- By CNI
- Category: အားကစား
- Hits: 4493
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈
ဘရာဇီးလ်စီးရီးအေပွဲစဉ်တစ်ပွဲမှာ ခရူဇီယိုအသင်းတိုက်စစ်မှူး ရာဖာဆေးလ်ဗားဟာ ပွဲစပြီး ၃ စက္ကန့်အကြာမှာ ပြိုင်ဘက်ကစားသမားကို တံတောင်နဲ့တိုက်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ရာဖာဆေးလ်ဗားဟာ ခရူဇီယိုအသင်းနဲ့ အသလက်တီကိုပါရာနန်စီအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။
စပေးဘောပေးတဲ့အချိန်မှာ ရာဖာဆေးလ်ဗားဟာ ဘောလုံးပိုင်ဆိုင်မှု ရရှိ ထားတဲ့ ရိုချာဆီကို ပြေးပြီး လည်ပင်းကို တံတောင်နဲ့ တိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ကွင်းလယ် ဒိုင်လူကြီးဟာ ပွဲကိုရပ်တန့်ပြီး ရာဖာဆေးလ်ဗားဆီကိုသွားရောက်ကာ တိုက်ရိုက်အနီကတ် ပြသခဲ့တာပါ။
ဒီအနီကတ်ဟာ ဘောလုံးသမိုင်းမှာ အမြန်ဆုံးအနီကတ်တွေထဲက တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ရာဖာဆေးလ်ဗားရဲ့ အနီကတ်ကြောင့် ခရူဇီယိုအသင်းဟာ အသလက်တီကိုပါရာနန်စီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။
ခရူဇီယိုအသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့တာကြောင့် ဘရာဇီးလ်စီးရီးအေ အမှတ်ပေး ဇယားအဆင့် ၈ နေရာမှာရပ်တည်နေပြီး ပါရာနန်စီအသင်းကတော့ နိုင်ပွဲရခဲ့တဲ့အတွက် တန်းဆင်းဇုန် အပြင်ဘက် ဖြစ်တဲ့ အဆင့် ၁၅ နေရာကို ရောက်ရှိသွားခဲ့တာပါ။
ရာဖာဆေးလ်ဗားဟာ သူ့ရဲ့ကစားသမားဘဝကို ဘရာဇီးလ်၊ဂျပန်၊တရုတ်၊တောင်ကိုရီးယားနဲ့ ဆွစ်ဇာလန်လိဂ် တွေမှာ ဖြတ်သန်းခဲ့ပြီး ဂျပန်ကလပ် အူရာဝါရက်အသင်းနဲ့ ၂၀၁၇ က အာရှချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။
ဒါ့အပြင် ရာဖာဆေးလ်ဗားဟာ တရုတ်ကလပ် ဝူဟန်အသင်းနဲ့ လိဂ်ဝမ်းဖလားကို ရယူနိုင်ခဲ့တာပါ။ ဘရာဇီးလ် နိုင်ငံသားဖြစ်တဲ့ ရာဖာဆေးလ်ဗားဟာ နိုင်ငံအသင်းမှာတော့ ပါဝင်ကစားခဲ့ဖူးခြင်းမရှိပါဘူး။
ခရူဇီယိုအသင်းဟာ ကြားရက်ထဲမှာ ကိုပါဆူဒါမာရီကာနာဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် ဘရာဇီးလ်စီးရီးအေပွဲစဉ်အဖြစ် ဖလာမင်ဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:The Sun

- By CNI
- Category: အားကစား
- Hits: 689
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈
နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ကိုးလ်ပါလ်မာက သူ့ကို ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဇိုလာနဲ့ နှိုင်းယှဉ်တွေမှု အပေါ် တုန့်ပြန်ခဲ့ပါတယ်။
ကိုးလ်ပါလ်မာက “ဇိုလာဟာ ဖီဖာရဲ့ အိုင်ကွန်ဆိုတာကို ကျနော်သိပါတယ်။ အဲဒါကြောင့် သူဟာ အလွန် ကောင်းတဲ့ သူဖြစ်မှာပါ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူကစားတာကို ကျနော်လုံးဝ မကြည့်ဖူးပါဘူး။ လူတိုင်းက သူဟာ အလွန်ကောင်းတဲ့ ကစားသမားလို့ ပြောကြပါတယ်။ အဲဒါကြောင့် ကျေးဇူးတင်ပါတယ်”လို့ Sky Sports ကိုပြောခဲ့တာပါ။
မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုးလ်ပါလ်မာဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူတဲ့ သွင်းဂိုးကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးအထိရှိလာပြီ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၅၆ ပွဲ ကစားထားတာမှာ ၃၂ ဂိုး အထိ သွင်းယူထားသလို ဂိုးဖန်တီးမှု အများအပြားလည်း ပြုလုပ်ထားတာပါ။
ကိုးလ်ပါမာလ်ကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကလည်း ကိုးလ်ပါလ်မာနဲ့ ဇိုလာတို့ဟာ အရည်အသွေးပိုင်းမှာ အတော် လေး ဆင်တူတဲ့သူတွေဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဇိုလာဟာ ချယ်လ်ဆီးအသင်းမှာ ၁၉၉၆ ကနေ ၂၀၀၃ ခုနှစ်အထိ ကစားခဲ့ပြီး FA ဖလား၊ လိဂ်ဖလား၊ ဥရောပ ဖလားတို့ကို ရယူနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းကို နည်းပြဟောင်း ဆာရီကိုင်တွယ်ခဲ့ချိန်က နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တာပါ။
နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားအပြီးမှာ ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ကြားရက်ထဲမှာ နယူးကာဆယ်အသင်းနဲ့ပဲ ကာရာဘောင်းဖလား ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1975
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈
အာဆင်နယ်အသင်းနည်းပြ အာတီတာက လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ခံလူ ဂါဘရီရယ်လ်နဲ့ တင်ဘာတို့ ဒဏ်ရာရခဲ့ပြီးနောက် ကြီးထွားလာနေတဲ့ ဒဏ်ရာအကျပ်အတည်းကို ညည်းညူခဲ့ပါတယ်။
အာတီတာက “ဒဏ်ရာတွေနဲ့ ဖြတ်သန်းနေရချိန်မှာ အသင်းရဲ့လုပ်ဆောင်နိုင်ခဲ့တဲ့ အရာအပေါ် အလွန်ဂုဏ်ယူ မိပါတယ်။ နောက်တန်းမှာ ဒဏ်ရာရနေတဲ့ သူတွေရှိနေပေမယ့် လိုက်လျောညီထွေဖြစ်အောင် ကျနော်တို့ လုပ်ရ မှာပါ။ ဒါက ကျနော်တို့မှာရှိနေတဲ့ အခြေအနေပါ။ ဂါဘီရယ်လ်ရဲ့ဒဏ်ရာက ဒူးဆစ်လား ခြေချင်းဝတ်လားဆိုတာ ကျနော်မသိပါဘူး။ ဆေးအဖွဲ့က သူ့ရဲ့အခြေအနေကို အကဲဖြတ်နေပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဂါဘရီရယ်လ်နဲ့ တင်ဘာတို့ ဒဏ်ရာရရှိခဲ့တာကြောင့် နောက်တန်းမှာ ပါတေး၊ ခီဗီရော၊ ဘန်ဝှိုက်၊ စကီလီတို့နဲ့ ပွဲကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒဏ်ရာတွေကြောင့် အသင်းခေါင်းဆောင် အိုဒီဂတ်၊ နောက်ခံလူတွေဖြစ်တဲ့ တိုမီယာဆု၊ ကာလာဖီအိုရီတို့ကို အနားပေးထားရပြီး ဂါဘရီရယ်လ်နဲ့ တင်ဘာတို့ကိုပါ ဒီစာရင်းထဲ ထပ်ထည့်ရဖို့ ရှိနေတာပါ။
အာဆင်နယ်နဲ့လီဗာပူးလ်အသင်း ယှဉ်ပြိုင်စဉ်
တင်ဘာဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ဒီပွဲမှသာ အာဆင်နယ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဆာကာ၊ မယ်ရီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဗန်ဒိုက်၊ ဆာလက် တို့ရဲ့ ချေပဂိုးတွေကြောင့် လီဗာပူးလ်အသင်းနဲ့ အမှတ်ခွဲယူခဲ့ရတာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီပွဲစဉ်မှာ သူတို့အသင်း ပိုပြီးကောင်းခဲ့တာကြောင့် အနိုင်မရခဲ့တဲ့ အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ သရေရလဒ်ကြောင့် မန်စီးတီးအသင်းက ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ၁ မှတ်အသာနဲ့ ဦးဆောင်ထားပါတယ်။
အာဆင်နယ်အသင်းက ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၃ ၊ လီဗာပူးလ်အသင်းက ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 3510
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အခွင့်အရေးတွေ အများအပြား ဖြုန်းတီးခဲ့တဲ့ အသင်းကစားသမားတွေကို ပြစ်တင်ခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ အခွင့်အရေး အများကြီးဖန်တီးခဲ့ပြီး ကောင်းမွန်စွာလည်း ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကျနော်တို့ ဂိုးရသင့်တဲ့ ၁၀၀ ရာခိုင်နှုန်း အခွင့်အရေး ၆ ကြိမ်၊၇ ကြိမ် လောက်ရှိခဲ့ပါတယ်။ ဒါကို တိုးတက် အောင် လုပ်ရမှာဖြစ်ပေမယ့် ဂိုးမသွင်းနိုင်တာကလွဲပြီး အသင်းအပေါ်မှာ ကျနော် ဝေဖန်တာတွေ အများကြီး မရှိပါဘူး။ ဒါလော့ တစ်ဦးတည်းကိုပဲ ပြောရမယ်ဆိုရင် မျှတမှုမရှိပါဘူး။ ဂါနာချို၊ ဟော့ဂျ်လန်း၊ ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုတို့လည်း အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ယူနိုက်တက်အသင်းဟာ သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်း နောက်ခံလူ ဒါလော့ဟာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းခဲ့တာမှာ လွဲချော်ခဲ့ပြီး အသင်းအတွက် ကြီးမားတဲ့နစ်နာမှုဖြစ်ခဲ့တာပါ။
နည်းပြ အဲရစ်တန်ဟတ်ကတော့ ဒါလော့ တစ်ဦးတည်းကို အပြစ်မတင်ခဲ့ဘဲ အခြားကစားသမားတွေလည်း လွဲချော်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကို အငြင်းပွားဖွယ် ပင်နယ်တီ ပေးခဲ့တာနဲ့ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်က သူတို့အတွက် ဒီရာသီမှာ မျှတမှုမရှိတာကို တတိယအကြိမ်မြောက် ခံစားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်း အောင်ပွဲခံနေစဉ်
ပရီးမီးယားလိဂ်ကတော့ ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး ဒန်နီအင့်စ်ကို ယူနိုက်တက်အသင်း နောက်ခံလူ ဒီလစ် ဖျက်ထုတ်ခဲ့တာဟာ ပင်နယ်တီပေးဖို့ လုံလောက်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားအပြီးမှာ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေကာ အဆိုးရွားဆုံး အချိန်တွေကို ဖြတ်သန်းနေရတာပါ။
ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 2201
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၆
ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေဟာ တိုးတက်မှု မရှိသေးတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးတာပါ။
အယ်လ်ဖွန်ဆိုဒေးဗီးစ်ရဲ့ စာချုပ်အခြေအနေကို ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်း အပါအဝင် အသင်းကြီးအချို့က စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူနိုင်ဖို့ဆိုရင် အသင်းကြီးတွေနဲ့ ပြိုင်ဆိုင်ရမှာဖြစ်တဲ့ အတွက် စောစီးစွာ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တာပါ။
Sky Sports က ယူနိုက်တက်အသင်းဟာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ရဲ့ ကိုယ်စားလှယ်တွေထံ အလွတ်သဘော ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူ အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားနေပြီး ကနေဒါအသင်း နောက်ခံလူ က သူတို့ရဲ့ ပထမရွေးချယ်မှု ဖြစ်လာခဲ့တာပါ။
အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို တွေ့ရစဉ်
လုပ်ခ်ရှောဟာ ယူနိုက်တက်အသင်းရဲ့ ဦးစားပေး ဘယ်နောက်ခံလူ ဖြစ်ပေမယ့် ဒဏ်ရာတွေကြောင့် ပွဲစဉ် အများအပြားကို လွဲချော်ထားတာဖြစ်ပါတယ်။
လုပ်ခ်ရှောဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် ယူနိုက်တက်အသင်း အတွက် ဖေဖော်ဝါရီကတည်းက ပါဝင်ကစားနိုင်ခြင်း မရှိသေးတာပါ။
လုပ်ခ်ရှောဟာ ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်ပြုလုပ်နေပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်ကို ပါဝင်နိုင်ဖွယ်မရှိသလို နောက်ထပ် ဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ မာလာစီယာလည်း လေ့ကျင့်မှုတွေသာ ပြန်လုပ်သေးတာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူ နေရာအတွက် ဒါလော့၊ မက်ဇ်ရာအူရီ၊ လီဆန်ဒရို မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ကို အသုံးပြုနေရတာပါ။
ယူနိုက်တက်အသင်းရဲ့ပစ်မှတ် အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက်သာ အာရုံစိုက်ထားတယ်လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြောထားတာဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1434
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၆
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းကို တာဝန်ယူပြီးကတည်းက အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ထံ ကနေ ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး ပိုမျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကျနော်သူနဲ့ စကားပြောခဲ့ပြီး ခေါင်းဆောင်မှုပိုင်းမှာ ပိုပြီးမျှော်လင့်ထားပါတယ်။ သူဟာ ကောင်းမွန်စွာ လုပ်ဆောင်နေသလို တိုးတက်နေပေမယ့် သူ့ဆီကနေ ခေါင်းဆောင်မှုပိုင်းကို ပိုပြီးမျှော်လင့်ပါ တယ်။ ကျနော့်အတွက်တော့ အသင်းခေါင်းဆောင်ဟာ အသင်းမှာရှိတဲ့ အခြားသူတွေထက် ပိုပြီးပေးရမှာပါ။ ရီစီဂျိမ်းစ်ဟာ အေးအေးဆေးဆေး နေတက်တဲ့သူဖြစ်ပေမယ့် အသင်းမှာ ခေါင်းဆောင်ကောင်း မရှိတဲ့အတွက် ဒါကိုတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ရီစီဂျိမ်းစ်အနေနဲ့ ခေါင်းဆောင်ကောင်း ဖြစ်နိုင်အောင် ပိုအားထုတ်ရမယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီ မစတင်ခင်မှာ ချယ်လ်ဆီးအသင်း ခေါင်းဆောင်အဖြစ် တာဝန်ပေးခံခဲ့ရတဲ့ ရီစီဂျိမ်းစ်ဟာ ဒဏ်ရာ တွေနဲ့ ရုန်းကန်ခဲ့ရပြီး လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ရီစီဂျိမ်းစ်ကို ပွဲချိန် ၅၃ မိနစ်အထိ အသုံးပြုခဲ့ပြီး လူစားလဲခဲ့ တာပါ။
ရီစီဂျိမ်းစ်ကို တွေ့ရစဉ်
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပါနာသီနိုင်ကို့စ်အသင်းနဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ရီစီဂျိမ်းစ်ကို အနားပေးခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ပြန်လည်ပါဝင်မှာ ဖြစ်ပေမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်မလားဆိုတာ မသေချာပါဘူး။
၂၀၁၉ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကြီးအတွက် စတင်ပွဲထွက်ခွင်ရခဲ့တဲ့ ရီစီဂျိမ်းစ်ဟာ ၁၅၉ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ရီစီဂျိမ်းစ်ဟာ သူကစားတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရ ပေမယ့် ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး မနှစ်ကရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၁၁ ပွဲသာ ပါဝင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 919
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၆
ပီအက်စ်ဂျီအသင်းဟာ ကစားသမားဟောင်း ဘတ်ပီထံ မပေးချေရသေးတဲ့ လုပ်ခလစာနဲ့ အပိုဆုကြေး ယူရို ၅၅ သန်းကို ပေးချေဖို့ ငြင်းဆန်ကာ တရားရုံးမှာ ဖြေရှင်းဖို့ လုပ်ဆောင်နေပါတယ်။
ပြင်သစ်လိဂ် အယူခံကော်မရှင်က ဘတ်ပီရရှိမယ့် လုပ်ခလစာပေးချေဖို့ ပီအက်စ်ဂျီအသင်းကို ပြောထားခဲ့တာပါ။
ဒါပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ဟာ ဘတ်ပီကို ပေးချေဖို့ ဘယ်လိုအကြွေးမှ မရှိကြောင်းနဲ့ တရားရုံးကနေတစ်ဆင့် ဒါကိုလုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ RMC Sport ကို ပြောခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီအကုန်က ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရယ်လ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် အသင်းနဲ့ အဆင်မပြေမှုတွေရှိခဲ့ဘဲ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဒါပေမယ့် နောက်ပိုင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ပြန်ကစား ခွင့်ရခဲ့ပြီး ရာသီကုန်ချိန်မှာ ထွက်ခွာခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အလွတ်နဲ့ ဆုံးရှုံးခဲ့တဲ့အပေါ် စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ၇ ရာသီကြာ ကစားခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ကာ ပြည်တွင်းဆုဖလား အများအပြားကို ရယူနိုင်ခဲ့တာပါ။
ဘတ်ပီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၃ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2156
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၆
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက နွေရာသီမှာ အသင်းကနေ သူထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် မန်စီးတီး အသင်းဟာ ယူနိုက်တက်အသင်း ပုံစံလို ပြိုလဲသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ယူနိုက်တက်မှာ ဘာဖြစ်သွားလဲဆိုတာ ကျနော်မသိပါဘူး။ လူတစ်ဦး ထွက်ခွာသွားပြီး အရာအားလုံးဆိုးရွားခဲ့ရင် ဒါက ကလပ်အတွက် ဆိုးရွားတဲ့လက္ခဏာ ဖြစ်ပါလိမ့်မယ်။ သူတို့အမှားလုပ်မိမှာ ဖြစ်ပေမယ့် အမှားလုပ်တဲ့ အချိန်အတွင်း ဖြေရှင်းပါလိမ့်မယ်။ ဒါဆိုရင် အမှားတွေက ချက်ချင်းပြေလည်သွား မယ်ဆိုတာ သေချာပါတယ်။ ဘာတွေလုပ်ရမလဲဆိုတာ သူတို့အတိအကျသိတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ဖလား ချန်ပီယံဆုနဲ့ ဝေးကွာခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းကတော့ နောက်ဆုံး ၇ နှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ၆ ကြိမ် ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်မှု ရရှိခဲ့တာပါ။
ဂွာဒီယိုလာကို တွေ့ရစဉ်
ဂွာဒီယိုလာကတော့ သူထွက်ခွာရင်တောင် မန်စီးတီးအသင်းဟာ အောင်မြင်မှုတွေဆက်ပြီး ရရှိနေဦးမယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။
ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။
ဂွာဒီယိုလာ ကိုယ်တိုင်က သူ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ပြောထားတာကြောင့် မန်စီးတီးအသင်းမှာ ဆက်ရှိဖို့က မရေမရာဖြစ်နေတာပါ။
မန်စီးတီးအသင်းကတော့ ဂွာဒီယိုလာကို လာမယ့် နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်နဲ့ နှစ်သစ်ကူးကြားထဲမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့ မျှော်လင့်နေပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာလည်း ပြိုင်ပွဲစုံရှုံးပွဲမရှိ ရလဒ်ကောင်းတွေ ရရှိထားပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲ ကစားထားတာမှာ ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 3035
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
အာဆင်နယ်အသင်း နည်းပြဟောင်း အာဆင်ဝင်းဂါးက FA အနေနဲ့ ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ကို အင်္ဂလန် အသင်း နည်းပြသစ်အဖြစ် မခန့်အပ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။
အာဆင်ဝင်းဂါးက “ကျနော်က အင်္ဂလန်နည်းပြဖြစ်ပြီး ပြင်သစ်နဲ့ ကစားရရင် ပြင်သစ်နိုင်ငံတော်သီချင်းကို သီဆိုနိုင်မှာ မဟုတ်ပါဘူး။ ကျနော်ကတော့ နိုင်ငံအသင်းအတွက် ကိုယ့်နိုင်ငံက နည်းပြကိုပဲ နှစ်သက်ပါတယ်။ တူချယ်လ်ဟာ ပြီးပြည့်စုံတဲ့ နည်းပြဖြစ်ပေမယ့် သူဟာ အင်္ဂလိပ်လူမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဘာအမှားအယွင်း မှတော့မရှိဘူး”လို့ BeIN Sports ကိုပြောခဲ့တာပါ။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ အဲရစ်ဆင်၊ ကာပယ်လိုတို့ နောက်ပိုင်း နိုင်ငံအသင်းရဲ့သမိုင်းမှာ တတိယ မြောက် နိုင်ငံခြားသား နည်းပြအဖြစ် တူချယ်လ်ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ နည်းပြသစ်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။
တူချယ်လ်နဲ့ အာဆင်ဝင်းဂါးကို တွေ့ရစဉ်
ဂျာမန်လူမျိုးဖြစ်တဲ့ တူချယ်လ်ကို အင်္ဂလန်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်တဲ့အပေါ် စိုးရိမ်မှုတွေရှိနေကြပြီး ကစားသမားဟောင်းတွေဖြစ်တဲ့ ကာရေဂါနဲ့ ဂယ်ရီနဗီးလ်တို့က အင်္ဂလန်အသင်းနည်းပြဟာ အင်္ဂလိပ်လူမျိုး ဖြစ်သင့်တယ်လို့ ပြောခဲ့ကြတာပါ။
အာဆင်ဝင်းဂါးကလည်း သူဟာ ပြင်သစ်အပေါ် သစ္စာစောင့်သိတာကြောင့် နည်းပြအဖြစ်ရှိခဲ့ချိန်က အင်္ဂလန် အသင်းကို မကိုင်တွယ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ အင်္ဂလန်ပရိသတ်တွေအနေနဲ့ သူ့ရဲ့နိုင်ငံသား မခွဲခြားဘဲ နည်းပြသစ် လုပ်ဆောင်တဲ့ အနောက်ကို လိုက်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာပါ။
တူချယ်လ်ဟာ အင်္ဂလန်အသင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ စတင်ကိုင်တွယ်ကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် လုပ်ဆောင်ပေးရဖို့ ရှိနေပါတယ်။
လာမယ့် နိုဝင်ဘာမှာ ကစားမယ့် အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်လက်ကျန် ၂ ပွဲကို ယာယီနည်းပြ လီကာစလေက ဆက်ပြီး ကိုင်တွယ်သွားမှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 2292
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က ၂၀၂၄ အာဖရိက တစ်နှစ်တာ အကောင်းဆုံးအမျိုးသား ကစားသမားဆု အတွက် ဆန်ခါတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာကြားထဲမှာ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဒီဆုကို ချီးမြှင့်သွားမှာပါ။
ဘရိုက်တန်အသင်းက အဒင်ဂရာဟာ ဒီဆန်ခါတင် စာရင်းထဲမှာ ပါဝင်တဲ့ တစ်ဦးတည်းသော ပရီးမီးယားလိဂ် ကစားသမား ဖြစ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွက် ဆန်ခါတင်စာရင်းထဲမှာ ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဆာလက်၊ ကူဒက်စ်နဲ့ ဂျက်ဆန်တို့ ချန်လှပ်ခြင်းခံခဲ့ရတာပါ။
ဆာလက် မပါဝင်ခဲ့တာကြောင့် ဒီဆန်ခါတင် စာရင်း ရွေးချယ်မှုအပေါ် ပရိသတ်တွေက မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရီးရယ်လ်အသင်းက ဘရာဟင်ဒီယက်ဇ်နဲ့ လေဗာကူဆင်အသင်းက ဘိုနီဖေ့စ်တို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
အာဖရိကကစားသမား တစ်ဦးကို တွေ့ရစဉ်
ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲမှာ ဒုတိယရခဲ့တဲ့ ပီအက်စ်ဂျီအသင်း နောက်ခံလူ ဟာကီမီဟာ ဒီနှစ်အတွက် ဆန်ခါတင် စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ဆန်ခါတင် စာရင်းထဲမှာ ပါဝင်တဲ့ နောက်ထပ် ကစားသမားတွေကတော့ ရီးနက်စ်အသင်းက ဂိုယူရီ၊ လေဗာကူ ဆင် အသင်းက တက်ဘ်ဆိုဘာ၊ မာဆေးလ်အသင်းက အမ်ဘမ်ဘာ၊ ဒေါ့မွန်အသင်းက ဂူယာဆေး၊ အယ်လ်အိန်း အသင်းက ရာဟီမီ၊ အတ္တလန်တာအသင်းက လွတ်ခ်မန်း၊ အယ်လ်ခိုလွတ်အသင်းက ဝီလီယံအီကောင်နဲ့ တောင်အာဖရိကက ရွန်ဝမ်တို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဖရိကတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို အိုဆင်ဟမ်က ရရှိခဲ့ပြီး ဒီနှစ်မှာ လွတ်ခ်မန်း က ရရှိဖို့ ရေပန်းစားနေတာပါ။
၂၀၂၄ ခုနှစ်အတွက် ဆုပေးပွဲကို ဒီဇင်ဘာ ၁၆ ရက် မော်ရိုကိုနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: besoccer