- By CNI
- Category: အားကစား
- Hits: 1033
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂
တူရကီတရားရုံးတစ်ခုက ကွင်းလယ်ဒိုင်လူကြီးကို ကွင်းထဲဝင်ရောက်ပြီး လက်သီးနဲ့ထိုးကာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ တူရကီကလပ်ဥက္ကဋ္ဌဟောင်းကို ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာက ကစားခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်ဖြစ်တဲ့ အန်ကာရာဂူချုအသင်းနဲ့ ရီဇီစပေါ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက်မှာ အန်ကာရာဂူချုအသင်း ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုကာဟာ ကွင်းလယ်ဒိုင်လူကြီး မီလာရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တာပါ။
အဲဒါကြောင့် အန်ကာရာရှိ တရားရုံးတစ်ခုက ကိုကာဟာ တာဝန်ရှိသူတစ်ဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒဏ်ရာ ရရှိအောင် လုပ်ဆောင်ခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ်နဲ့ ၇ လ ချမှတ်ခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထား ပါတယ်။
ဒီဖြစ်ရပ်ကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်ဟာ လိဂ်ပြိုင်ပွဲတွေကို ရက်သတ္တပတ်များစွာကြာ ဆိုင်းငံ့ခဲ့ရတာပါ။
ကိုကာဟာ ဒီအဖြစ်အပျက်အပြီး မကြာခင်မှာ အန်ကာရာဂူချုအသင်းဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး သူထိုး ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ မျက်လုံးအနားမှာ သေးငယ်တဲ့ အရိုးအက်မှုဖြစ်ခဲ့ပါတယ်။
ဒိုင်လူကြီးကို လက်သီးနဲ့ထိုးခဲ့သူကိုတွေ့ရစဉ်
တရားရုံးက ကိုကာဟာ တာဝန်ရှိသူကို ခြိမ်းခြောက်မှုနဲ့ အားကစားမှာ အကြမ်းဖက်မှုကို တားဆီးဖို့ ရည်ရွယ်တဲ့ ဥပဒေတွေကို ချိုးဖောက်မှုကြောင့်လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
ဒါပေမယ့် ဒီပြစ်ဒဏ်တွေကိုတော့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။
အန်ကာရာဂူချုအသင်းကိုလည်း ပေါင် ၄၅,၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ပရိသတ်မပါဝင်ဘဲ ၅ ပွဲကစားခိုင်းခဲ့တာပါ။
အန်ကာရာဂူချုအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေကြောင့် တူရကီထိပ်တန်းလိဂ် ပြိုင်ပွဲကနေ တန်းဆင်း ခဲ့ပါတယ်။
ဒါအပြင် တရားရုံးက ဒိုင်လူကြီးကို တိုက်ခိုက်ခဲ့မှုအတွက် ရုံးတင်စစ်ဆေး ခံနေရတဲ့သူ ၃ ဦးကိုလည်း ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခဲ့ပါတယ်။
အန်ကာရာဂူချုအသင်း ဥက္ကဋ္ဌဟောင်း ကိုကာကတော့ တရားရုံးက ချမှတ်ခဲ့တဲ့ စီရင်ချက်အပေါ် အယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 2590
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂
အင်္ဂလန်အသင်းရဲ့ကစားသမား ၈ ဦးဟာ ဒဏ်ရာတွေကြောင့် ဒီလထဲ နေးရှင်းလိဂ်ပွဲတွေ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
ဒီကစားသမားတွေကတော့ ဆာကာ၊ ကိုးလ်ပါလ်မာ၊ ဒီကလန်ရိုက်စ်၊ ဂရီလစ်ရှ်၊ အာနိုးလ်၊ ဖိုဒန်၊ ကိုဝဲလ်နဲ့ ရမ်စဒေးလ်တို့ဖြစ်ပြီး သူတို့တွေဟာ ဂရိ၊ အိုင်ယာလန်အသင်းတို့နဲ့ ကစားမယ့်ပွဲတွေမှာ အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဆာကာနဲ့ ဒီကလန်ရိုက်စ်တို့ဟာ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရ ရှိခဲ့ပြီး လီဗာပူးလ်အသင်း နောက်ခံလူ အာနိုးလ်က အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၅ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
ဂရီလစ်ရှ်ဟာ အောက်တိုဘာ ၂၀ ရက်ကတည်းက မန်စီးတီးအသင်းအတွက် ပွဲမကစားနိုင်ခဲ့တာဖြစ်ပြီး ဆောက်သမ်တန်အသင်း ဂိုးသမား ရမ်စဒေးလ်က ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ လက်ချောင်းကျိုးခဲ့တယ်လို့ သိရတာပါ။
အင်္ဂလန်အသင်း ကစားသမားများကိုတွေ့ရစဉ်
ဖိုဒန်၊ ကိုးလ်ပါလ်မာနဲ့ ကိုဝဲလ်တို့ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့ရဲ့ ကလပ်တွေအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ထွက်ခွာခဲ့တဲ့ သူတို့တွေရဲ့နေရာမှာ ဗီလာကွင်းလယ်လူ ရော်ဂျာစ်၊ ဝက်စ်ဟမ်းတောင်ပံ ကစားသမား ဘိုဝင်၊ အဲဗာတန်နောက်ခံလူ ဘရန်ဝိတ်၊ နယူးကာဆယ် နောက်ခံလူ လီဗရာမန်တိုနဲ့ ဘန်လေ ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်တို့ကို ခေါ်ယူအားဖြည့်ခဲ့တာပါ။
လီကာစလေဟာ အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ် နောက်ဆုံး ကိုင်တွယ်မယ့် ပွဲစဉ်တွေမှာ အဓိက ကစားသမား အများအပြား ထွက်ခွာမှုကြောင့် လူစာရင်း အားနည်းမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်အုပ်စု B ရဲ့ နောက်ဆုံးပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၁၄ ရက်မှာ ဂရိအသင်းနဲ့ အဝေးကွင်း၊ ၁၇ ရက်မှာ အိုင်ယာလန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2139
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂
ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ တနင်္လာနေ့က နည်းပြသစ် အာမိုရင် ရောက်ရှိလာပြီးနောက်မှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက လက်ထောက်နည်းပြအဖြစ်နဲ့ ယူနိုက်တက်အသင်းထံ ၂ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် ထုတ်ပယ်ခံရပြီးနောက် အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျကာ အသင်းဟာ ဒီပွဲတွေမှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
နည်းပြသစ် အာမိုရင်ဟာ နစ္စတယ်ရွိုင်းကို သူ့ရဲ့လက်အောက်မှာ မထားရှိဖို့ ဆုံးဖြတ်ခဲ့တာကြောင့် တိုက်စစ်မှူး ဟောင်းဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းအပြင် နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ရီနီဟာကီ၊ ရိုဝီလာနဲ့ မိုရဲလ်တို့လည်း ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီလို့ အသင်းဘက်က အတည်ပြုထားတာပါ။
အာမိုရင်ကို တွေ့ရစဉ်
ဒါပေမယ့် ကစားသမားဟောင်း ဖလက်ချာကတော့ နည်းပြအခန်းကဏ္ဍမှာ ဆက်ရှိကာ ပထမအသင်းနဲ့ အကယ်ဒမီကြားကို ချိတ်ဆက်မှုတွေ ဆက်ပြီးပြုလုပ်မယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းနည်းပြသစ် အာမိုရင်ဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီး အမှုဆောင် ချုပ် ဘာရာဒါ အပါအဝင် အသင်းအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းထံ သူ့ရဲ့အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းက နည်းပြအဖွဲ့ဝင်တွေကို ခေါ်ဆောင်လာခဲ့ပါတယ်။
အာမိုရင်ဟာ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်နေချိန်အတွင်းမှာ ယူနိုက်တက်အသင်းကို သူ့ရဲ့ကစားကွက်နဲ့ အဆင်ပြေစေမယ့် လေ့ကျင့်ပြင်ဆင်မှုတွေကို ပြုလုပ်ရတော့မှာပါ။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ နိုဝင်ဘာ ၂၄ ရက်မှာ ကစားမယ့် အစ်စဝှစ်ချ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို သူ့ရဲ့ယူနိုက်တက်အသင်း နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1709
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁
ယူနိုက်တက်အသင်းဟာ နည်းပြသစ် အာမိုရင် လက်ထက်မှာ အသင်းလူစာရင်းကို ပိုပြီးတောင့်တင်းစေဖို့အတွက် ချယ်လ်ဆီးအသင်းကြယ်ပွင့် အန်ကွန်ကူကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ပြင်သစ်တိုက်စစ်မှူး အန်ကွန်ကူဟာ ဒီရာသီ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာ လက်ထက်မှာ ပွဲကစားချိန် နည်းပါးနေတာကြောင့် စိတ်ပျက်နေတာပါ။
၂၀၂၃ နွေရာသီ အပြောင်းအရွှေ့က လိုက်ပ်ဇစ်အသင်းကနေ ပေါင် ၅၂ သန်းနဲ့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ လာခဲ့တဲ့ အန်ကွန်ကူဟာ သူ့ရဲ့ပွဲဦးထွက် ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီရာသီမှာတော့ အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲအများအပြား ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပါဝင်နေခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂျက်ဆန်၊ နက်တိုနဲ့ မာဒူကီတို့ကို ပွဲထွက် လူစာရင်း အသုံးပြုပြီး အန်ကွန်ကူ အပါအဝင် ဂျာအိုဖီးလစ်နဲ့ မူဒရစ်တို့ကို ဖလားပြိုင်ပွဲတွေမှာသာ ပွဲထွက် လူစာရင်း အသုံးပြုခဲ့တာပါ။
အန်ကွန်ကူကို တွေ့ရစဉ်
အန်ကွန်ကူဟာ သူ့ရဲ့ခံစားချက်ကို ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေထံ မပြောထားပေမယ့် ပွဲကစားချိန် နည်းပါးမှုကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ သူ့ရဲ့အနာဂတ်ကို စဉ်းစားဖို့ တွန်းအားပေးခြင်း ခံနေရတာဖြစ်ပါတယ်။
အဲဒါကြောင့် အန်ကွန်ကူရဲ့ အခြေအနေကို အသင်းအချို့က စောင့်ကြည့်နေပြီး ဒီအထဲမှာ ယူနိုက်တက်အသင်း လည်း ပါဝင်လာခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ တိုက်စစ်နေရာအတွက် ရွေးချယ်စရာ အများအပြား ရှိနေတာကြောင့် အန်ကွန်ကူကို သူတို့ လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းရင် ထွက်ခွာခွင့်ပြုနိုင်တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင် ကစားထားတာမှာ ၁၃ ဂိုး သွင်းယူထားတာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ တိုက်စစ်ပိုင်းက အားနည်းနေပေမယ့် ယာယီနည်းပြ နစ္စတယ်ရွိုင်း ကိုင်တွယ် ခဲ့တဲ့ ၄ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဟော့ဂျ်လန်းနဲ့ ဇာခ့်ဇီတို့ဟာ သွင်းဂိုးတွေရရှိဖို့ ရုန်းကန်နေရတာ ကြောင့် အန်ကွန်ကူကို ခေါ်ယူပြီး တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အသင်းဘက်က စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 1255
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁
အမေရိကန်အသင်းဟာ ကွန်ကာကပ်ဖ် နေးရှင်းလိဂ် ပွဲတွေအတွက် ပြင်ဆင်နေချိန်မှာ နည်းပြ ပိုချက်တီနိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရုံစိုက်တဲ့အနေနဲ့ ဒီလူစာရင်းက လက်ရှိအတွက်ရော အနာဂတ်မှာပါ အောင်မြင်မှု ရရှိဖို့ တည်ဆောက်ထားတယ်လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက “ကျနော်တို့ဟာ လူစာရင်း ၂၅ ဦး ရွေးချယ်ထားပြီး အကောင်းဆုံး ဟန်ချက်ညီဖို့ ကြိုးစားသွားမှာပါ။ အခုအချိန်မှာ ဖျော်ဖြေဖို့အတွက် သာမကဘဲ အဓိကရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သွားနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ ကျနော်တို့ ကစားသမားတွေကိုကြည့်ဖို့ လေ့ကျင့်ရေး စခန်းတွေလည်း အများကြီးရှိမှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
အမေရိကန်အသင်းဟာ နိုဝင်ဘာနိုင်ငံတကာပွဲစဉ်အဖြစ် ဂျမေကာအသင်းနဲ့ ကွန်ကာကပ်ဖ် နေးရှင်းလိဂ် ကွာတား ဖိုင်နယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အမေရိကန်အသင်း နည်းပြ ပိုချက်တီနိုဟာ ဒီပွဲအတွက် လူစာရင်း ထုတ်ပြန်ချိန်မှာ အနည်းငယ် အံ့သြစရာရှိခဲ့ တာပါ။
အမေရိကန်အသင်းရဲ့လူစာရင်းအပေါ် ပြောဆိုမှုတွေ ရှိနေပေမယ့် နည်းပြ ပိုချက်တီနိုကတော့ ဒီလူစာရင်းဟာ လက်ရှိအတွက်ရော အနာဂတ်အတွက်ပါ ရည်ရွယ်ထားတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်အသင်းကို တွေ့ရစဉ်
အမေရိကန်နိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်လို့ အောင်မြင်မှု ရယူနိုင်ဖို့ အတွက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ပိုချက်တီနိုကို နည်းပြသစ်ဖြစ် ခန့်အပ်ခဲ့တာပါ။
ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ပြီးခဲ့တဲ့ အောက်တိုဘာက ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ စတင် ကိုင်တွယ် ခဲ့ပြီး အသင်းဟာ ပနားမားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် မက္ကဆီကိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ ပြန်လည် အရေးနိမ့်ခဲ့တာပါ။
ဂျမေကာအသင်းနဲ့ပွဲကတော့ ပိုချက်တီနိုအတွက် အမေရိကန်အသင်းကို ပထမဆုံးပြိုင်ပွဲအဖြစ် ကိုင်တွယ်ရမှာပါ။
အမေရိကန်အသင်းဟာ ကွန်ကာကပ်ဖ် နေးရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဂျမေကာအသင်းနဲ့ နိုဝင်ဘာ ၁၄ ရက်မှာ အဝေးကွင်း၊ ၁၈ ရက်မှာ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1248
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁
ယူနိုက်တက်အသင်းနည်းပြသစ် အာမိုရင်က ပြီးခဲ့တဲ့ပွဲတွေမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းနဲ့ သူ့ရဲ့ကလပ် အနာဂတ်အပေါ် ဆွေးနွေးမှုပြုလုပ်မယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “နစ္စတယ်ရွိုင်းဟာ ကလပ်ရဲ့ ဂန္ထဝင်တစ်ဦးပါ။ သူဟာ အလွန်ကောင်းမွန်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ကျနော်တို့ တနင်္လာနေ့မှာ သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ”လို့ စပို့တင်းလစ္စဘွန်းအသင်းကို နောက်ဆုံး ပွဲစဉ် ကိုင်တွယ်အပြီးမှာ ပြောခဲ့တာပါ။
အာမိုရင်ဟာ ဘရာဂါအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စပို့တင်းလစ္စဘွန်းအသင်းကို သူ့ရဲ့နောက်ဆုံးပွဲစဉ် အဖြစ် ကိုင်တွယ်ပြီးနောက် ယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
အာမိုရင် ပထမဆုံး လုပ်ဆောင်ရမှာက ယူနိုက်တက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ကို ဖွဲ့စည်းရမှာဖြစ်ပြီး သူကတော့ စပို့တင်းလစ္စဘွန်းအသင်း နည်းပြအဖွဲ့ဝင်တွေကို ခေါ်ဆောင်လာဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကို လက်ထောက်နည်းပြအဖြစ်နဲ့ ရောက်ရှိလာခဲ့တဲ့ နစ္စတယ်ရွိုင်းရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေခဲ့ပါတယ်။
နစ္စတယ်ရွိုင်းကတော့ သူဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိချင်တယ်လို့ ပြောထားပေမယ့် နည်းပြသစ် အာမိုရင်က သူ့ရဲ့နည်းပြအဖွဲ့ဝင်ထဲမှာ ထားရှိမလားဆိုတာ ဆုံးဖြတ်ရမှာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေကျကာ ရှုံးပွဲမရှိ ရလဒ်ကောင်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းရဲ့ ယူနိုက်တက် အနာဂတ်ဟာ နည်းပြသစ် အာမိုရင်နဲ့ လူချင်းတွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ပြီး မှသာ ရှင်းလင်းတဲ့ အဖြေထွက်ပေါ်လာဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အမှတ်ပေးဇယားမှာ အဆင့် ၁၃ နေရာ ဆက်လက် ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 1525
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက ချယ်လ်ဆီးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်ရလဒ် မရယူနိုင်ခဲ့တဲ့အပေါ် ကစားသမားတွေကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ သူတို့ကို လွှမ်းမိုးထားပြီး ပိုကောင်းတဲ့ အသင်းလည်း ဖြစ်ခဲ့ပေမယ့် ဂိုးပေးခဲ့ရတဲ့ ပုံစံက စိတ်ပျက်ဖို့ ကောင်းပါတယ်။ အလွန်ဆိုးရွားခဲ့ပြီး ဒါက ကျနော်တို့ရဲ့ စံနှုန်းတွေ မဟုတ်သလို လက်ခံနိုင်စရာ လည်း မရှိပါဘူး။ ကျနော်တို့ဒီကို ၃ မှတ် ယူဖို့လာခဲ့ပေမယ့် မရခဲ့ပါဘူး။ အသင်းကလည်း အနိုင်မရခဲ့တဲ့အတွက် စိတ်ပျက်နေကြပါတယ်။ ကျနော်တို့ဟာ အနိုင်ရချင်ခဲ့ပြီး ပြဿနာကြီးကြီးမားမားတွေကို ပြောင်းလဲပစ်ရမှာပါ။ ရာသီကောင်းတစ်ခုကို ရယူနိုင်မယ်ဆိုတာ ကျနော် အပြည့်အဝ ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နက်တိုရဲ့ချေပဂိုးကို ခွင့်ပြုခဲ့ ရတာကြောင့် ချယ်လ်ဆီးအသင်းနဲ့ အမှတ်ခွဲယူခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ ဆာလီဘာရဲ့ ဖြတ်တင်ဘောပေးမှုကို ထရိုဆာ့ဒ် ပိတ်သွင်းတာမှာ လွဲချော်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းနိုင်ပွဲနဲ့ ဝေးကွာခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲကစားအပြီးမှာ အဆင့် ၁ နေရာက လီဗာပူးလ် အသင်းနဲ့ ၉ မှတ်ကွာဟသွားပြီ ဖြစ်တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟနေတဲ့ အပေါ်မှာ သူတို့လုပ်နိုင်တာ ဘာမှ မရှိပေမယ့် နိုင်ငံတကာပွဲစဉ်အပြီးမှာ ကစားသမားတွေအားလုံး ကြံ့ခိုင်မှုအပြည့်ရှိနေဖို့ ဆုတောင်းတယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ ဒီကလန်ရိုက်စ်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ တိုမီယာဆု၊ ကာလာဖီအိုရီနဲ့ တီယာနေးတို့ကို အနားပေးထားရတာပါ။
အာဆင်နယ်အသင်းဟာ နိုဝင်ဘာနိုင်ငံတကာ ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ် အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 1776
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ အာဆင်နယ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကျနော်တို့ဟာ ဒီအခိုက်အတန့်မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ခံစားချက် ရှိနေပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ကျနော်တို့ရဲ့ ပရိသတ်တွေကို ကောင်းမွန်တဲ့ နေ့တစ်နေ့ပေးနိုင်ဖို့ မျှော်လင့်ပါ တယ်။ ကျနော့်အတွက် အာဆင်နယ်က မန်စီးတီးအသင်းနဲ့ နီးစပ်ပြီး ဒီနှစ်သင်းက ကျန်တဲ့အသင်းတွေထက် ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဒီပွဲမှာတော့ ကျနော်တို့ အနိုင်ရရှိအောင် ကစားသွားမယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ချိန်မှာ ရလဒ်မကောင်းခဲ့ပေမယ့် ဒီရာသီမှာတော့ အာဆင်နယ်အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်ကြောင့် သူတို့ရဲ့ အထက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မာရက်စ်ကာဟာ သူကိုင်တွယ်တဲ့ ပထမရာသီမှာတင် ချယ်လ်ဆီးအသင်းရဲ့ တိုးတက်မှုကို ကျေနပ်နေတာပါ။
ချယ်လ်ဆီးအသင်းသားတွေကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ နိုအာအသင်းကို ၈ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကိုသာ အရေးနိမ့်ထားပြီး ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၁ ပွဲသာ သရေကျ ခဲ့ပြီး ၅ ပွဲရှုံးနိမ့်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ကိုးလ်ပါလ်မာဟာ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် စိုးရိမ်စရာရှိနေပေမယ့် နည်းပြ မာရက်စ်ကာက အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ သူပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
အာဆင်နယ်အသင်း ဘက်မှာလည်း အဓိကကွင်းလယ်လူ ဒီကလန်ရိုက်စ် ဒဏ်ရာရရှိနေပြီး ချယ်လ်ဆီးအသင်း နဲ့ပွဲစဉ်မှာ ပါဝင်လာနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 2917
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉
ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ နစ္စတယ်ရွိုင်းက အနာဂတ်မှာ အသင်းရဲ့ အမြဲတမ်း နည်းပြရာထူးကို ရယူချင်ပေမယ့် နည်းပြသစ် အာမိုရင် ရောက်ရှိလာရင် လက်ထောက်နည်းပြ ရာထူးကို ပြန်လည် ယူချင်တယ်လို့ ပြောခဲ့ပါတယ်။
နစ္စတယ်ရွိုင်းက “အနာဂတ်မှာ ယူနိုက်တက်နည်းပြ ရာထူးကို ရယူချင်ပါတယ်။ လက်ထောက်နည်းပြ အဖြစ်နဲ့ ယူနိုက်တက်အသင်းထံ ပြန်လာဖို့ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ဒါကို ကျနော် တွေးခဲ့ပါတယ်။ လက်ထောက်နည်းပြ အဖြစ်လည်း ကလပ်နဲ့အတူ ဒီခရီးစဉ်ရဲ့ အစိတ်အပိုင်း ဖြစ်လိုတယ်လို့ ခံစားရပါတယ်။ ကျနော်ဟာ နည်းပြဖြစ်ချင် တဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ လက်ထောက်နည်းပြအဖြစ် ၂ နှစ် စာချုပ်ချုပ်ခဲ့ပြီး ဒီရာထူးနဲ့ပဲ ဆက်နေဖို့ စိတ်ထဲမှာ ရှိနေဆဲပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ နွေရာသီက လက်ထောက်နည်းပြ ရာထူးနဲ့ အသင်းထံ ပြန်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နစ္စတယ်ရွိုင်းဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် ရာထူးကနေ ထုတ်ပယ်ခံရအပြီးမှာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရတာပါ။
နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
နစ္စတယ်ရွိုင်းဟာ ယာယီနည်းပြအဖြစ် ယူနိုက်တက်အသင်းကို ၃ ပွဲ ကိုင်တွယ်ထားပြီး ၂ ပွဲနိုင်၊၁ ပွဲသရေ ရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်ပေးထားပါတယ်။
လက်စတာအသင်းနဲ့ ပွဲမှာတော့ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြဘဝ နောက်ဆုံးပွဲစဉ် အဖြစ် ကိုင်တွယ်သွားမှာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် နည်းပြသစ် အာမိုရင်ဟာ သူ့ရဲ့ နည်းပြအဖွဲ့ကိုပါ အသင်းထံ ခေါ်ဆောင်လာမှာဖြစ်လို့ သူ့ရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။
အဲဒါကြောင့် လက်စတာအသင်းနဲ့ ပွဲဟာ ယူနိုက်တက်အသင်းအတွက် နစ္စတယ်ရွိုင်းရဲ့ ဒုတိယမြောက် အိုးထရက်ဖို့ဒ် နှုတ်ဆက်မှု ဖြစ်လာနိုင်ပေမယ့် သူကတော့ အသင်းကို အကောင်းဆုံးပုံစံနဲ့ နည်းပြသစ်လက်ထက် လွှဲပြောင်းပေးနိုင်ဖို့သာ အာရုံစိုက်ထားတာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၃ နေရာ ရပ်တည်နေပြီး ရာသီအစ ရလဒ်တွေ ဆိုးရွားမှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 2269
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုဟာ ထရက်ဇွန်စပေါ်အသင်းကို အနိုင်ရခဲ့တဲ့ တူရကီလိဂ် ပွဲစဉ်အပြီးမှာ တူရကီပွဲ တာဝန်ရှိသူတွေကို ဝေဖန်ခဲ့တာကြောင့် ၁ ပွဲပယ်နဲ့ ဒဏ်ကြေးငွေပေါင် ၁၅,၀၀၀ ချမှတ်ခံခဲ့ရပါတယ်။
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းက ထရက်ဇွန်စပေါ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ နာကျင်အချိန် ပိုမှာ အမ်ရာဘတ် အနိုင်ဂိုး သွင်းယူပြီးနောက် ကွင်းထဲကို ပြေးဝင်ကာ ဒူးလျှောထိုးပြီး အောင်ပွဲခံဖို့ ကြိုးစားခဲ့ တာပါ။
ပွဲအပြီးမှာ မော်ရင်ဟိုဟာ ဒေါသတကြီးနဲ့ တူရကီရှိ ဒိုင်လူကြီးတွေရဲ့ စံချိန်စံညွှန်းတွေကို ဝေဖန်ခဲ့သလို ပွဲတာဝန် ရှိသူတွေရဲ့ သမာသမတ် ကျမှုအပေါ် မေးခွန်းထုတ်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဖီနာဘာချီအသင်းက လိဂ်ရဲ့လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး သူ့ကို အမှန်အတိုင်း ပြောခဲ့မယ်ဆိုရင် ဒီအသင်းကို သူကိုင်တွယ်မှာ မဟုတ်ဘူးလို့လည်း မော်ရင်ဟိုက ပြောခဲ့သေးတာပါ။
အဲဒါကြောင့် တူရကီဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက မော်ရင်ဟိုဟာ အားကစား ကျင့်ဝတ်ကို ဆန့်ကျင်ပြီး နိုင်ငံရဲ့ဘောလုံးတန်ဖိုးကို ကျဆင်းအောင် လုပ်တယ်ဆိုကာ ၁ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ကိုင်တွယ်ပြီးကတည်းက ဒိုင်လူကြီးတွေအပေါ် စောဒကတက် ဝေဖန်မှု တွေကြောင့် မကြာခဏဆိုသလို အဝါကတ်ပြသခြင်းကို ခံခဲ့ရတာပါ။
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုဟာ ကြားရက်က အယ်လ်ခမာအသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ လည်း ပွဲပယ်ကြောင့် ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ခဲ့ရတာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ပြီးခဲ့တဲ့ ဇွန်က စတင်ကိုင်တွယ်ခဲ့ပြီး အသင်းဟာ တူရကီလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၂၁ နေရာ ရပ်တည်နေတာပါ။
ဖီနာဘာချီအသင်းဟာ ဒီတစ်ပတ် တူရကီလိဂ်ပွဲစဉ်အဖြစ် ဆီဗာစပေါ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC