CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈
Opta စူပါကွန်ပျူတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားတဲ့ PSG အသင်းဟာ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အုပ်စုအဆင့်တွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ၁၆ သင်းအဆင့် ပွဲစဉ်တွေကို စတင် ယှဉ်ပြိုင်တော့မှာပါ။
၁၆ သင်းအဆင့်ကို ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ ရီးရယ်လ်၊ PSG၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ဒေါ့မွန်၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ဘင်ဖီကာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ တက်ရောက်နိုင်ခဲ့ကြပါတယ်။
ဒါအပြင် မက်ဆီ ဦးဆောင်တဲ့ အင်တာမိုင်ယာမီ၊ ရာမို့စ်ရဲ့ မွန်တာရေးနဲ့ ဘရာဇီးလ်ကလပ်အသင်း ၄ သင်းစလုံး နောက်တဆင့် တက်ရောက်နိုင်ခဲ့တာပါ။
မန်စီးတီးအသင်းကို တွေ့ရစဉ်
၁၆ သင်းအဆင့် ပွဲစဉ်တွေအဖြစ် ပါလ်မီးရပ်စ်နဲ့ ဘိုတာဖိုဂို၊ ဘင်ဖီကာနဲ့ ချယ်လ်ဆီး၊ PSG နဲ့ အင်တာမိုင်ယာမီ၊ ဖလာမင်ဂိုနဲ့ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်နဲ့ ဖလူမီနန့်စ်၊ မန်စီးတီးနဲ့ အယ်လ်ဟီလယ်၊ ရီးရယ်လ်နဲ့ ဂျူဗင်တပ်စ်၊ ဒေါ့မွန်နဲ့ မွန်တာရေးအသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Opta စူပါကွန်ပျူတာက ၁၆ သင်းအဆင့် ပွဲစဉ်တွေ မကစားမီ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ PSG အသင်းထိပ်ဆုံး နေရာ ရပ်တည်နေတယ်လို့ ဖော်ပြထားတာပါ။
PSG အသင်းက ချန်ပီယံဖြစ်ဖို့ ၂၀.၆ ရာခိုင်နှုန်းနဲ့ နံပါတ် ၁ ၊ မန်စီးတီးအသင်းက ၂၀.၄ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ ၊ အင်တာမီလန်အသင်းက ၁၂.၄ ရာခိုင်နှုန်းနဲ့ နံပါတ် ၃၊ ဘိုင်ယန်မြူးနစ်အသင်းက ၁၁.၃ ရာခိုင်နှုန်းနဲ့ နံပါတ် ၄၊ ချယ်လ်ဆီးအသင်းက ၁၀.၄ ရာခိုင်နှုန်းနဲ့ နံပါတ် ၅၊ ရီးရယ်လ်အသင်းက ၉.၇ ရာခိုင်နှုန်းနဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်နေပြီး သူတို့တွေရဲ့အနောက်မှာ ဒေါ့မွန်၊ ဘင်ဖီကာ၊ ဂျူဗင်တပ်စ်အသင်းတို့ ရပ်တည်နေကြပါတယ်။
ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွေကို ဇွန်လ ၂၈ ရက်ကနေ ဇူလိုင် ၂ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Dailymail