- By CNI
- Category: အားကစား
- Hits: 2973
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃
အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်ဇ်က ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် အပြီးမှာ သူတို့ဟာ ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်ပြီး နောက်တစ်ဆင့်ကို တက်ချင်တယ်လို့ ပြောခဲ့ပါတယ်။
မာတီနက်ဇ်က “ကျနော်တို့ဟာ ထိပ်ဆုံး ၈ သင်းထဲဝင်ပြီး ၁၆ သင်းအဆင့်ကို အလိုအလျောက် တက်ချင်ပါတယ်။ ဗီလာအသင်းဟာ အရှေ့ကိုသွားနေတဲ့ အသင်းဖြစ်ပြီး ဒါက ကျနော်ဒီမှာ ဆက်ရှိနေတဲ့ အဓိကအကြောင်းအရင်းပါ။ ဒီမှာကစားရတာကို နှစ်သက်ပြီး ပရိသတ်တွေကို ကျနော်ချစ်ပါတယ်။ ဒီနိုင်ပွဲဟာ သူတို့အတွက်ပါ”လို့ ပြောခဲ့တာ ပါ။
အက်စတွန်ဗီလာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဒူရမ်ရဲ့ ပွဲချိန် ၇၉ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲတွေမှာ ရှုံးပွဲမရှိ ကစားနိုင်တဲ့ မှတ်တမ်းဟာ ၄၁ ပွဲမှာ ရပ်တန့်သွားခဲ့ရတာပါ။
အက်စတွန်ဗီလာအသင်းဟာ နည်းပြ အူနှိုင်းအမ်မရီ ကိုင်တွယ်ပြီးကတည်းက ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနေပြီး ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၂ ပွဲကစား ၂ ပွဲစလုံး အနိုင်ရလဒ်ရရှိထားတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာနဲ့ဘိုင်ယန် ယှဉ်ပြိုင်နေစဉ်
ဘိုင်ယန်မြူးနစ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဒူရမ်ဟာ ဒီရာသီမှာ ဗီလာအသင်းအတွက် လူစားလဲ ဝင်ရောက်ပြီးနောက် သွင်းယူတဲ့ဂိုးက ၅ ဂိုးအထိ ရှိသွားပြီဖြစ်တာပါ။
မာတီနက်ဇ်က အသင်းဖော် ဒူရမ်ဟာ မတူညီတဲ့ စိတ်ဓါတ်တွေကို ယူဆောင် ပေးလာနိုင်တဲ့သူဖြစ်ပြီး ပထမဆုံး ဘောလုံးထိချက်မှာတင် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်တဲ့ နူအာကို ဂိုးသွင်းနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
ဒီပွဲကို အက်စတွန်ဗီလာအသင်းရဲ့ အမာခံ ပရိသတ်ဖြစ်တဲ့ မင်းသားဝီလျံလည်း လာရောက်ကြည့်ရှုခဲ့ပြီး အသင်းရဲ့ နိုင်ပွဲအတွက် ပျော်ရွှင်နေခဲ့တာပါ။
ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နေတဲ့ ဗီလာအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 1925
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃
လီဗာပူးလ်အသင်းက ဘိုလော့ဂ်နာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆာလက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဆာလက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး အာဖရိက ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
ဆာလက်ဟာ ချယ်လ်ဆီးအသင်းဂန္ထဝင် ဒရော့ဘာနဲ့ သွင်းဂိုး ၄၄ ဂိုးစီ တူညီနေတာကနေ ဘိုလော့ဂ်နာအသင်း နဲ့ပွဲက သွင်းဂိုးကြောင့် ၄၅ ဂိုးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး အာဖရိက ကစားသမား ဖြစ်လာခဲ့ပါ တယ်။
ဆာလက်နဲ့ ဒရော့ဘာတို့ရဲ့နောက်မှာ အီတူးက သွင်းဂိုး ၃၀ နဲ့ ရပ်တည်နေတာပါ။
ဒါအပြင် ဆာလက်ဟာ အန်ဖီးလ်ကွင်းမှာ ချန်ပီယံလိဂ် ၅ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး လီဗာပူးလ် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆာလက်ဟာ ရိုးမားအသင်းကနေ ရောက်ရှိလာပြီးကတည်းက လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးပုံစံ တွေကို ရာသီတိုင်းပြသနေတာပါ။
ဆာလက်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဆာလက်ဟာ အမြဲတမ်းဂိုးတွေ သွင်းယူနေမယ့်သူလို့ ချီးကျူးခဲ့ ပါတယ်။
အာနီဆလော့က “ဆာလက်လို ကစားသမားမျိုးက ပွဲတွေဆက်ပြီး ကစားနေမယ်ဆိုရင် သူတို့ဟာ အမြဲတမ်း ဂိုးတွေ သွင်းယူမယ့်သူပါ။ ဆာလက်ဟာ ဒီပွဲမှာ အကောင်းဆုံး လုပ်နိုင်ခဲ့သလို လက်ရှိအချိန်မှာ သူလုပ်ဆောင် နေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး ကျနော် ပျော်ရွှင်ပါတယ်။ လာမယ့်ရာသီကို ကျနော်မကြည့်ပါဘူး”လို့ ပြောခဲ့ တာပါ။
ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် အခုထိ စာချုပ်သစ် အတွက် သဘောတူညီမှု မရရှိသေးတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ် ၂ ပွဲ ကစားပြီးအချိန်မှာ ၂ ပွဲစလုံး အနိုင်ရရှိထားသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ကာ အကောင်းဆုံး ရလဒ်တွေကို ပိုင်ဆိုင်နေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 2452
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂
လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်ဟာ ဂျာမနီအသင်း နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထင်ကြေးတွေအပေါ် တုန့်ပြန်ခဲ့ပါတယ်။
ကလော့ပ်က “လူတိုင်းက နာဂျယ်လ်စမန်းကို ၂၀၂၆ ကနေ နောက်ထပ် နှစ်ပေါင်းများစွာအထိ ဂျာမနီအသင်း နည်းပြအဖြစ် ဆက်ရှိဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။
ကလော့ပ်ဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်း နည်းပြရာထူးကနေ ထွက်ခွာပြီးကတည်းက နည်းပြရာထူး အတွက် ချိတ်ဆက်မှု အများအပြားခံခဲ့ရတာ ဖြစ်ပါတယ်။
ဂျာမနီလူမျိုးနည်းပြဟာ အမေရိကန်အသင်း နည်းပြရာထူးအတွက် ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ပယ်ချခဲ့တာပါ။
အဲဒါကြောင့် အမေရိကန်အသင်းဟာ ချယ်လ်ဆီးအသင်း နည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ကလော့ပ်ဟာ အင်္ဂလန်အသင်း နည်းပြရာထူးအတွက်လည်း ချိတ်ဆက်ခံခဲ့ရတာပါ။
ကလော့ပ်ကို တွေ့ရစဉ်
ကလော့ပ်ကတော့ အင်္ဂလန်အသင်း နည်းပြရာထူးကို ငြင်းဆန်ကာ လက်ရှိအချိန်မှာ နည်းပြလောကထဲကို ဝင်ရောက်ဦးမှာ မဟုတ်သေးဘူးလို့ ပြောခဲ့ပါတယ်။
ကလော့ပ်ဟာ နာဂျယ်လ်စမန်းရဲ့ နေရာကို အစားထိုးဝင်ရောက်ပြီး ဂျာမနီအသင်း နည်းပြဖြစ်လာနိုင်တဲ့သူ အဖြစ်လည်း ဖော်ပြခြင်းခံထားရတာပါ။
နာဂျယ်လ်စမန်းနဲ့ ဂျာမနီအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
ဒါပေမယ့် ကလော့ပ်ကတော့ နာဂျယ်လ်စမန်းကို ဒီပြိုင်ပွဲအပြီးမှာလည်း နိုင်ငံအသင်းရဲ့နည်းပြအဖြစ် ဆက်ရှိဖို့ မျှော်လင့်ထားတာပါ။
ဂျာမနီအသင်းဟာ နည်းပြ နာဂျယ်လ်စမန်း လက်အောက်မှာ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပါတယ်။
ဂျာမနီအသင်းဟာ ဒီလထဲမှာ နေးရှင်းလိဂ် ပွဲစဉ်အဖြစ် ဘော့စနီးယား၊ နယ်သာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2494
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာချီဒါဟာ သူ့ရဲ့ ၁၃ သင်းမြောက်ကလပ်အသင်းအဖြစ် ဂရိစူပါလိဂ် ကလပ် အက်စ်တီရက်စ်ထရီပိုလစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်ခဲ့တဲ့ မာချီဒါဟာ ဂရိကလပ်မှာ ချယ်လ်ဆီးအသင်းကွင်းလယ်လူဟောင်း မက်ခီလီလီနဲ့ အလုပ်အတူတူတွဲလုပ်ရမှာပါ။
မက်ခီလီလီဟာ အက်စ် တီရက်စ်ထရီပိုလစ်အသင်းရဲ့ နည်းပြအဖြစ်တာဝန်ယူနေတာဖြစ်ပါတယ်။
မာချီဒါဟာ ၂၀၀၉-၁၀ ရာသီက အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် နာမည်ကြီးခဲ့ပေမယ့် ပရီးမီးယားလိဂ်ကလပ်အတွက် ၃၆ ပွဲသာ ကစားခဲ့ရပြီး ၅ ဂိုးသွင်းယူကာ ထွက်ခွာခဲ့တာပါ။
မာချီဒါဟာ ယူနိုက်တက်အသင်းမှာရှိချိန်က ဆမ်ဒိုးရီးယား၊ကျူပီအာ၊စတုဂတ်၊ဒွန်ကတ်စတာရိုဗာနဲ့ ဘာမင်ဂမ် အသင်းတွေမှာ အငှားကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကာဒစ်ဖ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
မာချီဒါဟာ အက်စ်တီရက်စ်ထရီပိုလစ်အသင်းထံ မပြောင်းရွှေ့ခင်မှာ နော်တင်ဟမ်ဖောရက်စ်၊ နိုဗာရာ၊ ပါနာသီနိုင်ကို့စ်၊အန်ကာရာဂူချူနဲ့ အေပိုးလ်အသင်းတွေမှာလည်း ကစားခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ မာချီဒါအနေနဲ့ အသင်းသစ်မှာ နေရာရဖို့အတွက် ဟန်ဂေရီအသင်းတိုက်စစ်မှူး အဒမ်နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
အက်စ်တီရက်စ်ထရီပိုလစ်အသင်းဟာ ဒီရာသီ ဂရိစူပါလိဂ်ပြိုင်ပွဲမှာ ၆ ပွဲကစားထားပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး မာချီဒါအနေနဲ့ အသင်းကို ရလဒ်ကောင်းတွေရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 743
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂
ယူနိုက်တက်အသင်းဟာ စပါးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့တာမှာ အောင်မြင်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ စပါးအသင်း ကွင်းလယ်လူ မက်ဒီဆင်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အနီကတ်ပြစ်ဒဏ်အပေါ် တနင်္လာနေ့က အယူခံဝင်ခဲ့ပြီးနောက်မှာ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)က အနီကတ်ကိုပယ်ဖျက်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ ၃ ပွဲပယ်ခံရမှာ မဟုတ်တော့ဘဲ လာမယ့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပါဝင်ခွင့်ရရှိသွားခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ကို အနီကတ် ပြသခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေခဲ့ပြီး မက်ဒီဆင် ကိုယ်တိုင် က ဒါဟာ အနီကတ် မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကလည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ အနီကတ်က ပွဲကိုအပြောင်းအလဲ ဖြစ်ခဲ့တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ် မထုတ်ပယ်ခံရချိန်ကတည်းက စပါးအသင်းကို အဖွင့်ဂိုး ပေးခဲ့ရပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၂ ဂိုးပေးကာ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၃ နေရာအထိ ကျဆင်းသွားခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်လည်း ရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။
ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲစဉ်တုန်း က တွမ်တီးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1415
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂
အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့ပြီးနောက် နည်းပြ အာတီတာက သူတို့ဟာ ချန်ပီယံလိဂ် ဖလားအတွက် စိန်ခေါ်သူတွေဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ရဲ့စွမ်းဆောင်ရည်အပေါ် အလွန်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ကိုယ်ရည်ကိုယ်သွေး အများကြီးရှိတဲ့ ပြိုင်ဘက်နဲ့ ကစားခဲ့ရပြီး ဘောလုံးမရှိတဲ့အချိန်တွေမှာ ရင်ဆိုင်ရတာခက်ခဲပါတယ်။ ပထမပိုင်းကို ကျနော်တို့အသာစီးနဲ့ ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်းအများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ မတူညီတဲ့တောင်းဆိုမှုတွေကို ကျနော်တို့ ကောင်းမွန်စွာကိုင်တွယ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ကစားသမား တွေကလည်း ကျနော်တို့လမ်းကြောင်းမှန်ပေါ်ဦးတည်နေတယ်လို့ခံစားနေရကြောင်း”ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဟာဗက်ဇ်နဲ့ ဆာကာတို့က ပထမပိုင်းမှာ သွင်းယူခဲ့တာ ပါ။ ပီအက်စ်ဂျီအသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးရယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် အာဆင်နယ်အသင်းက ပွဲကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဆာကာက အသင်းဟာ ဒီရာသီမှာ ဆုဖလားတွေနဲ့ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ကြောင်း ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် အင်းနရစ်က သူတို့ဟာ ဒီပွဲမှာ လိုအပ်နေတဲ့ စံနှုန်းတွေနဲ့ ဝေးကွာခဲ့ပြီး အာဆင်နယ်အသင်းကို မယှဉ်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲစီ ကစားအပြီးမှာ အာဆင်နယ်အသင်းက ၄ မှတ်၊ ပီအက်စ်ဂျီအသင်းက ၃ မှတ်ရရှိထားတာပါ။
လာမယ့်အောက်တိုဘာနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် နောက်ဆုံး လိဂ်ပွဲစဉ်တွေအဖြစ် အာဆင်နယ်အသင်းက ဆောက်သမ်တန်၊ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 2048
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁
စီးရီးအေကလပ် ဂျီနိုအာအသင်းဟာ အီတလီနိုင်ငံထံ ပြောင်းရွှေ့ဖို့အလားအလာရှိနေတဲ့ အင်္ဂလန်ကစားသမား ဒယ်လီအလီကို ချဉ်းကပ်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
စပါးကစားသမားဟောင်း ဒယ်လီအလီဟာ ပေါင်ဒဏ်ရာခံစားခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်ကတည်းက ဘောလုံး ကွင်းထဲကို ခြေပြန်မချနိုင်တော့ဘဲ နွေရာသီမှာ အဲဗာတန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တာပါ။
ဒယ်လီအလီဟာ စာချုပ်ကုန်ဆုံးသွားခဲ့ပေမယ့် အဲဗာတန်အသင်းမှာပဲ လေ့ကျင့်မှုတွေကို ဆက်ပြီးပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
Il Secolo XIX က ဒယ်လီအလီဟာ ဂျီနိုအာအသင်းရဲ့ ချဉ်းကပ်မှုကို ရရှိထားပြီး အီတလီကလပ်အသင်းနဲ့အတူ ဘောလုံးကွင်းထဲကို ပြန်ဝင်နိုင်ဖို့နီးစပ်နေပြီလို့ ဖော်ပြထားတာပါ။
ဒယ်လီအလီဟာ ပေါင်ဒဏ်ရာအပြင် စိတ်ကျန်းမာရေးအတွက် ရုန်းကန်ခဲ့ရတယ်လို့ အရင်က ဝန်ခံထားခဲ့တာ ဖြစ်ပါတယ်။
ဒယ်လီအလီဟာ အရင်က ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသခဲ့ပြီး အင်္ဂလန် အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တာပါ။
စပါးအသင်းနဲ့အတူ တောက်ပခဲ့ပြီး အင်္ဂလန် အသင်းအတွက် ပွဲပေါင်း ၃၇ ပွဲအထိ ပါဝင်ကစားခဲ့တဲ့ ဒယ်လီအလီဟာ နောက်ပိုင်းမှာ ပုံစံကောင်းတွေ ပျောက်ဆုံး ခဲ့တာကြောင့် လက်ရွေးစင်အသင်းနဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းကလည်း ဒယ်လီအလီအနေနဲ့ ကစားနိုင်ဖို့အတွက် လိုအပ်တဲ့အဆင့်ရှိကြောင်းကို သက်သေ ပြသနိုင်မယ်ဆိုရင် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားဆဲဖြစ်တာပါ။
အဲဒါကြောင့် ဒယ်လီအလီ အနေနဲ့ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ဖို့ အာရုံစိုက်နေပြီး သူ့အတွက် အသင်းတစ်သင်းရရှိနိုင်မယ့် အလားအလာ ကလည်း ကောင်းမွန်နေပါတယ်။
ဒယ်လီအလီဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းအတွက် တစ်ပွဲမှ ပါဝင် ကစားနိုင်ခြင်းမရှိခဲ့ဘဲ သူနောက်ဆုံးကစားခဲ့တဲ့ တူရကီကလပ် ဘက်ဆီးတပ်စ်အသင်းမှာလည်း ၁၅ ပွဲသာပါဝင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 1975
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အီတူးဟာ ဖီဖာရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် နိုင်ငံ အသင်းနဲ့ ပတ်သက်တဲ့ပွဲတွေကို တက်ရောက်ကြည့်ရှုခွင့် ၆ လ ပိတ်ပင်ခံခဲ့ရပါတယ်။
ဘာစီလိုနာတိုက်စစ်မှူးဟောင်း အီတူးဟာ ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်ထားတဲ့ စည်းမျဉ်း ၂ ခုကိုချိုးဖောက်ပြီးနောက် အရေးယူခြင်းခံခဲ့ရတာပါ။
အီတူးဟာ စက်တင်ဘာ ၁၁ ရက်က ကင်မရွန်းနဲ့ ဘရာဇီးလ် အသင်းတို့ယှဉ်ပြိုင်ခဲ့တဲ့ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်က ဖြစ်ရပ်တွေကြောင့် ပိတ်ပင် ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အဲဒါကြောင့် အသက် ၄၃ နှစ်အရွယ်ရှိ အီတူးဟာ ကင်မရွန်းအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းယှဉ်ပြိုင်မယ့် ဘယ်ပွဲကိုမဆို တက်ရောက်ကြည့်ရှုခွင့် ၆ လပိတ်ပင်ခံခဲ့ရတာပါ။
ဒီပိတ်ပင်မှုဟာ ချက်ချင်းအသက်ဝင်မှာဖြစ်သလို ဒီဆုံးဖြတ်ချက်အတွက် အီတူးကို အကြောင်းကြားထားတယ်လို့ ဖီဖာက ပြောထားပါတယ်။
အီတူးဟာ ကျင့်ဝတ်ဖောက်ဖျက်မှုကြောင့် ပြီးခဲ့တဲ့ဇူလိုင်က အာဖရိက ဘောလုံး အဖွဲ့ချုပ်ရဲ့ ဒေါ်လာ၂၀၀,၀၀၀ ဒဏ်ကြေးငွေ ချမျတ်ခြင်းလည်းခံထားရတာပါ။
အာဖရိကတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ၄ ကြိမ်ရရှိခဲ့တဲ့ အီတူးဟာ လောင်းကစားကုမ္ပဏီ 1XBET နဲ့ သံတမန် စာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် ဒဏ်ကြေးငွေ ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အီတူးဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးကို ရယူခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက အငြင်းပွားဖွယ်ရာ ဖြစ်ရပ်အများအပြားကို လုပ်ဆောင်ခဲ့တာပါ။
ကင်မရွန်းအသင်းကတော့ ဒီလထဲမှာ Africa Cup of Nations ခြေစစ်ပွဲအဖြစ် ကင်ညာအသင်းနဲ့ ၂ ပွဲကစားဖို့ရှိနေပြီး ခြေစစ်ပွဲ ၂ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ် ရရှိထားတာ ဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 3157
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁
ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမယ့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ မြန်မာပြည်အလွတ်တန်း ချန်ပီယံလုပွဲကြီးအဖြစ် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ယှဥ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၉ ရက်နေ့မှာ ကရင်ပြည်နယ် ဘားအံကွင်းမှာ ယှဥ်ပြိုင်ထိုးသတ် သွားမှာပါ။
ဒီပွဲမှာတော့ ၇ ချီအလဲထိုး စနစ်အစား ၅ ချီသာထိုးသတ် သွားမှာဖြစ်ပါတယ်။
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ဟာ ၂ ကြိမ်တိတိ ယှဥ်ပြိုင်ထိုးသတ်ထားပြီး TGL ပြိုင်ပွဲမှာ သွေးသစ်ဝင်းလှိုင်က အမှတ်နဲ့အနိုင်ရရှိထားကာ ဒုတိယအကြိမ်မြောက် MLWC ပွဲမှာတော့ ပူးတွဲသရေရလဒ် ရရှိထားပါတယ်။
ဒါကြောင့် အခု အလွတ်တန်း စိန်ခေါ်ပွဲမှာတော့ လက်ရှိအလွတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်ထားတဲ့ ထွန်းထွန်းမင်းနဲ့ TGL ချန်ပီယံ သွေးသစ်ဝင်းလှိုင် တို့ပွဲဟာ တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။
ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ရဲ့ စိန်ခေါ်ပွဲကို တွေ့ရစဥ်
လတ်တလောမှာ ထွန်းထွန်းမင်းဟာ လူငယ်လက်သစ်ဖိုက်တာ ကျော်စွာဝင်းကို အမြင့်ခြေကန်ချက်နဲ့ အနိုင်ယူ ကာ ထပ်ဆင့်ချန်ပီယံဘွဲ့ကို ကာကွယ်ထားတာပါ။
သွေးသစ်ဝင်းလှိုင်ကတော့ ထိုင်းဖိုက်မှာ ရှုံးနိမ့်ထားတဲ့ ဂုဏ်သိက္ခာကို ရိုးရာချိန်ပီယံပွဲမှာ ပြန်ယူပြီး သိက္ခာ ပြန်ဆယ် သွားမလားဆိုတာတော့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဒီပွဲကတော့ ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲအောက်က သွားတဲ့အတွက် သွေးသစ်ဝင်းလှိုင်အနေနဲ့ ထိုင်းဖိုက်မှာ ကျခဲ့တဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ ရှိနေသလို ထွန်းထွန်းမင်းကလည်း ထပ်ဆင့်ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် အရင်လက်ရည်မျိုး ပြန်ရနေတဲ့ ထွန်းထွန်းမင်းနဲ့ သိက္ခာဆယ်မယ့် သွေးသစ်ဝင်းလှိုင်တို့ ပွဲကို ရိုးရာလက်ဝှေ့ရဲ့ တွဲဆိုင်းတွေထဲမှာ စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်နေတာပါ။

- By CNI
- Category: အားကစား
- Hits: 1140
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁
အသလက်တီကိုအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းဟာ ပြင်သစ်လက်ရွေးစင် အသင်းအတွက် ၁၀ နှစ်ကြာ ကစားပေးပြီးနောက် နိုင်ငံတကာဘောလုံးလောက-ကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။
ဂရစ်ဇ်မန်းက “ပြင်သစ်လက်ရွေးစင် ကစားသမားအဖြစ်ကနေ အနားယူမယ်လို့ ကျနော်ကြေညာပါတယ်။ စိန်ခေါ် မှုတွေ၊ အောင်မြင်မှုတွေနဲ့ မမေ့နိုင်တဲ့ ၁၀ ကြာကို ဖြတ်သန်းပြီးနောက်မှာ မျိုးဆက်သစ်တွေအတွက် နေရာပေးဖို့ အချိန်ရောက်လာပါပြီ။ ဒီအင်္ကျီကို ဝတ်ဆင်ရတာဟာ ကျနော့်အတွက် ဂုဏ်ယူစရာနဲ့ အခွင့်ထူးပါပဲ။ ပြင်သစ် လက်ရွေးစင်အသင်းရဲ့ အနာဂတ်ဟာ တောက်ပနေပြီး နောက်မျိုးဆက်တွေ တောက်ပတာကို မြင်တွေ့ရဖို့ ကျနော် မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ပြောခဲ့တာပါ။
၂၀၁၄ ခုနှစ်၊ မတ်လက နယ်သာလန်အသင်းနဲ့ ခြေစမ်းပွဲမှာ ပြင်သစ်အသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့လက နေးရှင်းလိဂ်ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် သူ့ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင် ကစားခဲ့တာဖြစ်ပါတယ်။
ဂရစ်ဇ်မန်းကို တွေ့ရစဉ်
ဂရစ်ဇ်မန်းဟာ ပြင်သစ်အသင်းနဲ့ အတူ ယူရို ၂၀၁၆ ဗိုလ်လုပွဲ၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ၂၀၂၁ နေးရှင်းလိဂ် ဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ခဲ့ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၁ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ဂရစ်ဇ်မန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၃၇ ပွဲကစားခဲ့ပြီး ၄၄ ဂိုးသွင်းယူကာ နိုင်ငံအသင်းသမိုင်းမှာ တတိယမြောက်ပွဲ အရေအတွက် အများဆုံးကစားသမားနဲ့ စတုတ္ထမြောက် ဂိုးအများဆုံး သွင်းယူတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က ပြင်သစ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ဂရစ်ဇ်မန်းဟာ နိုင်ငံအသင်းနဲ့ တစ်ဦးချင်းဆုတွေကိုလည်း ရယူနိုင်ခဲ့တာပါ။
ဂရစ်ဇ်မန်းဟာ လက်ရှိအချိန်မှာ အသလက်တီကိုအသင်းအတွက် ပါဝင်ကစားနေပေမယ့် သူ့ရဲ့ကစားသမားဘဝကို မေဂျာလိဂ်မှာ ကစားပြီးအဆုံးသတ်ချင်တယ်လို့ မကြာခဏ ပြောခဲ့တာဖြစ်ပါတယ်။
Source: ESPN