
- By CNI
- Category: အားကစား
- Hits: 2527
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁
ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဖီးလ်ဂျုံးစ်က သူ့ရဲ့ကစားသမားဘဝကို ရှက်ဖို့ကောင်းတယ်လို့ ပရိသတ်တစ်ဦးရဲ့ ပြောဆိုမှုအပေါ် ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
ဖီးလ်ဂျုံးစ်က “ကျနော်ဟာ ယူနိုက်တက်မှာ ၁၀ နှစ်ကြာရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလားလည်း ရခဲ့သလို ပွဲပေါင်း၂၀၀ ကျော်လည်း ကစားခဲ့ပါတယ်။ ပြီးတော့ ယူနိုက်တက်အသင်းနဲ့အတူ FA ဖလား၊ ယူရိုပါလိဂ်ဖလားတွေလည်း ရခဲ့ပြီး အင်္ဂလန်အသင်းနဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒါကို ရှက်ဖို့ကောင်းတယ် ဆိုပြီး ပြောဖို့ကြိုးစားနေတာလား”ဟု High Performance podcast ကိုပြောခဲ့တာပါ။
ဘလက်ဘန်းအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဖီးလ်ဂျုံးစ်ကို ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက် ၂၀၁၁ ခုနှစ်မှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဖီးလ်ဂျုံးစ်ဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ အလားအလာ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်း ကစားသမားဘဝ အစပိုင်းမှာ ပွဲအများအပြား ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်း မှာ ဒဏ်ရာနှိပ်စက်မှုတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဖီးလ်ဂျုံးစ်ကို တွေ့ရစဉ်
ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းအတွက် ကစားခဲ့တဲ့ နောက်ဆုံး ၄ ရာသီမှာ ၁၃ ပွဲသာ ကစားနိုင်ခဲ့ပြီး စာချုပ် ကုန်ဆုံးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာဆိုရင် တစ်ပွဲမှတောင် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိတာပါ။
ဖီးလ်ဂျုံးစ်ဟာ သူ့ရဲ့ဆိုးရွားတဲ့ ဒဏ်ရာမှတ်တမ်းတွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို မကြာခဏ ဆိုသလို ခံခဲ့ရသလို ရှက်ဖို့ကောင်းတယ်ဆိုပြီး ပြောဆိုမှုတွေပါ ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ဖီးလ်ဂျုံးစ်က သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းအတွက် ၂၇ ပွဲ ပါဝင်ကစားခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်ဖို့ လုပ်ဆောင်နေပြီး ယူနိုက်တက် အကယ်ဒမီအသင်းတွေမှာ နည်းပြအဖြစ် စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 4162
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက သူတို့ဟာ ရာသီကြိုပြင်ဆင်မှုတွေပြုလုပ်တဲ့ အချိန်ကတည်းက မန်စီးတီးအသင်းနဲ့ ကစားရမယ့်ပွဲအတွက် ပြင်ဆင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ရာသီကြိုကတည်းက ဒီပွဲအတွက် ပြင်ဆင်ခဲ့ပါတယ်။ ပွဲအချိန်ဇယားကို ကျနော်တို့ သိပြီး ၆ ရက်အတွင်း ကြီးမားတဲ့ အဝေးကွင်း ၃ ပွဲနဲ့ ဒီလိုအခြေအနေမျိုးမှာ ကစားရတာဟာ အလွန်ရှားတယ် ဆိုတာကိုလည်း သိပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ နည်းဗျူဟာတွေကို ပြင်ဆင် ထားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က စပါးအသင်း အိမ်ကွင်းကို သွားရောက်ကာ မြောက်လန်ဒန်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ခဲ့ရပြီး ကြားရက်ထဲမှာ အီတလီနိုင်ငံကို ထွက်ခွာကာ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ အနားယူချိန် အနည်းငယ်ပဲရခဲ့ပြီး မန်ချက်စတာကို လာရောက်ကာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အာတီတာကိုတွေ့ရစဉ်
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ အဝေးကွင်း ၃ ပွဲဆက်တိုက် ပွဲကြီးပွဲကောင်းတွေ ယှဉ်ပြိုင်ရတာ ဖြစ်ပါ တယ်။
အာဆင်နယ်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ အဝေးကွင်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားခဲ့ပြီး မနှစ်ကရာသီက မန်စီးတီးအသင်း အိမ်ကွင်းမှာ ကစားတဲ့ပွဲမှာ ဂိုးမရှိ သရေကျခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီတစ်ကြိမ် မန်စီးတီးအသင်း အိမ်ကွင်း သွားရောက်တဲ့ အချိန်မှာလည်း သူတို့ထပ်ပြီး ယှဉ်ပြိုင် နိုင်တယ်ဆိုတာကို သက်သေပြရမှာ ဖြစ်တယ်လို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး အာဆင်နယ် အသင်းက ၃ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ် ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 3129
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပဲလေ့စ်အသင်း အိမ်ကွင်းမှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲဟာ ပြီးခဲ့တဲ့ရာသီက တွေ့ဆုံခဲ့တာနဲ့ ခြားနားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ပြီးခဲ့တဲ့ရာသီက ပဲလေ့စ်အသင်း ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဟာ လုံးဝထိုက်တန်ခဲ့ပေမယ့် အခုတွေ့ရမယ့်ပွဲက ခြားနားပါလိမ့်မယ်။ ပဲလေ့စ်အိမ်ကွင်းမှာ ကစားတိုင်း ခက်ခဲကြမ်းတမ်းတယ်ဆိုတာကို သိသလို အခြေအနေတွေကိုလည်း သိပါတယ်။ အဲဒီအချိန်တုန်းက အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အလွန်များနေပြီး ဒီတစ်ကြိမ်ကတော့ လုံးဝခြားနားပါတယ်။ ကျနော်တို့မှာ တောင့်တင်းတဲ့ လူစာရင်းရှိနေပြီး ရွေးချယ်စရာကစားသမား ၁၈ ဦးလည်းရှိပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပဲလေ့စ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်ပါ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတွေ့ဆုံမှုတုန်းက ခံစစ်ကစားသမား အများအပြား ဒဏ်ရာရနေခဲ့လို့ ကတ်စမဲရိုးကို ဂျွန်နီအီဗန်စ်နဲ့ တွဲဖက်ပြီး ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့ရတာပါ။
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ဒီရာသီမှာတော့ ယူနိုက်တက်အသင်းဟာ ဒဏ်ရာရ ကစားသမား အနည်းငယ်သာ ရှိတော့တာကြောင့် လူစာရင်း အင်အားတောင့်တင်းနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီအစပိုင်းမှာ ရလဒ်မကောင်းခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလားပွဲစဉ်တွေမှာ နိုင်ပွဲဆက်ခဲ့ပြီး ၁၀ ဂိုးအထိ သွင်းယူကာ ပေးဂိုးခွင့်ပြုရခြင်း မရှိခဲ့ပါဘူး။
ပဲလေ့စ်အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေပြီး ရမှတ် ၂ မှတ်သာ ရရှိသေးတာ ကြောင့် ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဒီပွဲက အလွန်ခြားနားတဲ့ ပွဲဖြစ်ဖို့မျှော်လင့်နေတာပါ။
ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတာကြောင့် ဒီပွဲမှာ အနိုင်ယူပြီး ရလဒ်ဆိုးနေတာကို အဆုံးသတ်ချင်နေတာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 1676
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁
အယ်လ်နာဆာအသင်းကို နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်နေတဲ့ ပိုင်အိုလီဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်မှာ အယ်လ်နာဆာအသင်းက အယ်လ်အက်တီဖတ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် ရော်နယ်ဒိုက ၁ ဂိုး သွင်းယူခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ နည်းပြဟောင်း ကတ်စထရိုကို ထုတ်ပယ်ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းကမှ အေစီမီလန် အသင်းကို ၂၀၂၂ ခုနှစ်က စီးရီးအေဖလားရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ ပိုင်အိုလီကို နည်းပြသစ်အဖြစ် ခန့်အပ် ခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ဒီရာသီအစ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပေမယ့် နည်းပြသစ် ပိုင်အိုလီ ပထမဆုံးကိုင်တွယ်တဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အယ်လ်ရှောတာအသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရရှိတဲ့ ပင်နယ်တီကနေ အယ်လ်နာဆာအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။
နည်းပြသစ် ပိုင်အိုလီကို တွေ့ရစဉ်
ဒီဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းယူတဲ့ တတိယမြောက်သွင်းဂိုးလည်း ဖြစ်ခဲ့ပါ တယ်။ အယ်လ်နာဆာအသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို အယ်လ်နာချ်ဒီနဲ့ တာလီစကာတို့က သွင်းယူ ခဲ့တာပါ။
စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အက်တီဖတ်အသင်းဟာ အယ်လ်နာဆာအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အယ်လ်အက်တီဖတ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အယ်လ်နာဆာအသင်းက အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
အယ်လ်နာဆာအသင်းဟာ လာမယ့်အပတ်မှာ အယ်လ်ဝါဒါအသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်၊ အယ်လ်ရေယန် အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1792
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀
သြစတြေးလျအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) တတိယအဆင့် ခြေစစ်ပွဲအစမှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီးနောက် အာနိုးလ်ဟာ နိုင်ငံအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
သြစတြေးလျအသင်းဟာ တတိယအဆင့် ခြေစစ်ပွဲ ၂ ပွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ဂိုးမရှိသရေ၊ ဘာရိန်းအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် အာနိုးလ်ဟာ ပရိသတ်တွေနဲ့ ဘောလုံးပွဲ သုံးသပ်သူတွေရဲ့ ကြီးကြီးမားမား ဝေဖန်မှုကို ခံရပြီးနောက် သြစတြေးလျအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
အာနိုးလ်ဟာ သြစတြေးလျအသင်းကို ၂၀၀၆-၀၇ အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ကနေ ၂၀၂၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့တာပါ။
နည်းပြအာနိုးလ်ကိုတွေ့ရစဉ်
အာနိုးလ်က “အင်ဒိုနီးရှားနဲ့ ပွဲပြီးကတည်းက ကျနော်ဟာ ဆုံးဖြတ်ချက်အချို့ ချဖို့ရှိတယ်လို့ ပြောခဲ့ပြီး အခုအချိန် က ကျနော့်အတွက်ရော နိုင်ငံအတွက်ပါ ပြောင်းလဲဖို့ အချိန်ကျပါပြီ။ နိုင်ငံအတွက်၊ ကစားသမားတွေအတွက်နဲ့ သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်တို့အတွက် အကောင်းဆုံးဖြစ်ဖို့အပေါ် မူတည်ပြီး ကျနော် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ တာပါ”လို့ ပြောခဲ့ပါတယ်။
သြစတြေးလျဘောလုံးအဖွဲ့ချုပ်ဟာ အာနိုးလ်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး အောက်တိုဘာလမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ မတိုင်ခင်မှာ နည်းပြသစ် ခန့်အပ်ဖို့ အာရုံစိုက် လုပ်ဆောင်နေတာပါ။
အာနိုးလ်ဟာ သူ့ရဲ့လက်ထက်မှာ သြစတြေးလျအသင်းကို အောင်မြင်မှု ရယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
သြစတြေးလျအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် ရနိုင်ဖို့အတွက် လက်ကျန် ခြေစစ်ပွဲတွေမှာ ရလဒ် ကောင်း ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
သြစတြေးလျအသင်းဟာ အောက်တိုဘာလထဲမှာ တရုတ်၊ ဂျပန်အသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 6548
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀
ပြီးခဲ့တဲ့အပတ်က ပဲလေ့စ်အသင်းနဲ့ပွဲမှာ VAR အမှားအယွင်း ဖြစ်ခဲ့တာကို ဖုံးကွယ်ဖို့ ပရီးမီးယားလိဂ်ဟာ မှားယွင်းတဲ့ပုံတွေ အသုံးပြုတယ်လို့ လက်စတာအသင်းနည်းပြ စတိဗ်ကူးပါးက စွပ်စွဲခဲ့ပါတယ်။
စတိဗ်ကူးပါးက “အလွန်ဆိုးရွားတဲ့ လူသားအမှားအယွင်းပါ။ ဒါက လူကျွံဘော ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသထားတဲ့ ပုံတွေကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သူတို့ပြသခဲ့တဲ့ ပုံတွေက အမှားအယွင်းတွေပါ။ သူတို့ အသုံးပြုတဲ့ပုံတွေ မှားတယ်ဆိုတာ ပရီးမီးယားလိဂ်ကို ကျနော်တို့ ပြသခဲ့ပါတယ်။ ကျနော်တို့အပေါ် ကြီးမားတဲ့ အမှား ဖြစ်ခဲ့ပြီး ဒီလိုမျိုးအမှားတွေ မဖြစ်သင့်ပါဘူး။ ကလပ်အတွက် ရပ်တည်ပြီး ကျနော်တို့ တွေးတဲ့အရာကို ပရီးမီးယားလိဂ်ထံ ပြောပြရမှာပါ”လို့ ပြောခဲ့တာပါ။
လက်စတာအသင်းဟာ ပြီးခဲ့တဲ့အပတ်က ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ လက်စတာအသင်းက ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူထားပေမယ့် ပဲလေ့စ်အသင်းအတွက် တိုက်စစ်မှူး မာတီတာက ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့တာပါ။
လက်စတာအသင်းနဲ့ ပဲလေ့စ်အသင်း ယှဉ်ပြိုင်နေစဉ်
မာတီတာ သွင်းယူတဲ့ ပထမဂိုးကို အစောပိုင်းက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့် VAR က စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ သွင်းဂိုးကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
မာတီတာရဲ့သွင်းဂိုးနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်ကနေ ထွက်ပေါ်လာတဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ တင်ထားတဲ့ပုံ အများအပြားမှာ လူကျွံဘော ဖြစ်နေတယ်ဆိုတာကို ပြသခဲ့တာပါ။
အဲဒါကြောင့် လက်စတာအသင်းဟာ VAR မှားယွင်းကြောင်းကို ပရီးမီးယားလိဂ်ထံ သက်သေပြသခဲ့ပေမယ့် တောင်းပန်မှု မရရှိခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)ကတော့ လက်စတာအသင်း ပြောခဲ့တဲ့ လူသား အမှားအယွင်းဆိုတာကို ငြင်းဆန်ခဲ့ပြီး VAR ဆုံးဖြတ်ချက် မမှားခဲ့ဘူးလို့ တုန့်ပြန်ထားတာပါ။
ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လက်စတာအသင်းဟာ ဒီရာသီပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ နိုင်ပွဲမရ သေးဘဲ ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 682
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က မိုနာကိုအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စောစီးစွာ အနီကတ်ထိခဲ့တာက ပွဲကိုပြောင်းလဲသွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ကျနော်တို့ဟာ ဒီပွဲမှာ အခွင့်အရေးတွေလည်းရခဲ့ပြီး အကောင်းဆုံးလည်းကြိုးစားခဲ့ပေမယ့် အနီ ကတ်က ပွဲကိုလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ အသင်းလိုက်ခံစစ်ကစားတာနဲ့ တိုက်စစ်ကစားဖို့ ကြိုးစားတာတွေက အပေါင်းလက္ခဏာဆောင်တဲ့အရာတွေပါ။ သူတို့အနိုင်ရဖို့ ထိုက်တန်တဲ့အတွက် ဒါကို ကျနော်တို့လက်ခံရမှာပါ။ ကျနော်တို့ဟာ ၇ ပွဲကစားဖို့ ကျန်ရှိနေပြီး ပွဲအများအပြားအနိုင်ရကာ လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်နိုင် ပါတယ်” လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ မိုနာကိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၀ မိနစ်မှာ ဘာစီလိုနာအသင်းနောက်ခံလူ ဂါစီယာဟာ မိုနာကိုအသင်းကစားသမား မီနာမီနိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ဂါစီယာ ထုတ်ပယ်ခံရ အပြီးမှာ မိုနာကိုအသင်းက ဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမယ့် ယာမဲလ်က ဘာစီလိုနာအသင်းအတွက် ချေပဂိုးပြန်သွင်း ယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာ မိုနာကိုအသင်းအနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။
ဘာစီလိုနာအသင်းဟာ လာလီဂါပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူထားတာကြောင့် ဒီရှုံးပွဲဟာ နည်းပြ ဟန်ဆီဖလစ်လက်ထက်မှာ စပိန်ကလပ်ရဲ့ ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်း ခေါင်းဆောင် တာစတီဂျန်က သူနဲ့ ဂါစီယာအကြား နားလည်မှုလွဲခဲ့တာကြောင့် အမှားအယွင်းဖြစ်ခဲ့ပြီး ဒီပွဲမှာ သူတို့ သရေရဖို့ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် လက်ကျန် ၇ ပွဲထဲမှာ ဘိုင်ယန်မြူးနစ်၊ဒေါ့မွန်၊ဘင်ဖီကာနဲ့ အတ္တလန်တာ တို့လို အသင်းကြီးတွေပါဝင်နေတာကြောင့် နောက်တစ်ဆင့်တက်ဖို့ဆိုရင် ဒီပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင် အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 739
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀
အတ္တလန်တာနဲ့ အာဆင်နယ်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဂိုးမပေးရအောင် ကာကွယ်မှုပြုလုပ်ခဲ့တဲ့ ဂိုးသမား ဒေးဗစ်ရာယာကို အာဆင်နယ်အသင်းနည်းပြ အာတီတာက ချီးကျူးသွား ခဲ့ပါတယ်။
အာတီတာက “ရာယာရဲ့ ကာကွယ်မှုက ကျနော့် သက်တမ်းတစ်လျှောက်မှာ မြင်တွေ့ဖူးသမျှထဲက အကောင်းဆုံး ကာကွယ်မှု ၂ ခုကို မြင်တွေ့ခဲ့ရပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ နိုင်ပွဲမရယူနိုင်ရင် ရမှတ်ရယူနိုင်ရပါမယ်။ ဒီပွဲမှာ ကျနော်တို့ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပေမယ့် ထိန်းချုပ်မှု ဆုံးရှုံးခဲ့တာတွေရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၁ မိနစ်မှာ အတ္တလန်တာအသင်း ပင်နယ်တီ ရရှိခဲ့ပြီး ရီတီဂွီရဲ့ ကန်သွင်းမှုကို ဒေးဗစ်ရာယာ ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကာကွယ်မှုကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရီတီဂွီက ခေါင်းတိုက်ခဲ့ပေမယ့် ဒေးဗစ်ရာယာက ထပ်ပြီး ကာကွယ်သွားနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အတ္တလန်တာအသင်းဆီကနေ ရမှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အတ္တလန်တာအသင်းနည်းပြ ဂတ်စပါရီနီက ဒေးဗစ်ရာယာကို ကြောင်တစ်ကောင်လိုပဲလို့ ပွဲအပြီးမှာ ပြောသွားခဲ့ တာပါ။
ဒေးဗစ်ရာယာကတော့ သူဟာ ပင်နယ်တီကို ကံကောင်းလို့ ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ပင်နယ်တီကာကွယ်မှုမှာ ဂိုးနည်းပြကို အသိအမှတ်ပြုရမယ်လို့ ပြောခဲ့ပါတယ်။
ဒေးဗစ်ရာယာက “ပင်နယ်တီနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်က အချိန်ကြာခဲ့ပါတယ်။ ဒါကြောင့် ကျနော်ဟာ ဂိုး နည်းပြဆီကို သွားခဲ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူက ကျနော့်ကို အများကြီးကူညီပေးခဲ့ပြီး ဒီကာကွယ်မှု မှာ သူ့ကို အသိအမှတ်ပြုရမှာပါ။ အသင်းအတွက် ဂိုးမပေးရအောင်နဲ့ သရေရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ခံစား ချက်က ကောင်းမွန်တယ်”လို့ ပြောခဲ့တာပါ။
ချန်ပီယံလိဂ် ပွဲစဉ်တွေအပြီးမှာ အာဆင်နယ်အသင်းက မန်စီးတီး၊ အတ္တလန်တာအသင်းက ကိုမိုအသင်းတို့နဲ့ အမှတ်ပေးပွဲတွေ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 2518
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉
အဲဗာတန်အသင်းဟာ ရာသီအစ ရလဒ်ပိုင်းတွေ အလွန်ဆိုးရွားနေတာကြောင့် နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကို လက်ရှိနည်းပြ ရှောင်ဒိုက်ရဲ့ နေရာမှာ အစားထိုးဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါ တယ်။
အဲဗာတန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထား တာကနေ ပွဲအပြီးမှာ ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
အဲဒါကြောင့် အဲဗာတန်အသင်းဟာ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံး အရေးနိမ့်ပြီး အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ဒီရာသီမှာ ဒွန်ကတ်စတာအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်တစ်ပွဲ တည်းသာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ဒါပေမယ့် မာဆေးဆိုက်ကလပ်ဟာ ပြီးခဲ့တဲ့ တတိယအဆင့်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းကို တွေ့ရစဉ်
ဒီလို ရလဒ်ဆိုးတွေကြောင့် အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်ဟာ ထုတ်ပယ်ခံရမယ့် နည်းပြစာရင်းထဲမှာ ထိပ်ဆုံးနေရာ ဦးဆောင်နေတာပါ။
အဲဗာတန်အသင်းဟာ ရှောင်ဒိုက်ကို ထုတ်ပယ်ခံမယ်ဆိုရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဒေးဗစ်မိုယက်စ်ဟာ အဲဗာတန်အသင်းကို ၂၀၀၂ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့အပြီးမှာ ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တာပါ။
ဒေးဗစ်မိုယက်စ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဝက်စ်ဟမ်းအသင်း နည်းပြရာထူးကနေ ထွက်ခွာထားတာကြောင့် လက်ရှိအချိန်မှာ ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာဖြစ်ပါတယ်။
ဒေးဗစ်မိုယက်စ်ဟာ အဲဗာတန်အသင်း အကြောင်းကိုသိတဲ့အတွက် သူ့ကိုနည်းပြသစ်အဖြစ် ခန့်အပ်သင့်တယ်လို့ ထောက်ခံမှုတွေကလည်း ရှိနေကြတာပါ။
အဲဗာတန်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ရလဒ်မကောင်းရင် နည်းပြရှောင်ဒိုက်ဟာ ထုတ်ပယ်ခံရဖို့ သေချာနေတယ်လို့ သိရပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 2942
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉
ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းနဲ့ ကွင်းလယ်လူ မေဆန်မောင့်တို့ဟာ ယူနိုက်တက် အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
ဟော့ဂျ်လန်းဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ အမေရိကန် ရာသီကြို ခြေစမ်းခရီးစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးပါဘူး။
မေဆန်မောင့်ကတော့ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသေးစားဒဏ်ရာ ရရှိခဲ့လို့ အနားယူနေရတာပါ။
ဒါပေမယ့် သူတို့နှစ်ဦးစလုံးဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ ယူနိုက်တက်အသင်းက အတည်ပြုခဲ့တာကြောင့် ပွဲပြန်ကစားနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ဟော့ဂျ်လန်းဟာ အစောပိုင်းက စက်တင်ဘာလအတွင်း ကျင်းပနေတဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ယူနိုက်တက် အသင်းအတွက် ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ ဘန်စလေအသင်းတို့ကို အနိုင်ရ ခဲ့တဲ့ပွဲတွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိတာပါ။
မေဆန်မောင့်ကို တွေ့ရစဉ်
ဒိန်းမတ် တိုက်စစ်မှူးဟာ ဒီတစ်ပတ်ကစားမယ့် ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီ ယူနိုက်တက် အသင်းအတွက် သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။
မေဆန်မောင့်ကတော့ ဒီလမကုန်ခင်မှာ ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ထား တာပါ။
ဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ ဒဏ်ရာကနေ သက်သာနေပြီဖြစ်ပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူဘယ်အချိန် ပြန်ကစားပေးနိုင်မလဲဆိုတာ ပြောဆိုထားခြင်း မရှိသေးပါဘူး။
ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင် ယူရိုပါလိဂ် ပွဲစဉ်လည်း ကစားဖို့ ရှိနေတာကြောင့် ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာတာဟာ အသင်းအတွက် သတင်းကောင်း ဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ရာသီအစပွဲတွေမှာ ရလဒ်တွေ ဆိုးခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ပေးဂိုးမပေးရဘဲ ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal