- By CNI
- Category: အားကစား
- Hits: 615
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
ယူနိုက်တက်အသင်းဟာ Asean All Stars အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ လှောင်ပြောင်မှုတွေ ခံခဲ့ရပြီးနောက် နည်းပြအာမိုရင်က အသင်းဟာ လှောင်ပြောင်ခံရသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျနော်ဟာ အမြဲတမ်း အပြစ်ရှိသလို ခံစားရပါတယ်။ ပရိသတ် တွေရဲ့ လှောင်ပြောင်မှုတွေဟာ ကျနော်တို့လိုအပ်တဲ့ အရာတစ်ခုလို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုရင် ပရီးမီးယားလိဂ်မှာ ကျနော်တို့ ရှုံးပွဲကြုံတွေ့တိုင်း သူတို့ဟာ အမြဲတမ်းရှိနေလို့ပါ။ ပရိသတ်တွေဟာ အချိန်တိုင်း ကျနော်တို့နဲ့အတူ ရှိနေတယ်လို့ ခံစားရပါတယ်။ ဒီရလဒ်ကတော့ စိတ်ပျက်စရာဖြစ်ပြီး ကျနော်တို့ ပိုပြီးကောင်း အောင် လုပ်သင့်ပါတယ်”လို့ ပြောခဲ့တာပါ။
ဆိုးရွားတဲ့ ရာသီကို ဖြတ်သန်းခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၅ နေရာနဲ့ ရာသီသိမ်းပြီး နောက်တစ်ရက်အကြာမှာ ခြေစမ်းပွဲကစားဖို့ အာရှကို ခရီးထွက်လာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ မေလ ၂၈ ရက်က မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီအားကစားကွင်းမှာ Asean All Stars အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ရာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

ယူနိုက်တက်ယှဉ်ပြိုင်နေစဉ်
Asean All Stars အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ပွဲအပြီးမှာ ပရိသတ်အချို့ဟာ အသင်းကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမတိုင်မီ အသင်းရဲ့ လူစာရင်းကို ပိုပြီးအင်အား ကောင်းမွန်အောင် ဖြည့်တင်းဖို့ရှိနေပြီး ဝုလ်ဗ်စ်အသင်းကြယ်ပွင့် ကွန်ညာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ထပ် ခြေစမ်းပွဲအဖြစ် မေလ ၃၀ ရက်မှာ ဟောင်ကောင် လက်ရွေးစင်အသင်းနဲ့ ဟောင်ကောင်နိုင်ငံမှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: tntsports
- By CNI
- Category: အားကစား
- Hits: 722
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ဘက်တစ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီးနောက် ဥရောပကလပ်ဖလား အားလုံးကို ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဘက်တစ်အသင်းဟာ ပွဲချိန် ၉ မိနစ်မှာကတည်းက ချယ်လ်ဆီးအသင်းကို ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ၆၄ မိနစ်အထိ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့တာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းအတွက် ပွဲချိန် ၆၅ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က ချေပဂိုးသွင်းပြီး မိနစ် ၇၀ မှာ ဂျက်ဆန်၊ ၈၃မိနစ်မှာ ဆန်ချိုနဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ ကိုင်စီဒိုက အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဘက်တစ်အသင်းကို ဂိုးပြတ်အနိုင်ရပြီး ကွန်းဖရန့်လိဂ်ဖလားကို ရယူနိုင် ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ဖလား မတိုင်မီက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ စူပါဖလားနဲ့ Cup Winners Cup တို့မှာလည်း ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တဲ့အတွက် UEFA ကလပ်ပြိုင်ပွဲ ၅ ခုစလုံးမှာ ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကွန်းဖရန်လိဂ်ဖလား အောင်မြင်မှုဟာ အသင်းအတွက် နောက်ထပ် ဆုဖလားတွေရယူနိုင်ဖို့ စမှတ်ဖြစ်နိုင်တယ်လို့ ယုံကြည်နေတာပါ။
မာရက်စ်ကာက “အနိုင်ရတဲ့ စိတ်ဓါတ်ကို တည်ဆောက်ဖို့ဆိုရင် ပွဲတွေကို အနိုင်ရဖို့လိုသလို ပြိုင်ပွဲတွေမှာ ဆုဖလားတွေ ရယူနိုင်ဖို့လိုပါတယ်။ ဒီဆုဖလားက ကျနော်တို့ကို ပိုပြီးကောင်းအောင် လုပ်နိုင်မယ်ဆိုတာ သေချာပါတယ်။ ကျနော့်အတွက်တော့ ဒီရာသီမှာ အသင်းလုပ်နိုင်ခဲ့တဲ့အရာအတွက် ဂုဏ်ယူပြီး ကျနော်တို့ဟာ အများကြီးတိုးတက်လာခဲ့ပါတယ်။ ဒါက ကျနော်တို့ရဲ့ စမှတ်ဖြစ်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင် တော့ဒ်ဘိုလေ ဦးဆောင်တဲ့ အစုအဖွဲ့ လက်ထက်မှာ ပထမဆုံးဆုဖလား ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ကနေ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်လည်း ရရှိထားတာပါ။
ဘက်တစ်အသင်းကတော့ ပထမဆုံးယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင် ရမှာဖြစ်လို့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။
source: espn
- By CNI
- Category: အားကစား
- Hits: 791
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
အာဆင်နယ်အသင်း ဒါရိုက်တာတွေဟာ လစ္စဘွန်းမှာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး သူ့ကိုခေါ်ယူနိုင်ဖို့ ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ပေါ်တူဂီ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၅၂ ပွဲကစားပြီး ၅၄ ဂိုးသွင်းယူကာ အသင်းကို ပေါ်တူဂီအမှတ်ပေးလိဂ်နဲ့ ဖလားချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်၊ ချယ်လ်ဆီး၊ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ယိုကီရက်စ်ကို နွေရာသီမှာ ထွက်ခွာခွင့်ပေးဖို့ ရှိနေတာပါ။
Correio da Manha သတင်းက အာဆင်နယ်အသင်းဟာ လစ္စဘွန်းမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုအတွင်းမှာ ယိုကီရက်စ်ကို အပိုဆုကြေးတွေ မပါဝင်မီ ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယိုကီရက်စ်ကို တွေ့ရစဉ်
ဒါအပြင် အာဆင်နယ်အသင်းဟာ ယိုကီရက်စ်အတွက် လက်မှတ်ထိုးကြေး ယူရို ၁၂ သန်း၊ တစ်ပတ်လုပ်ခပေါင် ၁၁၀,၀၀၀ နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာပါ။
ယိုကီရက်စ်ရဲ့ အေးဂျင့်ဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဆွေးနွေးဖို့ စပို့တင်းလစ္စဘွန်း အသင်းအကြီးနဲ့ တွေ့ဆုံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘင်ဖီကာအသင်းနဲ့ ပေါ်တူဂီဖလား ဗိုလ်လုပွဲအပြီးမှာ ယိုကီရက်စ်က နွေရာသီမှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အတွက် ပြောဖို့ခက်ခဲပြီး ဆက်ကြည့်ကြတာပေါ့လို့ ပြောခဲ့တာပါ။
ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ထွက်ခွာခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် အသင်းမှာသာ ကစားချင်တာကြောင့် အာဆင်နယ်အသင်းဟာ သူ့ကို ခေါ်ယူနိုင်မယ့် ပြိုင်ပွဲမှာ ဦးဆောင်နေပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၂ ပွဲ ကစားထားပြီး ၉၇ ဂိုး သွင်းယူကာ ပေါ်တူဂီလိဂ် ၂ ကြိမ်နဲ့ ပေါ်တူဂီဖလား ၁ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 543
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
ဘောလွန်းဒီအောဆုရှင်ဟောင်း လိုသာမာသီးယက်စ်က တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင် ပြုလုပ်ချင် နေတဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းကို အေစီမီလန်အသင်းကြယ်ပွင့် ရာဖေးလ်လီယာအိုကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။
လိုသာမာသီးယက်စ်က “ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ ဘယ်တောင်ပံနေရာကို အားဖြည့်ဖို့လိုတယ်လို့ ကျနော် ယုံကြည်ပါတယ်။ လီယာအိုဟာ အေစီမီလန်အသင်းမှာ ဘယ်တောင်ပံ ကစားပေမယ့် သူဟာ တိုက်စစ်မှူး အဖြစ်လည်း ကစားနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို အနားပေးတဲ့အချိန်မှာ သူ့နေရာကို ဝင်ရောက်ကစားမယ့်သူ လိုအပ်တဲ့အတွက် ဒါက အရေးကြီးတယ်”လို့ ပြောခဲ့တာပါ။
ပေါ်တူဂီကစားသမား ရာဖေးလ်လီယာအိုဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့သူ ဖြစ်တဲ့အတွက် လိုသာမာသီးယက်စ်က သူ့ကို ဘယ်တောင်ပံအပြင် တိုက်စစ်မှူး ဟာရီကိန်းရဲ့နေရာမှာ အစားထိုး အသုံးပြု နိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၄-၂၅ ရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် လာမယ့် ရာသီမတိုင်မီ တိုက်စစ်ပိုင်းကို အားကောင်းအောင် ပြုလုပ်ဖို့ ရွေးချယ်စရာတွေကို ရှာဖွေနေတာပါ။

ရာဖေးလ်လီယာအိုကို တွေ့ရစဉ်
ရာဖေးလ်လီယာအိုဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင် ခဲ့ပေမယ့် အသင်းကို လာမယ့်ရာသီ ဥရောပဝင်ခွင့်ရရှိအောင် လုပ်ပေးနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ရာဖေးလ်လီယာအိုနဲ့ အေစီမီလန်အသင်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၅၀ ရှိပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ သူ့ကို ဒီပြောင်းရွှေ့ကြေး ပမာဏထက်လျော့နည်းပြီး ခေါ်ယူလို့ ရရှိနိုင်တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘယ်တောင်ပံအတွက် ပဲလေ့စ်အသင်းက အီဇီနဲ့ ဘရိုက်တန်အသင်းက မီတိုမာ တို့ကိုလည်း သူတို့ရဲ့ခေါ်ယူမယ့် စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
နွေရာသီမှာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ အော့ကလန်စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 610
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်ဟာ အသင်းမှာ ၂၀၃၁ ခုနှစ်အထိရှိမယ့် ၆ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့တယ်လို့ စပိန်ကလပ်က အတည်ပြုခဲ့ပါတယ်။
ဘာစီလိုနာအသင်းကို ပြည်တွင်းဖလား ၃ လုံးရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ယာမဲလ်ရဲ့ အရင်စာချုပ်ဟာ ၂၀၂၆ ခုနှစ် ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် အသင်းက သူ့ကို ကာလရှည် စာချုပ်သစ်ချုပ်ပြီး ဆက်ထိန်းသိမ်း ခဲ့တာပါ။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းကြီးအတွက် အသက် ၁၅ နှစ်အရွယ် ၂၀၂၃ ခုနှစ်မှာ စတင်ပွဲဦးထွက်ခွင့်ရခဲ့ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံပွဲပေါင်း ၁၀၆ ပွဲ ကစားထားကာ ၂၅ ဂိုးသွင်းယူထားပါတယ်။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းဆုဖလား ၃ ခု ရယူနိုင်ခဲ့တဲ့ ဒီရာသီမှာ ၅၅ ပွဲ ကစားပြီး ၁၈ ဂိုးသွင်းယူကာ ၂၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။

ယာမဲလ်ကို တွေ့ရစဉ်
ယာမဲလ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ ဘီလီယံ၊ ဘောလွန်းဒီအော ရရင် အထူးဆုကြေးငွေ ပေးချေမှုနဲ့ အန်ဆုဖာတီ ထွက်ခွာခဲ့ရင် ကျောနံပါတ် ၁၀ ပေးဝတ်ဖို့ သဘောတူညီမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။
ယာမဲလ်ဟာ ဒီရာသီမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအော ဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမား စာရင်းထဲမှာ ပါဝင်နေတာပါ။
အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ စပိန်အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားထားပြီး ယူရို ၂၀၂၄ ချန်ပီယံဆု ရယူနိုင်ခဲ့တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ယာမဲလ် မတိုင်မီက ဒီရာသီ အသင်းအောင်မြင်မှုတွေမှာ အရေးပါခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်နဲ့ တောင်ပံကစားသမား ရာဖင်ညာတို့ကိုလည်း စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 583
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းရဲ့တိုးတက်မှုကို ပြသဖို့အတွက် ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ချန်ပီယံဆုဖလား ရချင်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကွန်းဖရန့်လိဂ်ဟာ ကျနော်တို့ စတင်ယှဉ်ပြိုင်တဲ့ ပထမနေ့ကတည်းက အရေးကြီးခဲ့ပါတယ်။ ကျနော်တို့ဟာ အနိုင်ရတဲ့ စိတ်ဓါတ်ပိုင်းကို တည်ဆောက်နေတာကြောင့် အနိုင်ရခဲ့ရင် ဒါကကောင်းမွန်တဲ့အရာလို့ ထင်ပါတယ်။ ပွဲတိုင်းဟာ ကျနော်တို့ရဲ့ တိုးတက်မှုတွေကို ပြသဖို့အခွင့်အရေးနဲ့ ချန်ပီယံဆုတွေကို ရယူချင်ပါ တယ်။ ကျနော်တို့ဟာ အရေးပါတဲ့ အသင်းဖြစ်တယ်ဆိုတာကို အတည်ပြုချင်တယ်ဆိုရင် ပွဲကိုအနိုင်ယူပြီး ချန်ပီယံဆုရယူချင်တဲ့ ဆန္ဒပြသဖို့လိုတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၄ နေရာနဲ့ ရာသီအဆုံးသတ်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့သလို ကွန်းဖရန့်လိဂ်ဖလား ရယူပြီး ရာသီအဆုံးသတ်နိုင်မယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ရင် UEFA က ကျင်းပတဲ့ ပြိုင်ပွဲတွေ အားလုံးမှာ အနိုင်ရတဲ့ ပထမဆုံး ဥရောပကလပ် အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်မှာပါ။

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
အဲဒါကြောင့် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းသမိုင်း မှတ်တမ်း ရေးထိုးဖို့နဲ့ သူတို့ရဲ့တိုးတက် မှုကို ပြသဖို့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ အနိုင်ယူချင်နေတာဖြစ်ပါတယ်။
ဘက်တစ်အသင်းနည်းပြ ပယ်လီဂရီနီကလည်း သူတို့ဟာ ပွဲအစကနေ အနိုင်ရလဒ် ရရှိအောင် ကြိုးစားသွားမယ် လို့ ပြောခဲ့တာပါ။
ဘက်တစ်အသင်း ခေါင်းဆောင် အစ္စကိုက ယုံကြည်မှုက နိုင်ပွဲအတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး ခက်ခဲတဲ့ ပွဲဖြစ်ပေမယ့် အသင်းကို ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။
ဘက်တစ်အသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ခြင်းမရှိတဲ့အတွက် ကွန်းဖရန့်လိဂ်ဖလားကို သူတို့ရဲ့ ပထမဆုံးဥရောပအောင်မြင်မှုအဖြစ် ရယူချင်နေတာပါ။
ချယ်လ်ဆီးနဲ့ ဘက်တစ်အသင်းရဲ့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို မေလ ၂၉ ရက်မနက် ပိုလန်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 614
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
ဘရာဇီးလ်အသင်းနည်းပြသစ် အန်ဆယ်လော့တီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် သူ့ရဲပထမဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့တာမှာ နေမာကို ချန်လှပ်ခဲ့ပြီး ကတ်စီမီရို၊ ရစ်ချာလီဆန်နဲ့ အန်တိုနီတို့ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ နေမာဟာ ကြွက်သားဒဏ်ရာကနေ သက်သာပြီး နောက် ဆန်းတို့စ်အသင်းအတွက် နောက်ဆုံး ၂ ပွဲမှာ ပါဝင်ကစားထားတာပါ။
နေမာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာက ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိပြီးနောက်ပိုင်း ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
နေမာဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိခြင်း မရှိသေးတာကြောင့် ဘရာဇီးလ်အသင်း လူစာရင်းနဲ့ ဝေးကွာနေတာပါ။
အန်ဆယ်လော့တီက “ကျနော်ဟာ ပုံစံကောင်းရှိနေတဲ့ ကစားသမားတွေကို ရွေးချယ်ဖို့ ကြိုးစားခဲ့ပြီး နေမာဟာ မကြာသေးခင်ချိန်က ဒဏ်ရာရရှိခဲ့ပါတယ်။ နေမာဟာ အလွန်အရေးပါတဲ့ ကစားသမားဆိုတာ လူတိုင်းသိပါတယ်။ သူဟာ ဒီနေရာမှာ အမြဲတမ်းရှိခဲ့သလို အမြဲတမ်းလည်းရှိနေမှာပါ”လို့ ပြောခဲ့ပါတယ်။

ကတ်စီမီရိုကို တွေ့ရစဉ်
စပါးအသင်း တိုက်စစ်မှူး ရစ်ချာလီဆန်နဲ့ ယူနိုက်တက်အသင်း ကွင်းလယ်လူ ကတ်စီမီရိုတို့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ နောက်ပိုင်းမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့ပါဘူး။
ဘရာဇီးလ်အသင်းနည်းပြသစ် အန်ဆယ်လော့တီက ကတ်စီမီရိုဟာ သူ့ရဲ့အမြင်မှာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး သူနဲ့အတူရှိရတာ ကံကောင်းသလို နိုင်ငံအသင်းမှာ သူ့လို ကစားသမားမျိုး လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
အငှားကစားနေတဲ့ ဘက်တစ်အသင်းမှာ ပုံစံကောင်းတွေ ပြသနေတာကြောင့် ဘရာဇီးလ်အသင်း လူစာရင်းထဲမှာ ပြန်လည် ရွေးချယ်ခံခဲ့ရတဲ့ အန်တိုနီဟာ ပွဲကစားခွင့်နေရာအတွက် ဘာစီလိုနာအသင်းက ရာဖင်ညာ၊ ရီးရယ်လ် အသင်းက ဗီနီစီးယက်စ်တို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာပါ။
ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲတွေအဖြစ် ဇွန်လ ၅ ရက်မှာ အီကွေဒေါ၊ ၁၀ ရက်မှာ ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 669
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
ဘက်တစ်အသင်း ကွင်းလယ် တိုက်စစ်ကစားသမား အစ္စကိုဟာ နေးရှင်းလိဂ် နောက်ဆုံးအဆင့်ပွဲတွေ ကစားမယ့် စပိန်အသင်း လူစာရင်းထဲ ပြန်ပါဝင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
အစ္စကိုက “နှစ်ပေါင်းများစွာအကြာမှာ လူစာရင်းထဲ ပြန်ပါဝင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ နိုင်ငံအသင်းနဲ့ ကစားဖို့ ပြန်လာခွင့်ရတာက ကောင်းမွန်တဲ့ ရည်မှန်းချက်ပန်းတိုင်ပါ။ ဒီမှာရှိရတာကို အလွန်ဂုဏ်ယူပါတယ်။
အရာအားလုံးကို ကောင်းမွန်စွာပြီးမြောက်ပြီး အခြေချနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ အစ္စကိုဟာ ဒီရာသီမှာ ဘက်တစ်အသင်းအတွက် ၃၂ ပွဲကစားထားပြီး ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းကို ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးထားနိုင်တဲ့ အစ္စကိုဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် စပိန်အသင်း လူစာရင်းထဲမှာ ပြန်လည် ရွေးချယ်ခံခဲ့ရတာပါ။

အစ္စကို ကိုတွေ့ရစဉ်
အစ္စကိုဟာ စပိန်အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
စပိန်အသင်း လူစာရင်းထဲမှာ ဘာစီလိုနာကြယ်ပွင့် ဂါဗီလည်း ပြန်လည်ပါဝင်လာခဲ့တာပါ။
အသက် ၂၀ နှစ်အရွယ်ရှိ ဂါဗီဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် လပေါင်းများစွာကြာ အနားယူခဲ့ရပြီး စပိန် အသင်းအတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာက နောက်ဆုံးပွဲစဉ် ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
ယူရို ၂၀၂၄ ချန်ပီယံစပိန်အသင်းဟာ ဒဏ်ရာကနေ သက်သာလာပေမယ့် ကြံ့ခိုင်မှုပြည့်ဝခြင်း မရှိသေးတဲ့ မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီကိုတော့ လူစာရင်းထဲမှာ ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။
စပိန်အသင်းဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန်လ ၅ ရက်မှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 483
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ဒီရာသီ ဆော်ဒီပရိုလိဂ် နောက်ဆုံး ပွဲစဉ် ပါဝင်ကစားအပြီးမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ အရိပ်အမြွက်ကို ဖွင့်ဟခဲ့ပါတယ်။
ရော်နယ်ဒိုက “ဒီအခန်း ပြီးဆုံးသွားပါပြီ။ ဇာတ်လမ်းကတော့ ဆက်ပြီးရေးနေတုန်းပါပဲ။ အားလုံးကို ကျေးဇူးတင် ပါတယ်”လို့ သူ့ရဲ့ပုံနဲ့အတူ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ရာသီနောက်ဆုံးပွဲစဉ်မှာ အယ်လ်ဖာတက်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ရော်နယ်ဒိုက ၁ ဂိုးသွင်းယူခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ၂ ရာသီ ဆက်တိုက် ရပ်တည်နိုင်ခဲ့တာပါ။
ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၃ နေရာနဲ့ ရာသီအဆုံး သတ်ကာ လာမယ့်ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ ဝေးကွာနေတာကြောင့် အနာဂတ်ကို စဉ်းစား နေပြီး သူ့ရဲ့ လက်ရှိစာချုပ်ကလည်း ဇွန်လဆိုရင်ကုန်ဆုံးမှာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ စာချုပ် ဆွေးနွေးမှုတွေကလည်း ရပ်တန့်ထားခဲ့တာကြောင့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်း အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
မကြာသေးခင်မှာ ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ရော်နယ်ဒိုဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အသင်းတစ်သင်းသင်းမှာ ဝင်ရောက် ကစားနိုင်တယ်လို့ မှတ်ချက်ပေးထားတာပါ။
ရော်နယ်ဒိုဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အမည်မဖော်လိုတဲ့ ဘရာဇီးလ်ကလပ် အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြထားပါတယ်။
နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ် ကလပ်အသင်းတွေဖြစ်တဲ့ ဘိုတာဖိုဂို၊ ဖလူမီနက်စ်၊ ဖလာမင်ဂိုနဲ့ ပါလ်မီးရပ်စ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ၁၁၁ ပွဲ ပါဝင်ကစားထားပြီး ၉၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 572
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်း အမိုးဖွင့်ဘတ်စ်ကားနဲ့ လှည့်ပတ်အောင်ပွဲ ခံချိန်အတွင်းမှာ အောင်ပွဲခံ လီဗာပူးလ်အသင်းပရိသတ် လူအုပ်ကြီးထဲကို ကားနဲ့ဝင်တိုက်မှုကြောင့် လူပေါင်း ၄၇ ဦးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှာ အနက်ရောင် ကားတစ်စီးဟာ လီဗာပူးလ်အသင်း ပရိသတ်တွေ အများအပြားရှိတဲ့ နေရာကို ဝင်ရောက်ပြီး တိုက်ခဲ့တာပါ။
ဒေါသထွက်နေတဲ့ ပရိသတ်တွေဟာ ကားမောင်းတဲ့သူဆီကို ဝိုင်းအုံရောက်ရှိလာခဲ့ပြီး ရဲတွေက သူတို့ကို ရှင်းထုတ်ကာ ကားမောင်းတဲ့သူကို ဖမ်းဆီးခဲ့ပါတယ်။
လီဗာပူးလ်အသင်း ပရိသတ်တွေ အတွက်တော့ ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်ကနေ ထိတ်လန့်ကြေကွဲစရာ မြင်ကွင်းကို ပြောင်းလဲသွားခဲ့ရတာပါ။
ရဲတပ်ဖွဲ့ဟာ အသက် ၅၃ နှစ်အရွယ်ရှိ ဗြိတိန်အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပြီး ဒီဖြစ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဒဏ်ရာရရှိတဲ့ သူတွေထဲမှာ ကလေးငယ် ၄ ဦးပါဝင်ပြီး ၂၇ ဦးကို ဆေးရုံပို့ဆောင်ခဲ့ရတာပါ။

အောင်ပွဲခံလီဗာပူးလ်အသင်း ပရိသတ်တွေထဲ ကားအမဲတစ်စီး ဝင်တိုက်မှုကြောင့် ရဲတွေရှင်းနေစဉ်
လီဗာပူးလ်အသင်းက Water Street မှာဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်အတွက် မာဆေးဆိုက်ရဲတပ်ဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ် မှု ပြုလုပ်ထားပြီး ဒီအခြေအနေကို ကိုင်တွယ်နေတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အပြည့်အဝ ပံ့ပိုးပေးမှုတွေ ပြုလုပ်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်က လီဗာပူးလ်အသင်းရဲ့ အောင်ပွဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင် လူတိုင်း ထိတ်လန့် တုန်လှုပ် နေပြီး လီဗာပူးလ်အသင်းနဲ့ ဆက်သွယ်ကာ အပြည့်အဝ ပံ့ပိုးကူညီမှုတွေ ပေးခဲ့တယ်လို့ ပြောခဲ့တာပါ။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက လီဗာပူးလ်မှာရှိတဲ့ မြင်ကွင်းဟာ ထိတ်လန့်စရာဖြစ်ပြီး ဒီဖြစ်ရပ်တွေကို လျင်မြန်စွာ တုံ့ပြန်မှုပေးနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့ကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
လီဗာပူးလ်အသင်း ပရိသတ်တွေဟာ ၂၀၂၀ ခုနှစ်က အသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်ချိန်မှာ ကိုဗစ် ကပ်ရောဂါကြောင့် အောင်ပွဲခံမှု မရခဲ့တဲ့အတွက် ဒီရာသီ ပရီးမီးယားလိဂ်ဖလား ချန်ပီယံဆုအတွက် အောင်ပွဲခံချိန်မှာ ဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
Source: ESPN
