဲတဲ့ ယာမဲလ်လို ကစားသမားရှိပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို ကောင်းမွန်စွာ စတင်နိုင်ခဲ့ပေမယ့် ပထမပိုင်းရဲ့နောက်ဆုံး ၂၅ မိနစ်မှာ သူဟာ ပြသနာတွေ အများကြီးကို ဖန်တီး နိုင်ခဲ့ပါတယ်။ သူဟာ အရင်က ကျနော် မမြင်ဖူးသေးတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ နှစ်ပေါင်း ၅၀ တိုင်းကို တစ်ကြိမ်မွေးဖွားလာတဲ့ ဖြစ်စဉ်တစ်ခုပါ။ သူဟာ ဒီပွဲမှာ ကျနော့်ကို အလွန်အထင်ကြီးစေခဲ့တယ်”လို့ ပြောခဲ့ တာပါ။
ဒီပွဲမှာ အင်တာမီလန်အသင်းဟာ သူရမ်၊ ဒမ်ဖရိုင်းစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ယာမဲလ်က အင်တာမီလန်အသင်း ကစားသမားတွေကို လိမ်ခေါက်ကျော်ဖြတ်ကာ ဂိုးဧရိယာထဲကို ဝင်ရောက်ပြီး လှပတဲ့ ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းအတွက် ဖာရန်တောရက်စ်က နောက်ထပ် ချေပဂိုး သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ ၂ ဂိုးစီ သရေကျနေခဲ့တာပါ။
ဒုတိယပိုင်းမှာ ဒမ်ဖရိုင်းစ်က အင်တာမီလန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဆွန်းမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ ဘာစီလိုနာအသင်း ချေပဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲဟာ အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်အတွက် ဘာစီလိုနာအသင်း ကစားသမားဘဝ ပွဲပေါင်း ၁၀၀ ပြည့်တဲ့ ပွဲဖြစ်ပြီး သူဟာ စပိန်ကလပ်အတွက် ၂၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃၃ ကြိမ် ပြုလုပ်ထားတာပါ။

ဘာစီလိုနာနဲ့ အင်တာမီလန်အသင်း ယှဉ်ပြိုင်နေစဉ်
ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ယာမဲလ်ဟာ ဒီပွဲမစတင်မီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ ကြွက်သားနာကျင်မှု ခံစားခဲ့ရပေမယ့် ပါဝင် ကစားနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ယာမဲလ်ဟာ ပွဲကြီးတွေမှာ သူ့ရဲ့အရည်အသွေးကို ပြသနိုင်ခဲ့ပြီး ဒီလိုပါရမီရှင် ကစားသမားတစ်ဦးက ဘာစီလိုနာအသင်းအတွက် ကစားပေးနိုင်လို့ အလွန်ဝမ်းသာမိတယ်လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အွန်နရီက ယာမဲလ်က မက်ဆီထက် ပိုပြီးကောင်းနိုင် တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ချန်ပီယံဆု ရယူနိုင်ခဲ့သလို တစ်ဦးချင်း ထူးချွန်ဆု အများအပြားကို ရရှိထားတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 659
CNI International News
ဝါရှင်တန်၊ ဧပြီ ၃၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်း၏ ပထမဆုံး ရက်ပေါင်း ၁၀၀ အတွင်း ကုန်သွယ်ရေးမူဝါဒများ၊ မခန့်မှန်းနိုင်သည့် သံတမန်ရေးတို့ကြောင့် အာရှတစ်ဝန်း စိုးရိမ်သောကများကို ပေါ်ပေါက်စေခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဧပြီ ၂ ရက်က ထရမ့်သည် လွတ်မြောက်ရေးနေ့ဆိုသည့် စကားလုံးကို အသုံးပြုပြီး ကမ္ဘာ့နိုင်ငံအားလုံးမှ သွင်းကုန် များအပေါ် ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့သည်။
ထို့ပြင် အမေရိကန်နှင့် ကုန်သွယ်မှုတွင် ပိုငွေပြနေသည့် နိုင်ငံများကိုလည်း မတူညီသော နှုန်းထားများဖြင့် အခွန် နှုန်းထားများ အသီးသီး တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့ပြီး အာရှနိုင်ငံအများစုကို ဂယက်ရိုက်ခတ်ခဲ့သည်။
ထရမ့်သည် တရုတ်၏ သွင်းကုန်များအပေါ် ကုန်သွယ်ခွန် ၁၄၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သဖြင့် တရုတ် ကလည်း အမေရိကန်၏ သွင်းကုန်များအပေါ် ကုန်သွယ်ခွန် ၁၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရက် ၁၀၀ အတွင်းဖြစ်ပွားမှုကို သရုပ်ပြထားစဉ်
အမေရိကန်သည် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အခြား အာရှနိုင်ငံများ၏ သွင်းကုန်များကိုလည်း အခွန် ၃၇ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်းအထိ အသီးသီး တိုးမြှင့်ခဲ့သဖြင့် ထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက်ဖြစ်ခြင်း၊ ကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့ကို ဖြစ်ပွားစေခဲ့သည်။
ထို့ပြင် မခန့်မှန်းနိုင်သည့် သံတမန်ဆက်ဆံရေး၊ မဟာမိတ်များနှင့် ခပ်တန်းတန်း ဆက်ဆံသည့် ထရမ့်၏ ချဉ်းကပ် ဆောင်ရွက်ပုံကြောင့် အစဉ်အလာရှိခဲ့သည့် မဟာမိတ်နိုင်ငံများကို ကသိကအောက်ဖြစ်စေခဲ့သည်။
တောင်ကိုရီးယားနှင့် ဂျပန်တို့သည် အမေရိကန်၏ ကာကွယ်ရေး ကတိကဝတ်များ လျှော့ချခံရမည့် အရေးကို ရင်ဆိုင်နေရသဖြင့် ဖြစ်လာနိုင်ခြေရှိသည့် စီးပွားရေးထိခိုက်မှုများအား ကာမိစေရန် ကုန်သွယ်ရေး၊ ငွေကြေး မူဝါဒများနှင့်ပတ်သက်ပြီး တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့သည်။
ထို့ပြင် ပါရီ ရာသီဥတု သဘောတူညီချက်၊ WHO တို့ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများမှ နုတ်ထွက်ခဲ့သည့် ထရမ့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များကြောင့် အမေရိကန်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ လျော့ကျစေခဲ့ ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
အလားတူ မြောက်ကိုရီးယားကို တစ်ဖက်သတ်ဆန်သည့် ခြိမ်းခြောက်မှုများ၊ တောင်တရုတ်ပင်လယ်အရေးတွင် ရှင်းလင်းပြတ်သားမှုမရှိသည့် မူဝါဒနှင့် ယူကရိန်းစစ်ပွဲ၌ ယူကရိန်းအား စစ်ရေးအထောက်အပံ့များ ဆိုင်းငံ့မှု အစရှိသည့် လုပ်ဆောင်ချက်များကြောင့် ဒေသတွင်း စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source Nikkei Asia
- By CNI
- Category: အားကစား
- Hits: 602
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်း လူစာရင်းကို ပိုပြီးအားကောင်းအောင် လုပ်ဖို့အတွက် လီဗာပူးလ်အသင်း တောင်ပံကစားသမား ချီယေဆာကို ခေါ်ယူဖို့ အသင်းကို တိုက်တွန်းထားတယ်လို့ တူရကီမီဒီယာ A Spor က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ချီယေဆာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းအတွက် ၄ ပွဲသာ ပါဝင်ကစားထားရတာပါ။
ချီယေဆာဟာ ဒဏ်ရာပြဿနာအပြင် အသင်းဖော်ဆာလက်ရဲ့ မယုံနိုင်စရာကောင်းမွန်တဲ့ ပုံစံတွေကြောင့် လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် မော်ရင်ဟိုဟာ ချီယေဆာကို ဖီနာဘာချီအသင်းရဲ့ တောင်ပံရွေးချယ်မှုအတွက် ခေါ်ယူမယ့်စာရင်းထဲ ထည့်သွင်းထားတာပါ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ယူရို ၁၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ချီယေဆာကို ယူရို ၁၀ သန်းရရင် ထွက်ခွာခွင့် ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ချီယေဆာကို တွေ့ရစဉ်
ချီယေဆာကို ခေါ်ယူဖို့ စီးရီးအေကလပ် အသင်းအချို့ကလည်း စိတ်ဝင်စားနေတာကြောင့် ဖီနာဘာချီအသင်း အနေနဲ့ သူ့ကိုခေါ်ယူဖို့ဆိုရင် ကလပ်အသင်းအချို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
ချီယေဆာဟာ လီဗာပူးလ်အသင်းနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ပရီးမီးယားလိဂ် ချန်ပီယံဆုအောင်ပွဲမှာ ပါဝင်ခဲ့ပေမယ့် ချန်ပီယံဆုတံဆိပ် ရနိုင်ဖို့ဆိုရင် လက်ကျန်ပွဲစဉ် ၄ ပွဲစလုံးမှာ ပါဝင်ကစားနိုင်ဖို့ လိုအပ်နေတာပါ။
အသက် ၂၇ နှစ်အရွယ်ရှိ ချီယေဆာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၂ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေအဖြစ် ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်၊ ပဲလေ့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
လီဗာပူးလ်အသင်းဟာ ပဲလေ့စ်အသင်းနဲ့ အန်ဖီးလ်မှာ ယှဉ်ပြိုင်မယ့် ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဆုဖလား ကိုင်မြှောက်သွားမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 712
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
အသင်းလက်မဲ့ဖြစ်နေတဲ့ ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ ကလပ်အသင်းသစ်ကို အချိန်ယူဆုံးဖြတ်ဖို့ရှိနေပြီး ဥရောပအသင်းတွေ ထံပြောင်းရွှေ့နိုင်ဖို့ အာရုံစိုက်နေတယ်လို့ ESPN က ဖော်ပြထားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ပေါ့ဘာဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေ ရှိနေတာပါ။
ဒီစီယူနိုက်တက်အသင်းဟာ မေဂျာလိဂ် ကလပ်အသင်းတွေထဲမှာ ပေါ့ဘာကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နိုင်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။
အဲဒါကြောင့် ဒီစီယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ မက်ကေးဟာ ပေါ့ဘာရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ထားတာပါ။
တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ခဲ့ရလို့ ပွဲကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းက စာချုပ်ဖျက်သိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ အနာဂတ်မှာ မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားပေမယ့် သူ့ရဲ့ဦးစားပေးက ဥရောပဘောလုံး လောကထဲကို ပြန်လည်ဝင်ရောက်ဖို့ပါ။
ပေါ့ဘာက သူဟာ ချန်ပီယံလိဂ် ကစားတဲ့အသင်းတွေမှာ ကစားနိုင်တယ်လို့ ယုံကြည်မှုတွေရှိနေတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်ကစားချင်တာကြောင့် ဥရောပထိပ်တန်း ကလပ်အသင်းတွေထံ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူ့အတွက် ဒီအခွင့်အရေးကို ရယူနိုင်ဖို့ရှိနေတာပါ။
ပေါ့ဘာဟာ ဥရောပလိဂ်တွေကနေလာတဲ့ ကမ်းလှမ်းမှုတွေအပြင် ဒီစီယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း စဉ်းစားနိုင်တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ဆော်ဒီနဲ့ ဘရာဇီးလ်လိဂ်ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရရှိထားပေမယ့် ပယ်ချထားတာပါ။
ပေါ့ဘာဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာက ဂျူဗင်တပ်စ်နဲ့ အမ်ပိုလီအသင်းတို့ပွဲစဉ်ကို သူ့ရဲ့နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားထားပြီး ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တဲ့ နောက်ဆုံးပွဲကတော့ လွန်ခဲ့တဲ့ ၃ နှစ်က ယူနိုက်တက်အသင်းက စပါးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 623
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်နိုင်မယ့် အခွင့်အရေးကို ငြင်းပယ် ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီရာသီကုန်မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာမယ့် အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ ချိတ်ဆက်မှုတွေ ရှိနေတာပါ။
စပိန်သတင်းစာ မာကာက အန်ဆယ်လော့တီဟာ တနင်္လာနေ့က လန်ဒန်ကို သွားရောက်ခဲ့ပြီး ဘရာဇီးလ်အသင်း ရဲ့စာချုပ်မှာ လက်မှတ်ထိုးဖို့ မျှော်လင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အန်ဆယ်လော့တီဟာ လက်မှတ် မထိုးဖြစ်ခဲ့ပေမယ့် အင်္ဂါနေ့က စပိန်ကို ပြန်လာချိန်မှာ နိုင်ငံတကာ ဘောလုံး လောကထဲကို ပြောင်းရွှေ့နိုင်ဖို့ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရတာပါ။
အခုအချိန်မှာတော့ အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းရဲ့ အဆိုပြုမှုကို ငြင်းပယ်ဖို့ ရွေးချယ်ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းကြားဖို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ အက်ဒ်နယ်ဒိုထံ ဆက်သွယ်ခဲ့ ပါတယ်။

အန်ဆယ်လော့တီကို တွေ့ရစဉ်
အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်အသင်းမှာ သူ့ရဲ့နည်းပြရာထူးကို စတင်နိုင်မယ့် အချိန်နဲ့ပတ်သက်ပြီး မရေမရာမှုတွေ ဖြစ်လာတာကြောင့် ဆုံးဖြတ်ချက်ကို ပြောင်းခဲ့တာလို့ မာကာက ဖော်ပြထားတာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကနေ ဇွန်မှာထွက်ခွာပြီး ဘရာဇီးလ် အသင်းကို လာရောက် ကိုင်တွယ်နိုင်ဖို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီဟာ သြဂုတ်အထိ ဘရာဇီးလ်အသင်းကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးဆိုပြီး အဖွဲ့ချုပ် ကို အသိပေးခဲ့တာပါ။
အဲဒါကြောင့် အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်း နည်းပြသစ် ဖြစ်လာဖို့မရှိတော့ဘဲ နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရယ်လ်အသင်းကို ဆက်ပြီးကိုင်တွယ်ဖို့ ရှိနေပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီဟာ နွေရာသီမှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပြီး ဆော်ဒီမှာ နည်းပြဖို့ ကြီးမားတဲ့ကမ်းလှမ်းမှုတွေကို စဉ်းစားနေတာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကတော့ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဆင်မပြေတာကြောင့် အခြားရွေးချယ်စရာတွေကို ရှာဖွေနေပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီ နည်းပြသစ်ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 752
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ PSG အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြအာတီတာက အသင်းအနေနဲ့ ဗိုလ်လုပွဲ တက်ချင်ရင် ထူးခြားမှု တစ်ခုခုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ချင်ရင် ဒုတိယအကျော့မှာ ထူးခြားမှုတစ်ခုခုကို လုပ်ပြရမှာပါ။ ဒါက ပထမပိုင်းဖြစ်ပြီး ဗိုလ်လုပွဲတက်နိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ကျနော်တို့ဟာ ပါရီကိုသွားပြီး ပွဲကိုအနိုင်ယူရမှာပါ။ PSG ဂိုးသမား ဒွန်နာရမ်မာဟာ အလွန်ကောင်းမွန်ခဲ့ပြီး ပွဲရလဒ်ကို ခြားနားမှုဖြစ်အောင် လုပ်နိုင်ခဲ့တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ PSG အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တောင်ပံကစားသမား ဒမ်ဘီလီက ပွဲချိန် ၄ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
PSG အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယအကျော့ အိမ်ကွင်းကစားရမယ့် ပွဲစဉ်မှာ အားသာချက်တွေ ရှိသွားခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် PSG အသင်းဂိုးသမား ဒွန်နာရမ်မာရဲ့ လက်စွမ်းပြသမှုတွေကြောင့် ဂိုးမရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပီအက်စ်ဂျီ ယှဉ်ပြိုင်နေစဉ်
ပြီးခဲ့တဲ့ လီဗာပူးလ်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဒွန်နာရမ်မာဟာ ဒီပွဲမှာ ဂိုးကာကွယ်မှု ၅ ကြိမ်နဲ့ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဗိုလ်လုပွဲ တက်နိုင်ဖို့အတွက် ဒုတိယအကျော့မှာ ထူးခြားတဲ့အရာတွေ ပြုလုပ်ဖို့ အသင်းသားတွေကို ပြောခဲ့ပါတယ်။
ဒီပွဲမှာ PSG အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဒမ်ဘီလီဟာ ဒဏ်ရာရရှိခဲ့ပြီး နည်းပြ လူးဝစ်အင်းနရစ်က ဒုတိယအကျော့ပွဲမှာ ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိတယ်လို့ ပြောခဲ့တာပါ။
ဒါအပြင် PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ပွဲမပြီးသေးတာကြောင့် ဒုတိယအကျော့ပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြုလုပ်ရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
PSG နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မေ ၈ ရက်မှာ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source: ESPN
