- By CNI
- Category: အားကစား
- Hits: 2248
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂
စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ဂျီယိုကီရက်စ်ဟာ နည်းပြဖြစ်သူ အာမိုရင် အနောက်ကိုလိုက်ပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သူကတော့ ပေါ်တူဂီကလပ်မှာ ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
ဂျီယိုကီရက်စ်က “အာမိုရင်နဲ့အတူ ယူနိုက်တက်ကို သွားမှာလားဆိုတာ ကျနော် မသိပါဘူး။ ကျနော် ဒီမှာရှိနေပါ တယ်။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကျနော် စပို့တင်းအသင်းမှာ ပျော်ရွှင်နေပါတယ်။ ကျနော် ဒီအကြောင်းကို တကယ် မစဉ်းစားပါဘူး။ အာမိုရင် ထွက်ခွာမှာနဲ့ ပတ်သက်ပြီး ကျနော် ဝမ်းနည်းမိပါတယ်။ ကျနော်တို့သူ့ကို အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ဂျီယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်း အသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း အပါအဝင် အသင်းကြီးအချို့ရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။
ဆွီဒင်တိုက်စစ်မှူး ဂျီယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ကစားထားတဲ့ ၆၆ ပွဲမှာ ၆၃ ဂိုးအထိ သွင်းယူထားတာပါ။
ဂျီယိုကီရက်စ်ကို တွေ့ရစဉ်
ဂျီယိုကီရက်စ်ကို စပို့တင်းလစ္စဘွန်းအသင်းထံ ခေါ်ယူခဲ့တဲ့ နည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်တော့မှာ ဖြစ်တာကြောင့် သူလည်း အာမိုရင် အနောက်ကို လိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေကြပါတယ်။
ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း ဂျီယိုကီရက်စ်ကို နှစ်သက်တဲ့ သူတွေထဲက တစ်ဦးဖြစ်တာကြောင့် သူ့ကိုခေါ်ယူဖို့ အသင်းဟောင်းထံ တောင်းဆိုမှုတွေရှိခဲ့တာပါ။
သတင်းတွေအရ ဂျီယိုကီရက်စ်ဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှုရရင် စပို့တင်းလစ္စဘွန်းအသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၃ နွေရာသီက ကိုဗင်ထရီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျီယိုကီရက်စ်နဲ့ စပို့တင်းလစ္စဘွန်း အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာပါ။
ဂျီယိုကီရက်စ်ဟာ ဆွီဒင်လက်ရွေးစင် အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၁၀ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1456
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ဟာ သူ့ရဲ့နိုင်ငံဖြစ်တဲ့ ထရီနီဒတ်နှင့်တိုဘာဂို လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိ ဒွိုက်ယော့ခ်ဟာ ထရီနီဒတ်နှင့်တိုဘာဂို အသင်းအတွက် ၁၉၈၉ ကနေ ၂၀၀၉ ခုနှစ် အတွင်း ပွဲပေါင်း ၇၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူကာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့တာပါ။
ဒွိုက်ယော့ခ်ဟာ ၂၀၀၉ ခုနှစ်က ကစားသမားဘဝကနေ အနားယူပြီးနောက် ထရီနီဒတ်နှင့်တိုဘာဂို အသင်းမှာ လက်ထောက် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
၂၀၂၂-၂၃ ရာသီက သြစတြေးလျကလပ် မက်အာသာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒွိုက်ယော့ခ်အတွက် ထရီနီဒတ်နှင့် တိုဘာဂို အသင်းဟာ သူ့ရဲ့ဒုတိယမြောက်အသင်း ဖြစ်လာခဲ့တာပါ။
ဒွိုက်ယော့ခ်က “ထရီနီဒတ်နှင့်တိုဘာဂို လက်ရွေးစင်အသင်းကို ဦးဆောင်ရမှာက ဂုဏ်ယူစရာ ကောင်းပြီး ဝမ်းမြောက်မိပါတယ်။ အရည်အသွေးရှိပြီး စုစည်းမှုရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ လက်တွဲ အလုပ်လုပ်ဖို့က ကျနော်မျှော်လင့်ထားတဲ့အရာပါ”လို့ ပြောခဲ့ပါတယ်။
ထရီနီဒတ်နှင့်တိုဘာဂိုအသင်းကို တွေ့ရစဉ်
ထရီနီဒတ်နှင့်တိုဘာဂို အသင်းဟာ ကမ္ဘာ့အဆင့် ၁၀၂ နေရာမှာ ရပ်တည်နေပြီး ၂၀၂၅ ခုနှစ် ၊ဇွန်လမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ရှိနေတာပါ။
ဒွိုက်ယော့ခ်အနေနဲ့ နိုင်ငံအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ရတော့မှာ ဖြစ်ပါတယ်။
ထရီနီဒတ်နှင့်တိုဘာဂို အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ကွန်ကာကပ်ဖ်ဇုန်) ဒုတိယအဆင့်မှာ ၂ ပွဲ ကစား ရမှတ် ၄ မှတ် ရရှိထားပြီး အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
အုပ်စုတွင်းထိပ်ဆုံး ၂ သင်းသာ တတိယအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် ထရီနီဒတ်နှင့်တိုဘာဂို အသင်းဟာ လာမယ့် ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်ပြီးရယူနိုင်ဖို့ ကြိုးစားရမှာပါ။
ထရီနီဒတ်နှင့်တိုဘာဂို အသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ပြီးနောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1025
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂
ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာဟာ ဒီလထဲကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အသင်း လူစာရင်းမှာ တိုက်စစ်မှူးနေမာကို မရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။
ဒိုရီဗယ်လ်ဂျူနီယာက “အရာရာကို အလျင်စလို မဖြစ်စေဖို့အတွက် နေမာကို မရွေးချယ်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါ တယ်။ သူဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပေမယ့် ပွဲကစားချိန် မိနစ်အနည်းငယ်ပဲ ရှိပါသေးတယ်။ သူဟာ ဒီမှာရှိချင်ပေမယ့် အခြေအနေတွေကို သူနားလည်ပါတယ်။ ကျနော်တို့ဟာ ကလပ်ရဲ့ လုပ်ငန်းစဉ်တွေကို လည်း လေးစားရပါမယ်”လို့ ပြောခဲ့တာပါ။
ဒူးအရွတ် ဒဏ်ရာကြောင့် တစ်နှစ်ကြာ အနားယူခဲ့ရတဲ့ နေမာဟာ ပြီးခဲ့တဲ့လက အယ်လ်ဟီလယ်အသင်းအတွက် အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် နေမာဟာ ဘရာဇီးလ်အသင်းအတွက် ပြန်ပါဝင်နိုင်ဖို့ မျှော်လင့်ခဲပေမယ့် နည်းပြ ဒိုရီဗယ်လ်ဂျူနီယာ ဟာ သူ့ကို ဗင်နီဇွဲလား၊ ဥရုဂွေးအသင်းတို့နဲ့ ကစားမယ့် ခြေစစ်ပွဲလူစာရင်းမှာ ရွေးချယ်ခဲ့ခြင်းမရှိတာပါ။
ဘရာဇီးလ်အသင်း နည်းပြကို တွေ့ရစဉ်
နေမာ အနေနဲ့ ဘရာဇီးလ်အသင်းအတွက် ပြန်ကစားရဖို့ မတ်အထိ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်း လူစာရင်းမှာ လီဗာပူးလ်အသင်း ဂိုးသမား အယ်လီဆန်နဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူး အန်းဒရစ်တို့လည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။
အယ်လီဆန်ကို ဒဏ်ရာကြောင့် မရွေးချယ်ခဲ့တာ ဖြစ်ပေမယ့် အန်းဒရစ်ကတော့ ပွဲကစားချိန် နည်းပါးတာကြောင့် ချန်လှပ်ခြင်းခံခဲ့ရတာပါ။
ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်မှာ ဘရာဇီးလ်အသင်းအတွက် မပါဝင်နိုင်ခဲ့တဲ့ ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ လူစာရင်းထဲ ပြန်ပါဝင်ခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၁၀ ပွဲ ကစားအပြီးမှာ ၁၆ မှတ်နဲ့ အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အာဂျင်တီးနားအသင်းနဲ့ ၆ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 3217
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ အသင်းပရိသတ်တွေရဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ကလပ်အတွက် အမြဲတမ်း ရှိနေပေးခဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အဝေး ကွင်း ဒါမှမဟုတ် အိမ်ကွင်းမှာပဲဖြစ်ဖြစ် သူတို့ရဲ့အားပေးမှုတွေက အလွန်ကောင်းမွန်ခဲ့ပြီး ကျေးဇူးတင်ပါတယ်။ ကလပ်ရဲ့ နေရာတိုင်းမှာရှိတဲ့ ဝန်ထမ်းတိုင်းကိုလည်း ကောင်းတဲ့အချိန်မှာရော ဆိုးတဲ့အချိန်မှာပါ ပံ့ပိုးပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ ဆုဖလား ၂ လုံး ရယူနိုင်ခဲ့ပြီး ဒီထက်ပိုလိုချင်ခဲ့ပေမယ့် ကံမကောင်းစွာပဲ အိပ်မက်က ပြီးဆုံးသွားခဲ့ပါပြီ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲ ကစားအပြီးမှာ ၄ ပွဲရှုံးနိမ့်ကာ အမှတ်ပေးဇယားအဆင့် ၁၄ နေရာကို ရောက်ရှိသွားပြီးနောက် အသင်းတာဝန်ရှိသူတွေဟာ နည်းပြ အဲရစ်တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ကာရာဘောင်းဖလားနဲ့ FA ဖလား ရယူပေးနိုင်ခဲ့ပေမယ့် အသင်း ပရိသတ်တွေဆီ နောက်ထပ် ဆုဖလားတွေ ရယူပေးချင်တဲ့ သူ့ရဲ့အိပ်မက်က ပြီးဆုံးသွားခဲ့ပြီလို့ ပြောခဲ့တာပါ။
အာမိုရင်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ရဲ့ နေရာမှာ စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်ကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်တာပါ။
ပေါ်တူဂီလူမျိုးနည်းပြဟာ ယူနိုက်တက်အသင်းကို နိုဝင်ဘာ ၁၁ ရက်က စတင်ကာ တရားဝင် ကိုင်တွယ်သွားမှာ ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက် အစ်စဝှစ်ချ်အသင်းနဲ့ ပွဲစဉ်ကို သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။
အာမိုရင် မရောက်လာခင်အချိန်မှာ နစ္စတယ်ရွိုင်းက ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်သွား မှာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် လာမယ့် ချယ်လ်ဆီး၊ PAOK နဲ့ လက်စတာအသင်း ပွဲစဉ်တွေကို တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2849
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
အယ်လ်အက်တီဖတ်အသင်းဟာ ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲမှာ ဆော်ဒီဒုတိယတန်းအသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ပရိသတ်တွေနဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူတွေက စတီဗင်ဂျရတ်ကို နည်းပြရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အယ်လ်အက်တီဖတ်အသင်းမှာ တစ်နှစ်ကို ပေါင် ၁၅.၂ သန်း ရရှိနေတဲ့ စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်နိုင်အောင် ကိုင်တွယ်နိုင်ခဲ့တာပါ။
ဒါပေမယ့် အယ်လ်အက်တီဖတ်အသင်းဟာ စက်တင်ဘာ ၁၄ ရက် နောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၀ နေရာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
အယ်လ်အက်တီဖတ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ဘုရင့်ဖလား ၁၆ သင်းအဆင့် ပွဲစဉ်မှာ ဒုတိယတန်းကလပ် အယ်လ်ဂျာဘာလိန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာပါ။
အယ်လ်အက်တီဖတ်အသင်း ပရိသတ်တွေကတော့ အသင်းရဲ့ ရလဒ်ဆိုးတွေအပေါ် စိတ်ပျက်နေကြပြီး စတီဗင်ဂျရတ်သာ ဆက်ပြီးကိုင်တွယ်နေမယ်ဆိုရင် ပိုပြီးဆိုးရွားသွားမှာကို စိုးရိမ်မှုတွေရှိနေကြတာ ဖြစ်ပါတယ်။
အယ်လ်အက်တီဖတ်အသင်း ပရိသတ်တွေကို တွေ့ရစဉ်
အဲဒါကြောင့် အသင်းပရိသတ်အချို့က လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်ကို အယ်လ်အက်တီဖတ်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ဖို့ သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒါအပြင် ဆော်ဒီအခြေစိုက် ဘောလုံးဝေဖန် သုံးသပ်သူတွေက စတီဗင်ဂျရတ်ဟာ အယ်လ်အက်တီဖတ်အသင်းကို ရလဒ်ကောင်းရရှိအောင် ဦးဆောင်နိုင်ခြင်း မရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ အချိန်ကျပြီလို့ ပြောခဲ့ကြပါ တယ်။
စတီဗင်ဂျရတ်ဟာ အယ်လ်အက်တီဖတ်အသင်းရဲ့ ရလဒ်ဆိုးတွေနဲ့အတူ သူ့အပေါ် ဝေဖန်မှုတွေကြောင့် ဖိအားတွေ တိုးလာပြီး လာမယ့်ပွဲတွေမှာ ရလဒ်မကောင်းရင် ထုတ်ပယ်ခံရနိုင်တာပါ။
စတီဗင်ဂျရတ်ဟာ အယ်လ်အက်တီဖတ်အသင်းကို ၄၆ ပွဲ ကိုင်တွယ်ထားပြီး နိုင်ပွဲ ၁၇ ပွဲ၊သရေ ၁၄ ပွဲနဲ့ ၁၅ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 1460
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
ရီးရယ်လ်အသင်းဟာ ညာနောက်ခံလူနေရာအတွက် လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်ကိုခေါ်ယူဖို့ ကြိုးစားနေပေမယ့် သူ့ကိုခေါ်ယူဖို့အဆင်မပြေရင် စပါးအသင်းနောက်ခံလူ ပေါ်ရိုကို ခေါ်ယူဖို့ ပစ်မှတ်ထား နေပါတယ်။
ပေါ်ရိုဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာပြီးကတည်းက စပါးအသင်းအတွက် ခြေစွမ်းပြသ နေတာကြောင့် ရီးရယ်လ်အသင်းဟာ သူတို့ရဲ့အပြောင်းအရွှေ့ပစ်မှတ်စာရင်းထဲမှာ သူ့ကို ထည့်သွင်းထားတယ်လို့ စပိန်သတင်းစာ AS က ဖော်ပြထားတာပါ။
စပါးအသင်းနဲ့ ၂၀၂၈ နွေရာသီအထိ စာချုပ်ရှိနေတဲ့ ပေါ်ရိုကို ခေါ်ယူဖို့ ဆိုရင် ရီးရယ်လ်အသင်းဟာ ယူရို ၄၅ သန်းနဲ့ သန်း ၅၀ ကြားသုံးစွဲရဖို့ ရှိနေတာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အာနိုးလ်ကို ခေါ်ယူဖို့ အဓိက ဦးစားပေးအဖြစ်သတ်မှတ်ထားတာပါ။
အာနိုးလ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပေမယ့် အန်ဖီးလ်ကလပ်ဟာ သူ့ကို အလွတ်နဲ့ဆုံးရှုံးရမယ့်အပေါ် စိုးရိမ်မှုတွေ ကြီးထွားနေတာ ဖြစ်ပါ တယ်။
အဲဒါကြောင့် အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်နိုင်တယ်ဆိုတာကို ရီးရယ်လ်အသင်းက နားလည်ထားတာပါ။
ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူဖို့အဆင်မပြေခဲ့ရင် နောက်ထပ်အစီအစဉ်အဖြစ် စပါးအသင်းနောက်ခံလူ ပေါ်ရိုကို ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ၂၀၁၇ ခုနှစ်က စပိန်နောက်ခံလူ ပေါ်ရိုကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားက ဂျီရိုနာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ပေါ်ရိုဟာ ၂၀၂၃ ဇန်နဝါရီ အပြောင်းအရွှေ့က စပို့တင်းလစ္စဘွန်းအသင်းကနေ စပါးအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြသ နိုင်တာကြောင့် စပါးအသင်းက သူ့ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ပေါ်ရိုဟာ စပါးအသင်းအတွက် ၆၄ ပွဲကစားထားပြီး ၈ ဂိုးသွင်းယူကာ စပိန်လက်ရွေးစင် အသင်းအတွက် ၅ ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 1632
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
အာဆင်နယ်အသင်းဟာ ခြေချင်းဝတ် ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ကို လာမယ့် အပတ်မှာကစားမယ့် အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
အိုဒိဂတ်ဟာ စက်တင်ဘာလ အစောပိုင်းက နော်ဝေအသင်းအတွက် နေးရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် အခုအချိန်ထိ အာဆင်နယ်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးတာပါ။
အိုဒီဂတ်ဟာ မကြာသေးခင်က ဒဏ်ရာကနေ ပြန်လည်သက်သာခဲ့ပြီး မြက်ခင်းပြင်ပေါ်မှာ လေ့ကျင့်မှုတွေကို စတင် ပြုလုပ်နေခဲ့ပြီဖြစ်တာပါ။
The Standard က အာဆင်နယ်အသင်းဟာ အိုဒီဂတ်ကို အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။
သတင်းတွေအရ အိုဒီဂတ်ဟာ ဒီတစ်ပတ်ကစားမယ့် နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ လူစာရင်းထဲ ပါဝင်လာနိုင်တယ်လို့ ဖော်ပြထားပေမယ့် အသင်းဟာ သူ့ကို အလျင်အမြန် အသုံးပြုဖို့ သတိထားနေတာပါ။
အိုဒီဂတ်ကို တွေ့ရစဉ်
နော်ဝေကွင်းလယ်လူဟာ အာဆယ်နယ်အသင်းရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မနှစ်ကရာသီမှာ ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားပါတယ်။
၂၀၂၀-၂၁ ရာသီက ရီးရယ်လ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အိုဒီဂတ်ဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၁၅၆ ပွဲ ပါဝင်ကစားထားပြီး ၃၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ထားတာပါ။
အာဆင်နယ်နဲ့ အိုဒီဂတ်တို့ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်နွေရာသီအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး ရမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် အဆင့် ၁ နေရာက မန်စီးတီးအသင်းနဲ့ ၅ မှတ် ကွာဟနေတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာနိုင်ပွဲရယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 2277
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
စပိန်နိုင်ငံ ဗလင်စီယာမြို့ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေကြောင့် စနေနေ့မှာ ကစားဖို့ရှိနေတဲ့ ဗလင်စီယာနဲ့ ရီးရဲလ်အသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံးလူ ၁၅၀ ကျော်သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးမှုတွေကြောင့် စပိန် ဘောလုံးအဖွဲ့ချုပ်(RFEF)ဟာ ဗလင်စီယာဒေသမှာရှိတဲ့ ပွဲစဉ်တွေအားလုံးကို ရွှေ့ဆိုင်းခဲ့တာပါ။
ကြာသပတေးနေ့က ရီးရယ်လ်နဲ့ ကြက်ခြေနီ အဖွဲ့အစည်းတို့ဟာ ရေကြီး၊ ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရတဲ့ သူတွေကို ထောက်ပံ့ဖို့အတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပါတယ်။
ရီးရယ်လ်အသင်းက ဒီလှူဒါန်းမှုဟာ စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုပေါင်း မြောက်များစွာ ကို ကူညီဖို့ ဦးတည်သွားမယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ဗီလာရီးရယ်လ်နဲ့ ဗယ်လက်ကာနိုအသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့သလို ဆီဂန်ဒါပွဲစဉ် ၃ ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။
ရေကြီးရေလျှံဖြစ်မှုကို တွေ့ရစဉ်
ဒါအပြင် လီဂါအက်ဖ် အမျိုးသမီး ထိပ်တန်း လိဂ်ပွဲစဉ်တွေဖြစ်တဲ့ ဗလင်စီယာနဲ့ ဒီပို့တီဗို၊ ရီးရယ်လ်နဲ့ လီဗန်တေး ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းခဲ့တာပါ။
ရုတ်တရက် ရေကြီးမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဗလင်စီယာ ဒေသတွင်းမှာရှိတဲ့ ပရော်ဖက်ရှင်နယ် ပွဲစဉ်တွေအားလုံးကို ရွှေ့ဆိုင်းပေးဖို့ လာလီဂါ၊ လီဂါအက်ဖ်နဲ့ ကလပ်အသင်းတွေရဲ့ တောင်းဆိုမှုကို ရရှိခဲ့ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ သဘာဝဘေးဒဏ် ခံစားခဲ့ရတဲ့ မိသားစုတွေနဲ့အတူ ရှိကြောင်းပြသဖို့အတွက် ဒီတစ်ပတ်ကစားမယ့် စပိန်ဘောလုံးပွဲစဉ်တွေမှာ တစ်မိနစ်ကြာ ငြိမ်သက်မှုကို ပြုလုပ်သွားမယ်လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီလာလီဂါပွဲစဉ် ၁၁ ပွဲကစားအပြီးမှာ ၂၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဗလင်စီယာအသင်းက ရမှတ် ၇ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1759
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် AEK အေသင်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး မာရှယ်ဟာ ဂရိကလပ်အတွက် ၃ ပွဲမြောက် ကစားအပြီးမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာပွဲစဉ်မှာ ယူနိုက်တက် အသင်းအတွက် ဂိုးသွင်းယူပြီးနောက် တစ်နှစ်နီးပါးကြာ သွင်းဂိုးမရရှိခဲ့တာပါ။
မာရှယ်ဟာ အသင်းသစ် AEK အေသင်အသင်းအတွက် ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့တာနဲ့အတူ ရက်ပေါင်း ၃၃၉ ရက်ကြာ သွင်းဂိုး မရရှိတာကိုလည်း အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ဟာ AEK အေသင်အသင်းက အာရစ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဖလားပွဲစဉ်မှာ ဂိုးသွင်း ယူနိုင်ခဲ့တာပါ။
မာရှယ်ဟာ လူစားလဲသာ ပါဝင်ခွင့်ရခဲ့တဲ့ ပြီးခဲ့တဲ့ ၂ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲထွက်လူစာရင်း ပါဝင်ခွင့်ရချိန်မှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ကို တွေ့ရစဉ်
အသက် ၂၈ နှစ်အရွယ်ရှိ မာရှယ်ဟာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။
AEK အေသင်အသင်း ပရိသတ်တွေက ပထမဆုံးသွင်းဂိုး ရရှိခဲ့ပြီဖြစ်တဲ့ မာရှယ်ဆီကနေ နောက်ထပ် သွင်းဂိုးတွေ ကို ထပ်ပြီးတွေ့မြင့်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
AEK အေသင်အသင်းဟာ နိုဝင်ဘာ ၄ ရက်မှာ အက်ရိုမီတော့စ်အသင်းနဲ့ ဂရိစူပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။
AEK အေသင်အသင်းဟာ ဒီရာသီ ဂရိစူပါလိဂ်ပွဲစဉ် ၉ ပွဲ ကစားအပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၃ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အာရစ်အသင်းနဲ့ ၃ မှတ်ကွာဟနေပါတယ်။
မာရှယ်ဟာ ဂရိဖလားပွဲစဉ်မှာ ဂိုးသွင်းယူပြီး ခြေစွမ်းပြသခဲ့တာကြောင့် အက်ရိုမီတော့စ်အသင်းနဲ့ လိဂ်ပွဲစဉ်မှာ AEK အေသင်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်လာနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 1265
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက စပါးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ နောက်ထပ် ဒဏ်ရာရ ကစားသမားတွေ တိုးလာပြီးနောက် အသင်းအလွန်ခက်ခဲနေပြီလို့ ဝန်ခံခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့မှာ အသုံးပြုလို့ရမယ့် ကစားသမား ၁၃ ဦးပဲ ရှိတော့တဲ့အတွက် ကျနော်တို့ အလွန် ခက်ခဲနေပါပြီ။ ကစားတဲ့သူတွေ အများစုက ဒဏ်ရာတွေနဲ့ ပြီးဆုံးသွားခဲ့တာကြောင့် သူတို့ဘယ်လို ပြန်ကောင်း အောင် လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကျနော်တို့ ဒုက္ခရောက်နေပြီလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၉ နှစ်အတွင်းမှာ ဒီလောက်ဒဏ်ရာ အများကြီးရတဲ့ အခြေအနေမျိုး မဖြစ်ခဲ့ဖူးပါဘူး”လို့ ပြောခဲ့တာပါ။
စပါးအသင်းနဲ့ပွဲကို မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဝေါ်ကာ၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဒိုကူ၊ ဂရီလစ်ရှ်နဲ့ အော်စကာဘော့တို့ မပါဝင်နိုင်ခဲ့သလို ဒီပွဲမစတင်ခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်တာမှာ နောက်ခံလူ အကန်ဂျီ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၆၀ ကျော်မှာ တောင်ပံကစားသမား ဆာဗင်ဟို ဒဏ်ရာကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပြီး နောက်ခံလူ ရူဘင်ဒီယက်ဇ်လည်း ဒဏ်ရာခံစားခဲ့ရတာပါ။
ဂွာဒီယိုလာကို တွေ့ရစဉ်
မကြာသေးခင်ကမှ ဘောလွန်းဒီအောဆု ရထားတဲ့ ကွင်းလယ်လူ ရိုဒရီဟာ ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရမှာဖြစ်ပြီး ဒီဘရိုင်းကတော့ အသင်းနဲ့လေ့ကျင့်မှုတွေ ပြန်လုပ်နေပေမယ့် နည်းပြ ဂွာဒီယိုလာက သူဘယ်အချိန်မှာ ပြန်ကစားပေးနိုင်မလဲဆိုတာ မသိဘူးလို့ ပြောထားပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဒီပွဲမှာ တိုက်စစ်မှူး ဟာလန်းကို အသုံးပြုခဲ့ခြင်း မရှိပါဘူး။
မန်စီးတီးအသင်းဟာ စပါးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဒီရာသီ ပထမဆုံးရှုံးပွဲကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Independent