
- By CNI
- Category: အားကစား
- Hits: 1494
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဒေါ့မွန်အသင်းကို အရှုံးကနေ အနိုင်ရအောင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ ဗီနီစီးယက်စ်ရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာကို ချီးကျူးသွားခဲ့ပါတယ်။
အန်ဆယ်လော့တီက “ဗီနီစီးယက်စ်ဟာ ဒုတိယပိုင်းမှာ ထူးခြားတဲ့အရာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ထူးခြားတဲ့ စရိုက်လက္ခဏာတွေနဲ့အတူ ပြင်းထန်မှု၊ ခွန်အားတွေနဲ့ ကစားခဲ့ပါတယ်။ ဗီနီစီးယက်စ်ဟာ ဘောလွန်းဒီအောဆုကို ရယူနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါက ဒီညမှာ သူလုပ်ခဲ့တဲ့ အရာတွေကြောင့် မဟုတ်ဘဲ ပြီးခဲ့တဲ့ရာသီက လုပ်ခဲ့တဲ့အရာတွေကြောင့်ပါ”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒေါ့မွန်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ဥရောပချန်ပီယံတွေဟာ ဗီနီစီးယက်စ်ရဲ့ ဟက်ထရစ်၊ ရူဒီဂါ၊ ဗက်ဇ်ကွက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဒေါ့မွန်အသင်းကို ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
ဗီနီစီးယက်စ်ဟာ ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းစားနေ ချိန်မှာ နောက်ထပ် စွမ်းဆောင်ရည်ကောင်းကို ပြသခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ရီးရယ်လ်အသင်း ပရိသတ်တွေဟာ “ဘောလွန်းဒီအော၊ ဗီနီစီးယက်စ် ဘောလွန်းဒီအော”ဆိုပြီး အော်ဟစ်သီဆိုမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဗီနီစီးယက်စ်က “အိမ်ကွင်းမှာ ကျနော်တို့ရဲ့ ပရိသတ်တွေနဲ့အတူ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာကို သိပါတယ်။ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ အလွန်တိတ်ဆိတ်နေခဲ့ပြီး နည်းပြပြောစကားကို နားထောင်နေခဲ့ပါတယ်။ ပထမဂိုးရတာနဲ့ ကျနော်တို့ ပြန်လာနိုင်မယ်လို့ သူပြောခဲ့ပြီး ကျနော်တို့ ဒါကို လုပ်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေက ကျနော့်ရဲ့နာမည်ကို သီဆိုတဲ့အချိန်မှာ အိပ်မက်တွေ အမှန်တကယ်ဖြစ်ခဲ့ပြီး သူတို့အတွက် ဂိုးတွေပိုပြီး သွင်းယူ ချင်ခဲ့တယ်”လို့ Movistar ကို ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၆ မှတ်ရရှိထားကာ အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 937
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂
လေဗာကူဆင်အသင်းဟာ နည်းပြဖြစ်သူ အလွန်ဆို နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တဲ့အပေါ် ပြင်ဆင်မှု တွေပြုလုပ်နေပြီဖြစ်ပါတယ်။
အလွန်ဆိုဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းကို ဘွန်ဒက်လီဂါနဲ့ ပိုကယ်လ်ဖလားရယူပေးပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် အသင်းကြီးအများအပြားရဲ့ ပစ်မှတ် ဖြစ်ခဲ့တာပါ။
ဒါပေမယ့် အလွန်ဆိုဟာ ကလော့ပ်ရဲ့နေရာကို အစားထိုးဝင်ရောက်ကာ လီဗာပူးလ် အသင်း နည်းပြသစ် ဖြစ်လာနိုင်မယ့် အခွင့်အရေးကို ပယ်ချခဲ့ပြီး လေဗာကူဆင်အသင်းမှာ ဆက်ပြီး ရှိနေခဲ့တာဖြစ်ပါတယ်။
အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းစာချုပ်ဟာ ၂၀၂၅-၂၆ ရာသီအကုန်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် လာမယ့် နွေရာသီမှာ သူထွက်ခွာသွားဖွယ်ရှိတယ်လို့ Sky Germany က ဖော်ပြခဲ့တာပါ။
မန်စီးတီးအသင်းဟာ နည်းပြ ဂွာဒီယိုလာရဲ့ အနာဂတ်အသင်းမှာ မသေချာတာကြောင့် အလွန်ဆိုကို ခန့်အပ်ဖို့ စိတ်ဝင်စားကြောင်း ပြသ ခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး စပိန် လူမျိုးနည်းပြဟာ အနာဂတ်အပေါ် ဆုံးဖြတ်ရခြင်းမရှိသေးတာပါ။
အလွန်ဆိုဟာ အသင်းဟောင်း ရီးရဲလ်အသင်းရဲ့ နည်းပြရာထူးကို ရယူနိုင်မယ့်သူအဖြစ်လည်း ရေပန်းစား နေတာဖြစ်ပါတယ်။
အလွန်ဆိုဟာ ရီးရယ်လ်အသင်းမှာ ပွဲပေါင်း ၂၃၀ ကျော်ကစားခဲ့ပြီး ၂၀၁၄ ချန်ပီယံလိဂ် ဖလားအပါအဝင် ဆုဖလားအချို့ရယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် လေဗာကူဆင်အသင်းဟာ အလွန်ဆိုရဲ့နေရာကို ဆက်ခံနိုင်မယ့်သူတွေကို ရှာဖွေနေပြီး စတုဂတ်အသင်းနည်းပြ ဟိုးနက်စ်နဲ့ ဂျာမနီအသင်းလက်ထောက်နည်းပြ ဝက်ဂ်နာတို့ဟာ နည်းပြသစ်စာရင်းထဲ ပါဝင်နေပါတယ်။
လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရှုံးပွဲကြုံတွေ့ထားပြီး အဆင့် ၁ နေရာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၄ နေရာမှာရပ်တည် နေတာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 411
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂
အာဆင်နယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ယူနိုက်တက်အသင်း ကစားသမားသစ် ယိုရိုဟာ ကာရင်တန်မြက်ခင်းပြင်ပေါ်မှာ ပထမဆုံးအကြိမ် လေ့ကျင့်မှုတွေ ပြန်ပြုလုပ်ခဲ့ပါ တယ်။
နွေရာသီ အပြောင်းအရွှေ့က လိုင်လီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ယိုရိုဟာ ရိန်းဂျားစ်အသင်းနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်ခဲ့တာပါ။
ဒါပေမယ့် ယိုရိုဟာ အာဆင်နယ်အသင်းနဲ့ အမေရိကန် ရာသီကြို ခြေစမ်းခရီးစဉ်မှာ နာရီဝက်သာ ကစားပြီးနောက် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယိုရိုဟာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၃ လကြာ အနားယူနေခဲ့ရတာပါ။
အခုအချိန်မှာတော့ ယူနိုက်တက်အသင်းဟာ ယိုရိုနဲ့ ပတ်သက်တဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံး အခြေအနေ တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ယိုရိုကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ကာရင်တန်မှာ တစ်ဦးချင်း လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေတဲ့ ယိုရိုရဲ့ ဗွီဒီယိုကိုတင်ခဲ့ပြီး သူဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အဓိကအစုအဖွဲ့ထဲကို ပြန်လည်ပူးပေါင်းနိုင်မယ်လို့ ဖော်ပြခဲ့တာပါ။
ယိုရိုဟာ ယူနိုက်တက်အသင်းအတွက် ကစားပေးနိုင်ဖို့ အလုပ်လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးပေမယ့် သူ့ရဲ့အခြေအနေဟာ နည်းပြအဲရစ်တန်ဟတ်အတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဗဟိုနောက်ခံလူ တစ်ဦးဖြစ်တဲ့ မက်ဂွဲယားကို ဒဏ်ရာကြောင့် အနားပေးထားရပြီး ဒီလစ်၊ လီဆန်ဒရိုမာတီနက်ဇ်၊ အီဗန်စ်နဲ့ လင်ဒီလော့ဖ်တို့ကို အသုံးပြုနေရတာပါ။
ပြီးခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 865
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂
လီဗာပူးလ် အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဗန်ဒိုက်က “စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ။ ကျနော်ဟာ လီဗာပူးလ်အသင်းအတွက် အပြည့်အဝ အာရုံစိုက်နေပြီး ရှေ့လာမယ့် ပွဲတွေကို အနိုင်ယူချင်ပါတယ်။ ကျနော်ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကောင်းမွန်တယ်လို့ခံစားရပြီး ပျော်ရွှင်နေပါ တယ်။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ လက်ရှိအချိန်မှာ မသိသေးပေမယ့် ဆွေးနွေးမှုတွေ စတင်နေပြီဆိုတာပဲ ပြောနိုင်တယ်”လို့ ပြောခဲ့တာပါ။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက လီဗာပူးလ်အသင်းမှာ ရှိနေခဲ့တဲ့ ဗန်ဒိုက်ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။
ဗန်ဒိုက်အပြင် အာနိုးလ်နဲ့ ဆာလက်တို့ရဲ့ စာချုပ်တွေကလည်း ရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် စာချုပ်သစ် အတွက် လီဗာပူးလ်အသင်းနဲ့ သဘောတူညီမှု မရရှိသေးပါဘူး။
ဗန်ဒိုက်ကို တွေ့ရစဉ်
ဆောက်သမ်တန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ပရီးမီးယား လိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ဖီဖာကလပ် ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတွေ ရရှိအောင် ကူညီ ပေးနိုင်ခဲ့ပါတယ်။
ဗန်ဒိုက်ဟာ နည်းပြသစ် အာနီဆလော့ လက်ထက်မှာလည်း လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်း ပြသနေပြီး အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရောက်ရှိအောင် ပို့ဆောင်ပေးထားတာပါ။
နောက်ခံလူ ဗန်ဒိုက် ဦးဆောင်တဲ့ လီဗာပူးလ်အသင်းရဲ့ ခံစစ်ပိုင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုး ၃ ဂိုး သာပေးထားရပြီး လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ်မှတ်တမ်းကို ရရှိထားပါတယ်။
လီဗာပူးလ်အသင်းဟာ အောက်တိုဘာ ၂၄ ရက်မှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 2341
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂
ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဒူးအရွတ်စုတ်ပြဲ(ACL)ဒဏ်ရာကြောင့် တစ်နှစ်ကြာ အနားယူရပြီးနောက် သူ့ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းက အယ်လ်အိန်းအသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပွဲချိန် ၇၇ မိနစ်မှာ နေမာဟာ အယ်လ်ဒေါဆာရီရဲ့ နေရာမှာ လူစားလဲဝင်ရောက်ခဲ့တာပါ။
နေမာဟာ ဒီပွဲမှာ ပွဲချိန်မိနစ် အနည်းငယ်သာ ပါဝင်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့သေးတာ ဖြစ်ပါတယ်။
ဒီပွဲကို နေမာရဲ့ ချစ်သူ ဘီယန်ကာဒီ၊ သမီးဖြစ်သူ မာဗီနဲ့ ဘီယန်ကာဒီရဲ့ မိဘတွေက တက်ရောက်ကြည့်ရှုပြီး အားပေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
နေမာဟာ သူပြန်လာနိုင်ခဲ့ပြီဖြစ်တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
၂၀၂၃ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ ယူရိုသန်း ၉၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ် အသင်းအတွက် ၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီးနောက် ဒဏ်ရာကြောင့် တစ်နှစ်ကြာ အနားယူခဲ့ရတာပါ။
နေမာကိုတွေ့ရစဉ်
နေမာ ပြန်ကစားနိုင်တဲ့အပေါ် အသင်းဟောင်း ဆန်းတို့စ်အသင်းက သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
နေမာဟာ နိုင်ငံခြားသား ကစားသမားအရေအတွက် ကန့်သတ်မှုမရှိတဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာတော့ ဒုတိယရာသီဝက်မှသာ ပါဝင်ကစားလို့ရရှိမှာပါ။
ဆော်ဒီပရိုလိဂ်ဟာ နိုင်ငံခြားသား ကစားသမား အရေအတွက် ကန့်သတ်ထားတာကြောင့် အယ်လ်ဟီလယ် အသင်းဟာ ပထမရာသီဝက်အတွက် လူစာရင်းမှာ နေမာကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။
နေမာ ပွဲပြန်ကစားနိုင်ပြီဖြစ်တဲ့အတွက် ဘရာဇီးလ်အသင်းဟာ လာမယ့် နိုဝင်ဘာမှာ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သူ့ကို လူစာရင်းထဲရွေးချယ်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၁၀ ပွဲ ကစားအပြီးမှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1536
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
ဇာဗီဟာ ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထွက်ခွာပြီးနောက် ၅ လအကြာမှာ နည်းပြလောကထဲကို ပြန်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီအကုန်က ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ ဇာဗီဟာ မကြာခင်မှာ နည်းပြ လောကထဲကို ပြန်ရောက်ရှိနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
ဒီအချိန်မှာ ကာတာသတင်းစာ Al Raya က ကာတာဘောလုံးအဖွဲ့ချုပ်ဟာ ဇာဗီကို နိုင်ငံအသင်းရဲ့နည်းပြအဖြစ်ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ကာတာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ပွဲစဉ်မှာ အီရန်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် နည်းပြ မားကွက်ဇ်ဟာ ဖိအားတွေအောက် ရောက်ရှိနေတာပါ။
ဇာဗီဟာ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းမှာ ကစားသမားဘဝအဆုံးသတ်ခဲ့ပြီးနောက် သူ့ရဲ့နည်းပြဘဝကို အယ်လ်ဆတ်ဒ်အသင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။
ဇာဗီဟာ အယ်လ်ဆတ်ဒ်အသင်းကို နှစ်ရာသီကြာ ကိုင်တွယ် အပြီးမှာ ဘာစီလိုနာအသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ ပြန်ရောက်ရှိလာခဲ့တာပါ။
အဲဒါကြောင့် ကာတာ ဘောလုံးအဖွဲ့ချုပ်နဲ့ ဇာဗီတို့ဟာ ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ကာတာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်ခြေစစ်ပွဲ ၄ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
အာရှဖလားချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ ကာတာအသင်းဟာ လာမယ့်နိုဝင်ဘာထဲမှာ ခြေစစ်ပွဲတွေအဖြစ် ဥဇဘတ်ကစ္စတန်၊ယူအေအီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1437
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကြားရက်မှာကစားမယ့် စပါတာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဝေါလ်ကာနဲ့ ဒီဘရိုင်း ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ချန်ပီယံလိဂ်ပွဲအတွက် သူတို့နှစ်ဦး အဆင်သင့်ဖြစ်မယ်လို့ ကျနော် မထင်ပါဘူး။ ကျနော်တို့ဟာ ဒီပွဲမတိုင်ခင် ရက်အနည်းငယ် လေ့ကျင့်မှု ပြုလုပ်ဖို့ရှိပေမယ့် ကျနော်ကတော့ သူတို့နှစ်ဦး ပါဝင်နိုင်မယ်လို့ မထင်ကြောင်း”Sky Sports ကို ပြောခဲ့တာပါ။
ဝေါလ်ကာနဲ့ ဒီဘရိုင်းတို့ဟာ မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရပြီး ကတည်းက မန်စီးတီးအသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရက် အနည်းငယ်က အပေါ့စား လေ့ကျင့်မှု အစီအစဉ်တွေကို ပြန်လည်ပြုလုပ်နေပြီ ဖြစ်တာပါ။
ဒီဘရိုင်းနဲ့ ဝေါလ်ကာကိုတွေ့ရစဉ်
မန်စီးတီးအသင်းခေါင်းဆောင် ဝေါလ်ကာဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပါဝင် ကစားခဲ့ပေမယ့် ဒဏ်ရာရခဲ့တာကြောင့် ကြံ့ခိုင်မှုအပြည့်အဝ မရှိသေးတာဖြစ်ပါတယ်။
အဲဒါကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဝေါလ်ကာနဲ့ ဒီဘရိုင်းတို့ နှစ်ဦးစလုံး ပါဝင်နိုင်ဖို့ မျှော်လင့်ထားခြင်းမရှိတာပါ။
မန်စီးတီးအသင်းဟာ ရိုဒရီနဲ့ ဘော့ဘ်တို့ကို ကာလရှည်ကြာ အနားပေးထားရပြီး အကီနဲ့ အကန်ဂျီတို့ကတော့ အသင်းအတွက် ပါဝင်ကစားနိုင်ပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် စပါတာအသင်းနဲ့ ပွဲစဉ်မှာ ချန်ပီယံလိဂ် ဒုတိယမြောက် နိုင်ပွဲရယူနိုင်ဖို့ ရည်မှန်း ထားတာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: MCEN
- By CNI
- Category: အားကစား
- Hits: 2642
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
ဘရာဇီးလ်အသင်း တိုက်စစ်မှူး နေမာက သူ့ရဲ့ ၁၂ လကြာ ဒဏ်ရာအိပ်မက်ဆိုးအကြောင်းကို NR Sports YouTube channel နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောရင်းငိုကြွေးခဲ့ပါတယ်။
နေမာက “ကျနော် အကြီးအကျယ် နာကျင်ခံစားခဲ့ရပြီး ဒါက လေးနက်တယ်ဆိုတာကို သိပါတယ်။ ဘဝမှာ အလိုချင်ဆုံးအရာက ဘောလုံးကစားဖို့ဖြစ်ပြီး ကွင်းနဲ့ ဝေးကွာနေရတဲ့အတွက် ကျနော် နေ့တိုင်းခံစားနေရပါတယ်။ ဒါက ကျနော့်ကို အနာကျင်ရဆုံးပါပဲ။ ကျနော်ဟာ ဘဝရဲ့အရေးပါဆုံးလူတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဘောလုံးကို အာရုံစိုက်နေပါတယ်။ ဒဏ်ရာတွေရတိုင်း ပြန်ထပြီး လမ်းတစ်ဝက်နဲ့ ဘယ်တော့မှလှည့်မပြန်ဘူး”လို့ ပြောခဲ့တာပါ။
၂၀၂၃ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ ဆော်ဒီကလပ် အတွက် ၅ ပွဲသာ ပါဝင်ကစားရသေးတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ နေမာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပါဝင်ကစားချိန် ပြင်းထန်တဲ့ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
နေမာကို တွေ့ရစဉ်
အဲဒါကြောင့် နေမာဟာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဘောလုံးလောကနဲ့ ၁ နှစ်ကြာ ဝေးကွာခဲ့တာပါ။
အခုအချိန်မှာတော့ နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အယ်လ်အိန်းအသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းထဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းနဲ့ နေမာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်ရှိနေတာပါ။
အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ နေမာကို စာချုပ်သက်တမ်းတိုးဖို့ ရှိနေပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားသလို အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 1358
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က ကွင်းလယ် ဒိုင်လူကြီး ဂျွန်ဘရွတ်ခ်စ်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။
အာနီဆလော့က “ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးဟာ အန်ဖီးလ်ပရိသတ်တွေရဲ့ လွှမ်းမိုးမှုမခံရအောင် အပြင်းအထန် ကြိုးစားခဲ့ပြီး သူချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေကို မပေးနိုင်ကြောင်း ပြသခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု တွေဟာ ကျနော်တို့ ကစားသမားတွေကို အကူအညီပေးခဲ့တယ်ဆိုတာ သေချာပါတယ်။ အန်ဖီးလ်မှာ အမြဲတမ်း ပင်နယ်တီ လွယ်လွယ်ကူကူ ရတယ်ဆိုပြီး လူတိုင်းက ထင်နေတဲ့အရာတွေကလည်း ဖြစ်မလာခဲ့ပါဘူး။ ဒီပွဲမှာ ဒါကမဟုတ်ဘူးဆိုတာကို ထပ်ပြီးပြသခဲ့တယ်”လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်ပွဲစဉ် ၈ ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးကို ဆာလက်က သွင်းယူခဲ့ပြီး ဂျက်ဆန်က ချယ်လ်ဆီးအသင်း အတွက် ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် ကာတစ်ဂျုံးစ်က လီဗာပူးလ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တာပါ။
လီဗာပူးလ်နဲ့ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
ဒီပွဲရဲ့ အစောပိုင်းမှာ ချယ်လ်ဆီးအသင်း နောက်ခံလူ တိုဆင်ဟာ လီဗာပူးလ်အသင်း တိုက်စစ်မှူး ဂျိုတာကို ဆွဲချခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက အဝါကတ်သာ ပြသခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ဆာလက်ကို ဂိုးဧရိယာအတွင်း ချယ်လ်ဆီးအသင်း ဖျက်ထုတ်ခဲ့တာကို ပင်နယ်တီ မပေးတာနဲ့ ကာတစ်ဂျုံးစ်ကို ချယ်လ်ဆီးအသင်း ဂိုးသမား ဆန်းချက်ဇ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ပင်နယ်တီပေးပြီးမှ ပြန်ဖျက်ခဲ့တဲ့အပေါ် လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။
အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ခြားနားတဲ့ ချဉ်းကပ်မှုကို လုပ်ခဲ့ရင် လီဗာပူးလ်အသင်းက ပိုပြီး သက်တောင့် သက်သာနဲ့ အနိုင်ရမယ်လို့ အာနီဆလော့က ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် ၈ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အရေးနိမ့်ကာ ၇ ပွဲ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2902
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅
ချယ်လ်ဆီးအသင်း နောက်ခံလူ ရီစီဂျိမ်းစ်ဟာ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်လည် ပါဝင်ခဲ့တာကြောင့် ကလပ်အသင်းအတွက် ပါဝင်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ရီစီဂျိမ်းစ်ဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပါဝင်ကစား နိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်း ခေါင်းဆောင်ဟာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့အချိန်မှာ နောက်ထပ် ဆုတ်ယုတ်မှုတွေ ကြုံတွေ့ခဲ့ရပြီး အသင်းရဲ့ ဒီရာသီအစ ပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရီစီဂျိမ်းစ်ဟာ ချယ်လ်ဆီး အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ရီစီဂျိမ်းစ်ဟာ ခြေစွမ်းပိုင်း ကောင်းမွန်ပေမယ့် မကြာခဏဆိုသလို ဒဏ်ရာနှိပ်စက်မှုတွေ ကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ရီစီဂျိမ်းစ်ကို တွေ့ရစဉ်
ရီစီဂျိမ်းစ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဒဏ်ရာတွေကြောင့် ပွဲပေါင်း ၁၂၉ ပွဲအထိ လွဲချော်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ရီစီဂျိမ်းစ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ အပြည့်အဝ သက်သာပြီဖြစ်တဲ့အတွက် လီဗာပူးလ်အသင်း နဲ့ပွဲအတွက် ပြင်ဆင်နေတဲ့ ချယ်လ်ဆီးအသင်းဖော်တွေနဲ့ ပူးပေါင်းခဲ့တာပါ။
ဒါပေမယ့် ရီစီဂျိမ်းစ်ဟာ လီဗာပူးလ်အသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ စောလွန်း သေးတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ပွဲစဉ် အများအပြား ကစားဖို့ရှိနေတာကြောင့် ရီစီဂျိမ်းစ် ဒဏ်ရာကနေ ပြန်သက်သာပြီး လေ့ကျင့်ခန်း ဆင်းနိုင်တာက သူတို့အတွက် သတင်းကောင်းဖြစ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲစလုံး ရှုံးပွဲမရှိဘဲ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal