CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈

ယူနိုက်တက်အသင်းဟာ ကင်မရွန်းတိုက်စစ်မှူး အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် ၆၂.၅ သန်းနဲ့ ပြောင်းရွှေ့ကြေးတိုးပြီး ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ဘရန်ဖို့ဒ်အသင်းက ပယ်ချခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပေါင် ၅၅ သန်း၊ add-ons ပေါင် ၇.၅ သန်းနဲ့ ကမ်းလှမ်းမှုအသစ် ပြုလုပ်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အမ်ဘူမိုအတွက် အခုလ အစောပိုင်းက ပေါင် ၄၅ သန်း၊ add-ons ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို ဘရန်ဖို့ဒ်အသင်းက ပယ်ချခဲ့ပြီးနောက် ပြောင်းရွှေ့ကြေးတိုးပြီး ထပ်ကမ်းလှမ်း ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

ဘရန်ဖို့ဒ်အသင်းဟာ အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင် ၆၅ သန်းလိုချင်နေတာပါ။ 

အမ်ဘူမိုကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့အတွက် ဘရန်ဖို့ဒ်အသင်းနဲ့ ဆွေးနွေးမှုတွေ ထပ်ပြုလုပ်ဖို့ရှိ ပေမယ့် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတွေကို အလွန်အကျွံ သုံးစွဲဖို့မရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ အမ်ဘူမိုရဲ့ စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့ပေမယ့် ဘရန်ဖို့ဒ်အသင်းက သူ့ကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။ 

အမ်ဘူမိုကို ခေါ်ယူဖို့ စပါးအသင်းကလည်း စိတ်ဝင်စားနေပေမယ့် သူကတော့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဝုလ်ဗ်စ်အသင်းက ကွန်ညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ဒုတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် အမ်ဘူမိုရဲ့အပြောင်းအရွှေ့ကို မကြာမီ အပြီးသတ်နိုင်ဖို့ မျှော်လင့်နေတာပါ။

ယူနိုက်တက်အသင်းဟာ ဇူလိုင် ၇ ရက်မှာ ရာသီကြို လေ့ကျင့်မှုတွေ စတင်တော့မှာဖြစ်ပြီး အမ်ဘူမိုကို အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်စေချင်နေတာဖြစ်ပါတယ်။ 

Source: BBC