CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈
အေစီမီလန်အသင်း နည်းပြသစ် အယ်လီဂရီက ခရိုအေးရှား ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်အပြီးမှာ အသင်းထံ ပြောင်းရွှေ့လာမယ်လို့ ပြောခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ ရီးရယ်လ် အသင်းကနေ ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ မေလက ကြေညာထားတာပါ။
အေစီမီလန်အသင်း နည်းပြသစ် အယ်လီဂရီဟာ သူ့ရဲ့ပထမဆုံး ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ အသင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို အတည်ပြုခဲ့ပြီး ဒီအထဲမှာ သြဂုတ်လထဲ မိုဒရစ်အသင်းထံ ရောက်ရှိလာမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိနေပြီး PSG အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။
မိုဒရစ်ကို တွေ့ရစဉ်
၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၈ ခု ရရှိထားပါတယ်။
၂၀၁၈ ခုနှစ်က ဘောလွန်းဒီအောဆုကို ရရှိထားတဲ့ မိုဒရစ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်း အတွက် ပါဝင်ကစားချင်တာကြောင့် အမြင့်ဆုံးအဆင့်မှာ ဆက်ပြီးကစားနိုင်ဖို့ အေစီမီလန်အသင်းထံ ပြောင်းရွှေ့ ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ အေစီမီလန်အသင်းဟာ ကွင်းလယ်လူ ရိုင်းဒါးစ်ကို မန်စီးတီးအသင်းထံ ရောင်းချထားသလို ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ကလည်း ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
အေစီမီလန်အသင်းကို ၂၀၁၁ ခုနှစ်က စီးရီးအေဖလား ရရှိအောင် ကိုင်တွယ်ပေးထားတဲ့ နည်းပြအယ်လီဂရီဟာ ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဂိုးသမား မိုင်ဂ်နန်နဲ့ ရာဖေးလ်လီယိုတို့ အသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။
ရာသီသစ်မှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အေစီမီလန်အသင်းဟာ ရာသီသစ် စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၃ ရက်မှာ ခရီမိုနီစီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC