CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃

စပါးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ နောက်ခံလူ ရိုမဲရိုးက သူဟာ လာလီဂါပြိုင်ပွဲမှာ တစ်နေ့ကစား ရမှာကို နှစ်သက်တယ်လို့ TyC Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ရိုမဲရိုးက “လာလီဂါဟာ ကျနော်ကစားဖို့ ကျန်ရှိနေတဲ့ လိဂ်တွေထဲက တစ်ခုပါ။ ကျနော်လာလီဂါမှာ ကစားရတာ ကို နှစ်သက်ပါတယ်၊ ဒါက အမှန်အတိုင်း ပြောတာပါ။ ကျနော်ဟာ ကိုယ်စားလှယ်နဲ့ စကားမပြောရသေးပေမယ့် ဘာမဆို လမ်းဖွင့်ထားပါတယ်။ ကျနော့်ရဲ့ခေါင်းထဲမှာ အမြဲတမ်း ကြီးထွားဖို့ အကြောင်းတွေးသလို နေရာ အသစ်ကို သွားဖို့အကြောင်းလည်း တွေးပါတယ်။ ဒါပေမယ့် ရာသီကုန်ဖို့ ကျန်ရှိသေးတာကြောင့် ဒီအကြောင်းကို မပြောချင်သေးဘူး”လို့ ပြောခဲ့တာပါ။

စပါးအသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေတဲ့ ရိုမဲရိုးကို နွေရာသီမှာ ခေါ်ယူဖို့ ရီးရယ်လ်နဲ့ အသလက်တီကိုအသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

ရိုမဲရိုးကို တွေ့ရစဉ်

အသလက်တီကိုအသင်းဟာ ရိုမဲရိုးကို လာမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူပြီး လူစာရင်း ထဲထည့်သွင်းနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ရိုမဲရိုးဟာ စီးရီးအေနဲ့ ပရီးမီးယားလိဂ်မှာ ကစားခဲ့တာကြောင့် ဥရောပထိပ်သီးလိဂ် စာရင်းဝင် လာလီဂါမှာလည်း ကစားချင်နေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က အတ္တလန်တာအသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ရိုမဲရိုးဟာ တစ်ရာသီအကြာမှာ စပါးအသင်း ထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ 

စပါးအသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ရိုမဲရိုးဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အသင်း အတွက် ပြိုင်ပွဲစုံ ၂၃ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ၁ ကြိမ်၊ ကိုပါအမေရိကဖလား ၂ ကြိမ် ရယူနိုင်ခဲ့တဲ့ ရိုမဲရိုးဟာ ဒီရာသီမှာ စပါးအသင်းနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ 

စပါးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး နော်ဝေကလပ် ဘိုဒိုဂီလင့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN