- By CNI
- Category: အားကစား
- Hits: 2300
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁
လက်စတာအသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းက အသင်းမှာဆက်ရှိဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ပြောခဲ့ ပါတယ်။
နစ္စတယ်ရွိုင်းက “နည်းပြသစ် ရောက်လာခဲ့ရင်လည်း ကျနော် ဆက်ရှိချင်ပါတယ်။ ကျနော်ဟာ လက်ထောက် အဖြစ်နဲ့ ကလပ်ကို ကူညီဖို့လာခဲ့တာပါ။ အခုယာယီနည်းပြအဖြစ်နဲ့ အသင်းက လိုအပ်တဲ့ အချိန်ကာလအထိ ကူညီပေးသွားမှာပါ။ အသင်းရဲ့ ပြောင်းလဲပြင်ဆင်မှု အနာဂတ်မှာလည်း ဘယ်အခန်းကဏ္ဍမဆိုပါဝင်ပြီး ကူညီ ပေးသွားချင်ပါတယ်။ အဲဒါကြောင့်လည်း ကျနော်ဒီမှာရှိနေတာပါ”လို့ Sky Sports ကို ပြောခဲ့ပါတယ်။
နွေရာသီက ယူနိုက်တက်အသင်းကို လက်ထောက်နည်းပြအဖြစ်နဲ့ ရောက်ရှိလာခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ထုတ်ပယ် ခံခဲ့ရတဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နေရာမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ရတဲ့ ပထမဆုံးပွဲမှာ ဂိုးပြတ်နိုင်ပွဲ ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်း နည်းပြ နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း နည်းပြ အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ လုပ်ဆောင် နေပေမယ့် သတင်းတွေအရ ပေါ်တူဂီလူမျိုးနည်းပြဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်တွေ စတင်မယ့် အချိန်မှသာ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ချယ်လ်ဆီး၊ လက်စတာအသင်းတို့နဲ့ ပရီးမီးယားလိဂ်၊ PAOK အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ဆက်ပြီးကိုင်တွယ်ရဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ လက်စတာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယာယီနည်းပြ နစ္စတယ်ရွိုင်းက လက်စတာအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက် ကစားသမားတွေဟာ အလွန် ကောင်းမွန်ခဲ့တယ်လို့ ချီးကျူးခဲ့ပြီး လာမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ကို အာရုံစိုက်ထားတယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၄ နေရာ ရပ်တည်နေတာကြောင့် ချယ်လ်ဆီးအသင်း နဲ့ပွဲစဉ်မှာ နိုင်ပွဲရယူပြီး ရလဒ်ဆိုးတွေကို အဆုံးသတ်ဖို့ ယာယီနည်းပြ နစ္စတယ်ရွိုင်းက ပစ်မှတ်ထားနေတာ ဖြစ်ပါ တယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1180
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ပြီးခဲ့တဲ့အသင်းရဲ့ပွဲတွေမှာ တောင်ပံကစားသမား ဆန်ချိုကို အသုံးမပြုခဲ့တာက နည်းဗျူဟာ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ဆန်ချိုဟာ အသင်းကို ရောက်ရှိလာကတည်းက ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်။ ပွဲအရေအတွက် များပြားတဲ့အတွက် ကစားသမားတွေဟာ တစ်ရာသီလုံး တူညီတဲ့အဆင့်ကို ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ ပွဲမှာ ဆန်ချို မကစားခဲ့ရတာက မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် မဟုတ်ဘဲ နည်းဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့်ပါ။ သူဟာ ပွဲအများကြီး ကစားရမှာဖြစ်တဲ့အတွက် သူလုပ်ရမယ့် တစ်ခုတည်းသောအရာက အလုပ်ကို ဆက်ကြိုးစားဖို့နဲ့ အခွင့်အရေးပေးတဲ့အချိန်မှာ အရယူဖို့ပါ”လို့ ပြောခဲ့ တာပါ။
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက် ပွဲထွက်လူစာရင်း ပါဝင်ခဲ့ပြီး ၃ ဂိုးဖန်တီးကာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုကို တွေ့ရစဉ်
ဒါပေမယ့် ဆန်ချိုဟာ ချယ်လ်ဆီးအသင်း နောက်ဆုံးကစားခဲ့တဲ့ ပါနာသီနိုင်ကို့စ်အသင်းနဲ့ ကွန်းဖရန့်လိဂ်၊ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ လူစားဝင် ကစားသမားအဖြစ်တောင် ပါဝင်ခဲ့ရခြင်းမရှိတာပါ။
ဆန်ချိုကို ချယ်လ်ဆီးအသင်း အသုံးမပြုခဲ့တဲ့အပေါ် မေးခွန်းထုတ်မှုတွေရှိလာခဲ့ပြီး နည်းပြ မာရက်စ်ကာကတော့ အခြား အကြောင်းအရင်းတွေကြောင့် မဟုတ်ဘဲ နည်းဗျူဟာဆိုင်ရာကြောင့်သာ အသုံးမပြုခဲ့တာလို့ ပြောခဲ့ပါ တယ်။
ချယ်လ်ဆီးအသင်းမှာ ကစားသမား လူစာရင်း များပြားတာကြောင့် ဆန်ချိုအနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက် နက်တို၊ မူဒရစ်တို့နဲ့အပြိုင် ကြိုးစားရဖို့ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အငှားနဲ့ခေါ်ယူထားပေမယ့် ရာသီကုန်ချိန်မှာ အပြီးသတ် ဝယ်ယူရမယ့်အချက် ပါဝင်နေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆန်ချိုဟာ သူ့ရဲ့မိခင် ကလပ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကို ပါဝင်လို့ရမှာ မဟုတ်ဘူးဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2008
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့အတွက် အရင်က အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)ရဲ့ ချဉ်းကပ်မှုကို ခံခဲ့ရဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
မော်ရင်ဟိုက “ချယ်လ်ဆီး အသင်းကနေ ပထမအကြိမ် ထွက်ခွာခဲ့တဲ့ ၂၀၀၇-၀၈ က အင်္ဂလန်နည်းပြရာထူး အတွက် ချဉ်းကပ်မှုကို ကျနော် ရခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ စားပွဲဝိုင်းပေါ်မှာရှိခဲ့ပြီး နည်းပြရာထူးကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် မဖြစ်ခဲ့ပါဘူး”လို့ Sky Sports ကိုပြောခဲ့တာပါ။
မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်း နည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ ၂၀၀၇ ခုနှစ်က အင်္ဂလန်အသင်း နည်းပြ ရာထူးအတွက် FA ရဲ့ ချဉ်းကပ်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဒီအချိန်တုန်းက အင်္ဂလန်အသင်းဟာ နည်းပြ မက္ကလာရင် လက်အောက်မှာ ယူရို ၂၀၀၈ ပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိခဲ့တာပါ။
မော်ရင်ဟိုကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့တာကြောင့် အင်္ဂလန်အသင်း နည်းပြရာထူးကို ရယူနိုင်မယ့် အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မော်ရင်ဟိုနဲ့ အဆင်မပြေခဲ့ပြီးနောက် FA ဟာ အီတလီလူမျိုးနည်းပြ ကာပယ်လိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
မော်ရင်ဟိုဟာ နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီအသင်း နည်းပြရာထူးအတွက်လည်း ကမ်းလှမ်းမှု ၃ ကြိမ်ခံခဲ့ရပြီး ၃ ကြိမ်စလုံး ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုက သူဟာ အနာဂတ်မှာ နိုင်ငံအသင်းတစ်သင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ ဆန္ဒရှိပေမယ့် လက်ရှိ အချိန်မှာတော့ ကလပ်အသင်းကိုပဲ ကိုင်တွယ်ချင်တယ်လို့ ပြောခဲ့တာပါ။
မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက ဂါလာတာ စာရေးအသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၄ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 3226
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀
အယ်လ်နာဆာအသင်းဟာ အသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ ပင်နယ်တီ လွဲချော်မှုကြောင့် ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဆော်ဒီဘုရင့်ဖလား ၁၆ သင်းအဆင့်အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ အယ်လ်တာဝေါင်အသင်းက အယ်လ်နာဆာ အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
အယ်လ်တာဝေါင်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၇၁ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး အယ်လ်နာဆာအသင်းဟာ ချေပဂိုးရရှိနိုင်မယ့် အခွင့်အရေးဖြစ်တဲ့ ပင်နယ်တီကို နာကျင်အချိန်ပိုမှာ ရရှိခဲ့တာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက ကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၁၈ ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဒီတစ်ကြိမ် ကန်သွင်းမှုကတော့ လွဲချော်ခဲ့တာပါ။
အဲဒါကြောင့် အယ်လ်နာဆာအသင်းဟာ ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ပြီးခဲ့တဲ့ စက်တင်ဘာက နည်းပြ ကတ်စထရိုရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ ပိုင်အိုလီဟာ အယ်လ်နာဆာ အသင်းနည်းပြဘဝ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။
အယ်လ်နာဆာအသင်း နည်းပြ ပိုင်အိုလီက ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ စိတ်ပျက်မိပေမယ့် လက်ကျန် ဆုဖလားတွေကို ရယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီမှာဆုဖလား ၂ လုံး ရယူနိုင်ဖို့ အခွင့်အရေး ရှိနေပေမယ့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၆ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အယ်လ်နာဆာအသင်းဟာ ၃ ပွဲကစားပြီး ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီတစ်ပတ် ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဟီလယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1496
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀
ယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လုပ်ဆောင် နေပေမယ့် သူကတော့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဘာမှမဆုံးဖြတ်ရသေးပါဘူး။ ဒီပွဲက စပို့တင်းအသင်းနည်းပြဘဝ နှုတ်ဆက်ပွဲ ဟုတ်/မဟုတ် ဆိုတာ လည်း ကျနော်မသိပါဘူး။ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပြီး စာချုပ်မှာ ငွေပေးချေရမယ့် အချက်လည်း ရှိပါတယ်။ ကျနော့်မှာ ပိုပြီးခိုင်မာတဲ့အရာရှိရင် ဒီကိုလာပြီး ကျနော့်ရဲ့ ရပ်တည်မှုကို ပြောပြမှာပါ။ ဒါက ကျနော့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါလိမ့်မယ်။ အရာအားလုံးကို မဆုံးဖြတ်ရသေးတဲ့အတွက် အများကြီးပြောစရာမရှိဘူး”လို့ ပြောခဲ့ တာပါ။
စပို့တင်းလစ္စဘွန်းအသင်းက နေစီယွန်နယ်လ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပေါ်တူဂီလိဂ်ဖလားပွဲစဉ်ဟာ ပေါ်တူဂီကလပ်အတွက် အာမိုရင် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်ဖြစ်နိုင်တယ်လို့ ဖော်ပြနေကြပေမယ့် နည်းပြ ကတော့ အနာဂတ်အပေါ် တိကျတဲ့ အဖြေပေးခဲ့ခြင်းမရှိပါဘူး။
စပို့တင်းလစ္စဘွန်းအသင်းက ယူနိုက်တက်အသင်းဟာ နည်းပြ အာမိုရင်အတွက် ချဉ်းကပ်မှု ပြုလုပ်ခဲ့ပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀ သန်းကို ပေးချေဖို့ ဆန္ဒရှိနေကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။
အာမိုရင်ကို တွေ့ရစဉ်
အာမိုရင်ဟာ သောကြာနေ့မှာ ကစားမယ့် အမာဒိုရာအသင်းနဲ့ လိဂ်ပွဲစဉ်ကို ပြင်ဆင်ဖို့အတွက် စပို့တင်းလစ္စဘွန်း အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ဦးမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းကတော့ အာမိုရင်ကို ဒီတစ်ပတ်ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကို ကိုင်တွယ်နိုင်စေဖို့ ရည်မှန်းပြီး စာချုပ်ကိစ္စကို အပြီးသတ်လုပ်ဆောင်နေတာပါ။
ယာယီနည်းပြ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ကာရာဘောင်းဖလား ပွဲစဉ်တစ်ပွဲသာ ကိုင်တွယ်ပြီး အာမိုရင် ရောက်ရှိလာချိန်မှာ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေဆိုးနေတဲ့ ယူနိုက်တက်အသင်းဟာ ကာရာဘောင်း ဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1437
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉
အသင်းလက်မဲ့ဖြစ်နေတဲ့ အီတလီတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီဟာ စီးရီးအေကလပ် ဂျီနိုအာအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဘာလော့တယ်လီဟာ ဂျီနိုအာအသင်းနဲ့ ရာသီအကုန်ထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၄၅ ဝတ်ဆင်သွားမှာပါ။
ဘာလော့တယ်လီက သူဟာ ဂျီနိုအာအသင်းနဲ့အတူ အမြန်ဆုံး စတင်ချင်နေပြီး အရာအားလုံးကို ပေးသွားမယ်လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။
ဘာလော့တယ်လီဟာ တူရကီကလပ် အဒါနာဒီမာစပေါ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဇွန်လကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ပြီး ဂျီနိုအာအသင်းထံ မပြောင်းရွှေ့ခင် အသင်းအချို့နဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာပါ။
ဂျီနိုအာအသင်းဟာ ကစားသမားအချို့ ဒဏ်ရာရရှိနေတာကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ ဘာလော့တယ်လီကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဂျီနိုအာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ လာဇီယိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့် ပြီးနောက် အမှတ်ပေးဇယားအဆင့် ၁၈ တန်းဆင်းဇုန်ထဲကို ရောက်ရှိသွားခဲ့တာပါ။
ဘာလော့တယ်လီကို တွေ့ရစဉ်
ဂျီနိုအာအသင်းနည်းပြ ဂီလာဒီနိုက အသင်းရဲ့ ပြဿနာတွေကို ဘာလော့တယ်လီ တစ်ဦးတည်း ဖြေရှင်းလို့ရမှာ မဟုတ်ပေမယ့် သူ့ရဲ့အရည်အသွေးတွေနဲ့ အကူအညီပေးနိုင်တယ်လို့ ပြောထားပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ အဒါနာဒီမာစပေါ်အသင်းအတွက် ၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘာလော့တယ်လီဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက် ဘရက်စီယာအသင်းမှာ တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီရာသီစီးရီးအေပြိုင်ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိထားတဲ့ ဂျီနိုအာအသင်းဟာ ကြားရက်ထဲမှာ ဖီအိုရင်တီးနားအသင်းနဲ့ ကစားဖို့ရှိနေပြီး ဒီပွဲစဉ်မှာ ဘာလော့တယ်လီဟာ ဂျီနိုအာအသင်း ကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်လာ နိုင်တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1897
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉
၂၀၂၄ ခုနှစ်အတွက် အမျိုးသားဘောလွန်းဒီအောဆုကို ရရှိခဲ့တဲ့ ရိုဒရီက စပိန်အသင်းဖော် ယာမဲလ်ဟာ အနာဂတ်မှာ ဒီဆုကို ရရှိလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ရိုဒရီက “ယာမဲလ်ဟာ မကြာခင်မှာ ဘောလွန်းဒီအောဆုကို ရရှိမှာပါ။ ကျနော် ဒါကို ယုံကြည်ပါတယ်။ အခု အတိုင်း အလုပ်ကို ဆက်လုပ်ပြီး ဆက်ကြိုးစားနေမယ်ဆိုရင် ဒီဆုကို သူရရှိမှာပါ”လို့ ပြောခဲ့တာပါ။
ရိုဒရီဟာ ရီးရယ်လ်အသင်း ကစားသမားတွေဖြစ်တဲ့ ဗီနီစီးယက်စ်နဲ့ ဘယ်လင်ဂမ်တို့ကို အသာရပြီး ၂၀၂၄ ခုနှစ် အတွက် ဘောလွန်းဒီအောဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ကလည်း ဒီဆုပေးပွဲမှာ လူငယ်အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ Kopa Trophy ကို ရရှိခဲ့တာပါ။
ရိုဒရီဟာ ဘောလွန်းဒီအောဆုကို ရယူပြီးချိန် စကားပြောခဲ့တာမှာ ယာမဲလ်အနေနဲ့ ဆက်ပြီးတိုးတက်နေ မယ်ဆိုရင် ဘောလွန်းဒီအောဆုကို ရရှိလိမ့်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ယာမဲလ်ကို တွေ့ရစဉ်
ယာမဲလ်ဟာ ၂၀၂၄ ခုနှစ်အတွက် ဘောလွန်းဒီအောစာရင်းမှာ နံပတ် ၈ နေရာ ရပ်တည်ခဲ့တာပါ။
ယာမဲလ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်း ချန်ပီယံဆုရရှိအောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်တဲ့သူ ဖြစ်သလို ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနေတာပါ။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ ရီးရယ်လ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာ အပါအဝင် ဒီရာသီ ဘာစီလိုနာအသင်း အတွက် ကစားထားတဲ့ ၁၄ ပွဲမှာ ၆ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ယာမဲလ်ဟာ တစ်ဦးချင်း အောင်မြင်မှုတွေအပြင် ဘာစီလိုနာအသင်းကို လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာက ရီးရယ်လ်အသင်းကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်ထားတဲ့ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် အက်စ်ပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2270
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉
စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်ဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ယူနိုက်တက်အသင်း နည်းပြရာထူးကို ရယူနိုင်ဖို့ ဦးဆောင်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
မန်ချက်စတာကလပ်ဟာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကစားသမားဟောင်း နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပေမယ့် နည်းပြသစ် ရှာဖွေမှုတွေကို အလျင်အမြန် ပြုလုပ်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် စပို့တင်းလစ္စဘွန်းအသင်းကို လျော်ကြေးပေါင် ၁၀ သန်း ဝန်းကျင် ပေးချေရဖို့ရှိနေတာပါ။
အာမိုရင်ဟာ ကလော့ပ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ လီဗာပူးလ်အသင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့သလို ဝက်စ်ဟမ်းအသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးတာဖြစ်ပါတယ်။
ဒါအပြင် မန်စီးတီးအသင်းကလည်း နည်းပြ ဂွာဒီယိုလာရဲ့ အနာဂတ် မရေမရာဖြစ်နေတာကြောင့် အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေတာပါ။
နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အာမိုရင်ကို နည်းပြသစ်အဖြစ် အမြန်ဆုံးခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အာမိုရင်ဟာ ၂၀၂၀ ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပေါ်တူဂီအမှတ်ပေးဖလား ၂ ကြိမ် အပါအဝင် ဆုဖလား ၅ လုံး ရယူပေးနိုင်ခဲ့တာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်းက နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ပြီးနောက် ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် မေးမြန်းခံရချိန်မှာ အနာဂတ်အကြောင်း မပြောချင်ဘဲ စပို့တင်းအသင်းနည်းပြ ဖြစ်ရတာကို ဂုဏ်ယူတယ်လို့ ဖြေခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဆင်မပြေရင် ဘရန်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်စ်အပြင် အခြားနည်းပြအချို့ကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။
ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ယာယီနည်းပြ နစ္စတယ်ရွိုင်းအနေနဲ့ ရလဒ်ဆိုးတွေကို အဆုံးသတ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 795
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉
မန်စီးတီးနဲ့ စပိန်အသင်း ကွင်းလယ်လူ ရိုဒရီဟာ ၂၀၂၄ ခုနှစ်အတွက် အမျိုးသားဘောလွန်းဒီအောဆုကို ပထမဆုံးအကြိမ် ရရှိသွားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ရိုဒရီဟာ စပိန်အသင်းကို ယူရို ၂၀၂၄ ဖလားနဲ့ မန်စီးတီးအသင်းကို ၄ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။
ရိုဒရီဟာ မန်စီးတီးအသင်းသမိုင်းမှာ ပထမဆုံး ဘောလွန်းဒီအောဆု ရယူနိုင်ခဲ့တဲ့သူဖြစ်ခဲ့သလို ၁၉၆၀ ခုနှစ် နောက်ပိုင်း ဘောလွန်းဒီအောဆုကို ရရှိတဲ့ ပထမဆုံး စပိန်အမျိုးသားကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်ကစားသမားတွေဖြစ်တဲ့ ဗီနီစီးယက်စ်နဲ့ ဘယ်လင်ဂမ်တို့ကတော့ ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဘောလွန်းဒီအောဆုကို ဗီနီစီးယက်စ် မရရှိဘူးလို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒီဆုပေးပွဲကို ဘယ်သူမှ တက်ရောက်ခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
ဗီနီစီးယက်စ်ဟာ ၂၀၂၄ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့်သူအဖြစ် ရေပန်းအစားဆုံး ဖြစ်ခဲ့ပေ မယ့် ရိုဒရီက ဒီနှစ်အတွက် ဆုကို ရယူသွားနိုင်ခဲ့တာပါ။
ရိုဒရီက “ကျနော်၊ ကျနော့် မိသားစုနဲ့ ကျနော့်ရဲ့နိုင်ငံအတွက် အလွန်ထူးခြားတဲ့နေ့ပါပဲ။ ဒီနေ့ဟာ ကျနော် တစ်ဦး တည်းအတွက် အောင်ပွဲမဟုတ်ဘဲ စပိန်ဘောလုံးလောကအတွက် အောင်ပွဲပါ။ ဒီဆုကို ရဖို့ထိုက်တန်ပေမယ့် မရခဲ့ ကြတဲ့ စပိန်ကစားသမားဟောင်းတွေရဲ့ အောင်ပွဲပါ”လို့ ပြောခဲ့ပါတယ်။
ရိုဒရီကို တွေ့ရစဉ်
အမျိုးသမီးဘောလွန်းဒီအောဆုကို စပိန်နဲ့ ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။
ဘွန်မာတီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းနဲ့ ဆုဖလား ၄ လုံး ရယူနိုင်ခဲ့သလို စပိန်အသင်းကို အမျိုးသမီး နေးရှင်းလိဂ်ဖလား ရရှိအောင်လည်း သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့တာပါ။
နော်ဝေအသင်းက ဟန်ဆန်နဲ့ စပိန်အသင်းက ပါရယ်လ်လူအယ်လိုက ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်ခဲ့ ပါတယ်။
နောက်ထပ် ဆုတွေဖြစ်တဲ့ Kopa Trophy ဆုကို ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်က ရရှိခဲ့ပြီး Yashin Trophy ဆုကို အာဂျင်တီးနားအသင်း ဂိုးသမား အီမီမာတီနက်ဇ်က ရရှိခဲ့တာပါ။
Gerd Muller Trophy ဆုကိုတော့ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းနဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီတို့က ရရှိခဲ့ပါတယ်။
အမျိုးသားအကောင်းဆုံး နည်းပြဆုကို ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီနဲ့ အမျိုးသမီးအကောင်းဆုံး နည်းပြဆုကို အမေရိကန်အသင်းနည်းပြ အမ်မာဟေးရက်စ်က ရရှိခဲ့တာပါ။
တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကလပ်ဆုကို ရီးရယ်လ်အသင်းနဲ့ အမျိုးသမီးဆုကို ဘာစီလိုနာအသင်းက ရရှိသွားခဲ့တာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 2006
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့် ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ၃ ပွဲသာရရှိကာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။
ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီးနောက် အသင်းတာဝန်ရှိသူတွေဟာ နည်းပြအပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြအဲရစ်တန်ဟတ်ရဲ့ နေရာမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကစားသမားဟောင်း နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source: BBC