
- By CNI
- Category: အားကစား
- Hits: 1185
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၉
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ သူ့ရဲ့ပထမဆုံး အသင်းကြီးနည်းပြ အလုပ်အကိုင်အဖြစ် ဟီရန်ဗင်းအသင်း နည်းပြရာထူး ခန့်အပ်ခံခဲ့ရပါတယ်။
ဖီယင်နုအသင်းကြီးမှာ လက်ထောက်နည်းပြနဲ့ လူငယ်အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဗန်ပါစီဟာ ဟီရန်ဗင်းအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
ဗန်ပါစီဟာ ဖီယင်နုအသင်းမှာ ကစားသမားဘဝက အနားယူခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက နည်းပြလောကထဲကို ဝင်ရောက်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒတ်ချ်တိုက်စစ်မှူးဟောင်း ဗန်ပါစီက ဟီရန်ဗင်းအသင်းက နည်းပြရာထူးအတွက် ကမ်းလှမ်းပြီး အခွင့်အရေးပေး ခဲ့တဲ့အတွက် ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
ဗန်ပါစီက “ဟီရန်ဗင်းဟာ ကြွယ်ဝတဲ့ အစဉ်အလာ၊ သစ္စာရှိတဲ့ အားပေးသူတွေနဲ့အတူ အလွန်ကောင်းမွန်တဲ့ ဒတ်ချ်ကလပ် ဖြစ်ပါတယ်။ နည်းပြအဖြစ် ကလပ်ရဲ့ အားကစား ရည်မှန်းချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပါဝင်ကူညီရမှာက အံ့သြစရာကောင်းတဲ့ စိန်ခေါ်မှုပါပဲ “လို့ ပြောပါတယ်။
ဗန်ပါစီဟာ ၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်ဖို့ ချဉ်းကပ်ခံခဲ့ရပေမယ့် သူက မိသားစု အကြောင်းပြချက်တွေနဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဟီရန်ဗင်းအသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြ ဗန်ဝန်ဒီရန်ဟာ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာတော့မှာပါ။
အဲဒါကြောင့် ဗန်ပါစီဟာ လာမယ့် နွေရာသီက စတင်ပြီး ဟီရန်ဗင်းအသင်း နည်းပြသစ်အဖြစ် တာဝန်ယူရတော့ မှာ ဖြစ်ပါတယ်။
ဟီရန်ဗင်းအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်အဆင့် ၁၀ နေရာမှာ ရပ်တည်ခဲ့ပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့် မျှော်လင့်ချက်နဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1183
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၈
ဆောက်သမ်တန်အသင်းဟာ ဝက်စ်ဘရွန်းအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံရှစ်ပလေးအော့ဖ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲအဖြစ် လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်မှာ ဝက်စ်ဘရွန်းအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဆောက်သမ်တန်အသင်းအတွက် ဂိုးတွေကို အမ်းစထရောင်းက ၂ ဂိုးနဲ့ စမောလ်ဘုန်းက ၁ ဂိုး သွင်းယူခဲ့ပြီး ဝက်စ်ဘရွန်းအသင်းအတွက် ချေပဂိုးကို ကီပရီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီ ၂ သင်းရဲ့ ပထမအကျော့ပွဲစဉ်ဟာ ဂိုးမရှိ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ ဆောက်သမ်တန်အသင်း အနိုင်ရပြီး ပလေးအော့ဖ်ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။
လိဒ်စ်နဲ့ဆောက်သမ်တန်အသင်း ယှဉ်ပြိုင်နေစဉ်
ဆောက်သမ်တန်အသင်းနည်းပြ မာတင်က “ပရိသတ်တွေရဲ့ အားပေးမှုက အကောင်းဆုံးဖြစ်ခဲ့ပြီး ဒါက ရလဒ်မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အသင်းအတွက် ကျနော် အလွန်ကျေနပ်မိပြီး အံ့သြစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေလည်း ရှိခဲ့ပါတယ်။ ကျနော်တို့အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ ဗိုလ်လုပွဲကို သွားမယ်”လို့ ပြောခဲ့ပါတယ်။
ဒီရာသီ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို လက်စတာအသင်းနဲ့ အစ်စဝှချ်အသင်းတို့ တိုက်ရိုက်တန်းတက်ခဲ့ပြီး လက်ကျန်တစ်နေရာအတွက် ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် လိဒ်စ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင် ရမှာပါ။
ဗိုလ်လုပွဲကို မေလ ၂၆ ရက် ဝင်ဘာလေကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1380
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၈
ချယ်လ်ဆီးအသင်း ကြယ်ပွင့်ကစားသမား ကိုးလ်ပါလ်မာဟာ ၂၀၂၃-၂၄ ရာသီအတွက် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းအတွက် ပါဝင် ကစားထားတဲ့ ပရီးမီးယားလိဂ် ၃၃ ပွဲမှာ ၂၂ ဂိုးသွင်းပြီး ၁၀ ဂိုးဖန်တီးထားတာပါ။
အဲဒါကြောင့် ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ဟာလန်း၊ ဖိုဒန်၊ ဆာကာ၊ ဆာလီဘာ၊ အိုင်ဆက်ခ်၊ မိုင်နူးနဲ့ အူဒိုဂီတို့ကို အသာရပြီး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိတဲ့ ပထမဆုံး ချယ်လ်ဆီးကစားသမားလည်း ဖြစ်ခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာကို တွေ့ရစဉ်
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတာကြောင့် မကြာသေး ခင်က ပြုလုပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲမှာ အကောင်းဆုံး ကစားသမားဆုနဲ့ အသင်းဖော်တွေကပေးတဲ့ အကောင်းဆုံး ကစားသမားဆုတို့ကို ရရှိခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ၂၂ ဂိုးအထိ သွင်းယူပေးထား တာကြောင့် ဂိုးသွင်း အများဆုံး ကစားသမားစာရင်းမှာ မန်စီးတီးအသင်းဖော်ဟောင်း ဟာလန်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါလ်မာရဲ့ ခြေစွမ်းပြသမှုတွေနဲ့ နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲဆက်နေပြီး ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သရေ ၁ မှတ် ရယူနိုင်တာနဲ့ လာမယ့်ရာသီ ဥရောပပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 1427
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၇
ဘရာဇီးလ်နိုင်ငံဟာ ပူးတွဲအိမ်ရှင်အဖြစ်ပြုလုပ်မယ့် နယ်သာလန်၊ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတို့ကို မဲအသာရပြီး ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိသွားပြီဖြစ်ပါတယ်။
မေ ၁၇ ရက်က ဘန်ကောက်မှာကျင်းပခဲ့တဲ့ ဖီဖာကွန်ဂရက်မှာ အဖွဲ့ဝင်တွေဟာ ၂၀၂၇ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲ အိမ်ရှင်အတွက် မဲပေးမှုပြုလုပ်ခဲ့တာမှာ ဘရာဇီးလ်နိုင်ငံက ၁၁၉ မဲရရှိခဲ့ပြီး နယ်သာလန်၊ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတို့က ၇၈ မဲရရှိခဲ့တာပါ။
အဲဒါကြောင့် ဘရာဇီးလ်နိုင်ငံဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိ သွားခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကနိုင်ငံတစ်ခုက ပထမဆုံးအကြိမ် အိမ်ရှင် အဖြစ်လက်ခံကျင်းပမှာပါ။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက “ဘရာဇီးလ်အတွက် ဂုဏ်ယူပါတယ်။ ကျနော်တို့ဟာ ဘရာဇီးလ်မှာ အကောင်းဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ဘယ်လ်ဂျီယံ၊နယ်သာလန်နဲ့ ဂျာမနီတို့ရဲ့ အိမ်ရှင်အဖြစ် ယှဉ်ပြိုင်မှု ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အိမ်ရှင်အဖြစ်လျှောက်ထားခဲ့တဲ့ ဘရာဇီးလ်နဲ့ BNG အဖွဲ့တို့ဟာ အိမ်ရှင်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိပေမယ့် ဖီဖာရဲ့ အကဲဖြတ်မှုစာရင်းမှာ ဘရာဇီးလ်နိုင်ငံဟာ အားကစားကွင်း၊နေရာထိုင်ခင်း၊ပရိသတ်ဇုန်နဲ့ သယ်ယူ ပို့ဆောင်ရေးလို နယ်ပယ်တွေမှာ ရမှတ်ပိုပြီးရရှိခဲ့တာပါ။ ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန် နဲ့ မက္ကဆီကိုနိုင်ငံတို့ဟာ ပူးတွဲအိမ်ရှင်အဖြစ်လျှောက်ခဲ့ပေမယ့် ၂၀၃၁ ပြိုင်ပွဲကို ပိုပြီးအာရုံစိုက်ချင်တာကြောင့် နုတ်ထွက်ခဲ့ပါတယ်။
၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ပြိုင်ပွဲကလိုပဲ ၃၂ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ ချန်ပီယံကတော့ စပိန်အသင်းဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 1536
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၇
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပဏာမကစားသမားစာရင်း ထုတ်ပြန်ခဲ့တာမှာ အယ်လ်အစ်တီဟတ်အသင်းမှာ ကစားနေတဲ့ ကွင်းလယ်လူ ကန်တီ ရွေးချယ်ခံခဲ့ရပါတယ်။
ကန်တီဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ နောက်ပိုင်း ပြင်သစ်အသင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့ပေမယ့် ၂ နှစ်အကြာမှာ ပြန်လည် ရွေးချယ်ခြင်း ခံခဲ့ရတာပါ။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကန်တီဟာ ဒီနောက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့တဲ့ ကန်တီဟာ အယ်လ်အစ်တီဟတ်အသင်းမှာ သူ့ရဲ့ပုံစံ ကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့တယ်လို့ နည်းပြ ဒက်ချမ့်ပ်က ပြောခဲ့တာပါ။
ဒက်ချမ့်ပ်က “ကန်တီဟာ ဥရောပလိဂ်မှာ မဟုတ်ပေမယ့် ရာသီအပြည့် ကစားခဲ့ပါတယ်။ သူဟာ ဆော်ဒီမှာ ကစားနေရင်း သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပိုပြီး ကောင်းမွန်လာပါတယ်။ သူ့ရဲ့အတွေ့အကြုံတွေ၊ နောက်ခံ သမိုင်းကြောင်းအရ ကျနော်တို့အသင်းဟာ သူနဲ့အတူ ပိုပြီးအားကောင်းလာမယ်ဆိုတာ ကျနော်ယုံကြည်မှု ရှိတယ်”လို့ ပြင်သစ်ရုပ်သံ TF1 ကို ပြောခဲ့ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီ ဦးဆောင်မယ့် ပြင်သစ်အသင်း လူစာရင်းမှာ နာမည်ကြီး ကစားသမား အများအပြား ပါဝင်ခဲ့ပေမယ့် ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ အိုလီဆီ၊ ချယ်လ်ဆီးအသင်းက အန်ကွန်ကူ၊ ဒီဆာဆီနဲ့ ဂတ်စတိုတို့ ချန်လှပ်ခံခဲ့ရပါတယ်။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပ်ဟာ ဒဏ်ရာပြဿနာရှိနေတဲ့ ရီးရယ်လ်အသင်းက ချူအာမန်နီနဲ့ ဘိုင်ယန်မြူးနစ် အသင်းက ကိုးမန်းတို့ကို ရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။
ယူရိုပြိုင်ပွဲဝင်မယ့် အသင်းတွေဟာ ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ထံ အပြီးသတ် လူစာရင်း တင်သွင်းရမှာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင်မှာ လူဇင်ဘတ်၊ ကနေဒါအသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ ရှိနေတာပါ။
ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု D မှာ သြစတြီးယား၊ နယ်သာလန်၊ ပိုလန်အသင်းတို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1545
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၇
လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့အတွက် ယှဉ်ပြိုင်နေတဲ့ ချန်ပီယံရှစ်ပလေးအောဖ့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လိဒ်စ်အသင်းဟာ နော်ဝစ်ချ်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ လိဒ်စ်အသင်းဟာ နော်ဝစ်ချ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။
ဒီနှစ်သင်းရဲ့ ပထမအကျော့ပွဲစဉ်က ဂိုးမရှိ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-ဂိုးမရှိနဲ့ လိဒ်စ် အသင်း အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
လိဒ်စ်အသင်းဟာ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်နိုင်ဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ မကောင်းခဲ့လို့ အဆင့် ၃ နေရာနဲ့ ပလေးအော့ဖ်ပွဲစဉ်တွေ ယှဉ်ပြိုင်နေရတာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တဲ့ လိဒ်စ်အသင်းဟာ ပလေးအော့ဖ် ဗိုလ်လုပွဲ တက်နိုင်ခဲ့ တာကြောင့် ပရီးမီးယားလိဂ်ကို ချက်ချင်း တန်းပြန်တက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ပါတယ်။
လိဒ်စ်အသင်းကို တွေ့ရစဉ်
လိဒ်စ်အသင်းနည်းပြ ဖာကီက ဒီပွဲစဉ်က အသင်းရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပြီး သူတို့ဒီထက်ပိုပြီး ဂိုးသွင်းခဲ့သင့် တယ်လို့ ပြောခဲ့ပါတယ်။
ဖာကီက “ပထမဆုံးအနေနဲ့ ကောင်းမွန်တဲ့ ရာသီတစ်ခုအတွက် နော်ဝစ်ချ်အသင်းကို ဂုဏ်ပြုကြောင်း ပြောချင်ပါ တယ်။ သူတို့ဟာ ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် ဒီပွဲမှာ ကျနော်တို့ ဂိုးတွေပိုပြီး သွင်းယူ ခဲ့သင့်တာပါ။ ဂိုးမပေးရလို့ ပျော်ရွှင်မိသလို ငယ်ရွယ်တဲ့ ကျနော့်အသင်းကို ချီးကျူးချင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကလည်း တကယ့်ကို မယုံနိုင်စရာပါပဲ”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
လိဒ်စ်အသင်းဟာ ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် ဆောက်သမ်တန်နဲ့ ဝက်စ်ဘရွန်းအသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒီနှစ်သင်းရဲ့ ပထမအကျော့ပွဲစဉ်က ဂိုးမရှိ သရေကျခဲ့တာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို မေလ ၁၈ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1326
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၇
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်အတွက် Forbes က ထုတ်ပြန်တဲ့ လုပ်ခလစာအများဆုံး အားကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာက ရပ်တည်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ Forbes ရဲ့ လုပ်ခလစာအများဆုံး အားကစားသမားစာရင်းမှာ စတုတ္ထအကြိမ်မြောက်အဖြစ် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တာပါ။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ပြီးနောက်မှာ ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမား ဖြစ်လာခဲ့ပါတယ်။
စီးပွားရေးမဂ္ဂဇင်း Forbes က ရော်နယ်ဒိုဟာ ဒေါ်လာသန်း ၂၆၀ အထိ ရရှိတယ်လို့ ဖော်ပြခဲ့တာပါ။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုရဲ့ ကွင်းအတွင်းဝင်ငွေဟာ ဒေါ်လာသန်း ၂၀၀ ရှိပြီး စပွန်ဆာ သဘောတူညီမှု အပါအဝင် အခြားအရာတွေကြောင့် ကွင်းပြင်ပဝင်ငွေက ဒေါ်လာသန်း ၆၀ အထိရှိနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အသက် ၄၀ ပြည့်ဖို့ နီးလာပေမယ့် သူ့ရဲ့ ကစားသမားဘဝကို မြင့်မားတဲ့အဆင့်မှာ ဆက်ပြီး ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီကို တွေ့ရစဉ်
နံပါတ် ၂ နေရာမှာတော့ စပိန်ဂေါ့ဖ်ကစားသမား ဂျွန်ရမ်က ရပ်တည်နေပါတယ်။
ဂျွန်ရမ်ဟာ ဆော်ဒီထောက်ပံထားတဲ့ LIV Golf Tour ကို ပြောင်းရွှေ့ပြီးနောက်မှာ ဒေါ်လာ ၂၁၈ သန်းနဲ့ ဒီစာရင်းရဲ့ နံပါတ် ၂ နေရာအထိ တက်လာခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ပြိုင်ဘက်ကြီးဖြစ်တဲ့ အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက ဒေါ်လာ ၁၃၅ သန်းနဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေတာပါ။
မက်ဆီဟာ ကွင်းအတွင်းဝင်ငွေ ဒေါ်လာ ၆၅ သန်းနဲ့ ကွင်းပြင်ပဝင်ငွေ ဒေါ်လာသန်း ၇၀ ရရှိတာ ဖြစ်ပါတယ်။
နာမည်ကြီး ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်က ဒေါ်လာ ၁၂၈.၂ သန်းနဲ့ နံပါတ် ၄၊ နောက်ထပ် ဘတ်စကတ်ဘော ကစားသမားဖြစ်တဲ့ ဂျီယန်နစ်က ဒေါ်လာ ၁၁၁ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေတာပါ။
ဘောလုံးသမားတွေဖြစ်တဲ့ ဘတ်ပီ၊ နေမာနဲ့ ဘန်ဇီမာတို့ဟာ ဒီစာရင်းရဲ့ နံပါတ် ၆၊၇ နဲ့ ၈ နေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်း အခွန်နဲ့ အေးဂျင့်တွေကို အခကြေးငွေတွေ မပေးခင် ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမား ၁၀ ဦးရဲ့ စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၁.၃၈ ဘီလီယံအထိ ရှိတယ်လို့ Forbes က ပြောထားပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1342
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၆
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ အော်လန်ဒိုစီးတီးအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဒီစီယူနိုက်တက်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ နည်းပြ မာတီနိုက ပြောခဲ့ ပါတယ်။
မာတီနိုက “လီယိုဟာ သက်သောင့်သက်သာမရှိပေမယ့် နေ့တိုင်းလေ့ကျင့်မှုတွေပြုလုပ်သလို သူ့ကိုစစ်ဆေးမှု တွေပြုလုပ်တာမှာလည်း ကောင်းမွန်ပါတယ်။ တစ်ပတ်အတွင်း ၃ ပွဲကစားပြီးတော့ သူဟာ နာကျင်မှုတွေ ရှိနေပါတယ်။ လာမယ့်စနေနေ့မှာ သူပါဝင်ကစားဖို့ စီစဉ်ထားပေမယ့် တစ်ရက်ပြီးတစ်ရက် စောင့်ကြည့် သွားရမှာပါ။ ကျနော်တို့သူ့ကို ဘယ်လိုစွန့်စားမှုမှပြုလုပ်သွားမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီမပါဝင်နိုင်တဲ့ ပွဲစဉ်မှာ အော်လန်ဒိုစီးတီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီပါဝင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၅ ပွဲစလုံးနိုင်ပွဲရယူနိုင်ခဲ့ပေမယ့် သူမ ပါဝင်နိုင်တဲ့အချိန်မှာ နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲအနိုင်မရခဲ့ပေမယ့် မေဂျာလိဂ်အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားမှာ အဆင့် ၁ နေရာဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။
မေဂျာလိဂ်ကလပ်ဟာ မက်ဆီမပါဝင်နိုင်ခဲ့တဲ့ ဒီရာသီအစပွဲစဉ်တွေမှာလည်း ရလဒ်တွေမကောင်းဖြစ်ခဲ့တာပါ။
အဲဒါကြောင့် နည်းပြ မာတီနိုက လာမယ့် ဒီစီယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ မက်ဆီပါဝင်နိုင်ဖို့ မျှော်လင့် နေတာဖြစ်ပါတယ်။
မက်ဆီဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၁၀ ဂိုး သွင်းယူထားပြီး အသင်းဖော်တိုက်စစ်မှူး ဆွာရက်ဇ်က ၁၁ ဂိုးသွင်းယူထားတာပါ။
သူတို့ ၂ ဦးစလုံးဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုတွေကို ရရှိထားတာဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် လာမယ့် ပွဲစဉ် ၄ ပွဲပါဝင်ကစားပေးပြီးရင် ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားအသင်းနဲ့ သွားရောက်ပူးပေါင်းရတော့မှာပါ။
ကိုပါအမေရိကဖလားပြိုင်ပွဲကျင်းပနေချိန်မှာ မေဂျာလိဂ်ပြိုင်ပွဲလည်း ဆက်လက်ကျင်းပနေမှာဖြစ်လို့ အင်တာ မိုင်ယာမီအသင်းဟာ မက်ဆီမပါဝင်ဘဲ ပွဲစဉ်အချို့ကို ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 1353
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၆
ဝုလ်ဗ်စ်အသင်းဟာ လာမယ့် ဘောလုံးရာသီက စတင်ပြီး VAR အသုံးပြုမှုကို ဖယ်ရှားဖို့ တရားဝင် တောင်းဆို ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ VAR နည်းပညာကို ဖယ်ရှားမယ့် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
VAR နည်းပညာကို ၂၀၁၉ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ အငြင်းပွားမှုတွေ အများအပြား ဖြစ်ခဲ့ပြီးနောက် ဒီနည်းပညာကို အသုံးပြုတဲ့အပေါ် အငြင်းအခုံတွေရှိနေဆဲ ဖြစ်ပါ တယ်။
နည်းပြတွေဟာ VAR အသုံးပြုတာနဲ့ ပတ်သက်ပြီး ဝေဖန်မှု အများအပြား ပြုလုပ်ခဲ့ကြပြီး ဝုလ်ဗ်စ်အသင်းကတော့ အခုနွေရာသီမှာ VAR ကို ဖယ်ရှားပေးဖို့ တရားဝင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဝုလ်ဗ်စ်အသင်းရဲ့ အဆိုပြုချက်အပေါ် ဇွန်လ ၆ ရက်မှာ ကျင်းပမယ့် နှစ်ပတ်လည် တွေ့ဆုံပွဲမှာ ပရီးမီးယားလိဂ် အသင်း ၂၀ စလုံးဟာ မဲခွဲဆုံးဖြတ်ကျမှာပါ။
VAR နည်းပညာကို ဖယ်ရှားမယ့် အဆိုပြုချက်ကို အတည်ပြုနိုင်ဖို့ဆိုရင် ထောက်ခံမဲအနည်းဆုံး ၁၄ မဲရရှိဖို့ လိုအပ် တယ်လို့ သိရပါတယ်။
VAR နည်းစနစ်ကို တွေ့ရစဉ်
ဝုလ်ဗ်စ်အသင်းကတော့ VAR ဟာ ပရိသတ်နဲ့ ဘောလုံးအကြား ဆက်ဆံရေးကို ပျက်ဆီးစေပြီး ပရီးမီးယားလိဂ် အမှတ်တံဆိပ်ရဲ့ တန်ဖိုးကိုလည်း ထိခိုက်စေတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ဒီရာသီမှာ VAR နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာက စက်တင်ဘာက စပါးအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်း သွင်းယူတဲ့ဂိုးကို လူကျွံဘောဆိုပြီး ပယ်ဖျက်ခဲ့တာ အပါအဝင် နောက်ဆုံးဖြစ်ပျက်ခဲ့ တာက တော့ ပြီးခဲ့တဲ့လက အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ် အသင်းဘက်ကို ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံဟာ ပြီးခဲ့တဲ့လက VAR ကို အသုံးပြုဖို့ ငြင်းပယ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့တာပါ။
ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီက စတင်ပြီး လူကျွံဘော ဖမ်းရာမှာ ပိုပြီးတိကျတဲ့ semi-automated offside နည်းပညာကို စတင်အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1891
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၁၆
ဂျူဗင်တပ်စ်အသင်းဟာ အတ္တလန်တာအသင်းနဲ့ ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို စံချိန်တင် ၁၅ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၄ မိနစ်မှာ တိုက်စစ်မှူး ဗလာဟိုဗစ်က သွင်းယူခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်းအတွက်တော့ ကိုပါအီတာလီယာဖလားဟာ ၃ နှစ်အတွင်း ပထမဆုံးရယူနိုင်ခဲ့တဲ့ အဓိက ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီဟာ ကိုပါအီတာလီယာဖလားကို ၅ ကြိမ် ရယူနိုင်တဲ့ ပထမဆုံးနည်းပြ အဖြစ်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။
အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းကို ဆုဖလား ရယူပေးနိုင်ခဲ့ပေမယ့် လာမယ့်ရာသီ ဆက်ရှိဖို့ မသေချာပါဘူး။
ဂျူဗင်တပ်စ်အသင်းကို တွေ့ရစဉ်
အယ်လီဂရီက “ကောင်လေးတွေအတွက် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ သူတို့တွေဟာ ကလပ်အတွက်၊ ပရိသတ်တွေ အတွက်နဲ့ ကျနော့်အတွက် ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပါတယ်။ ဆုဖလားရယူဖို့က ဘယ်တော့မှ မလွယ်ကူပေမယ့် ဒါက ကျနော်တို့ရဲ့ DNA ပါ။ လာမယ့်ရာသီအသင်းမှာ ကျနော် ဆက်မရှိတော့ ဘူးဆိုရင်လည်း တောင့်တင်းတဲ့ အသင်းကို ထားခဲ့မှာပါ။ ကလပ်က အကဲဖြတ်မှုတွေ ပြုလုပ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေ ပွဲစဉ်တွေကစားဖို့ ၂ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်က အသင်းဟာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပေမယ့် ရာသီ အစကတည်းက ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေ အောင်မြင်ခဲ့လို့ ပျော်ရွှင်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အတ္တလန်တာအသင်းကတော့ ၁၉၆၃ ခုနှစ်က ကိုပါအီတာလီယာဖလား ရယူပြီးနောက်ပိုင်း ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ နှစ်ပေါင်းများစွာကြာ စောင့်ဆိုင်းနေရတာပါ။
အတ္တလန်တာအသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် လေဗာကူဆင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆုဖလား မရယူနိုင်မှုကို အဆုံးသတ်နိုင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။
Source: ESPN